အင်းဒင်ရွာ အသတ်ခံရသူတစ်ဦးရဲ့ဇနီး ဒေါ်လာ နှစ်သန်း နစ်နာကြေးတောင်း

19-Dec-2020

ဆဲသာရာဘေဂမ် (Setara Begum ) ရဲ့ ခင်ပွန်းဖြစ်သူ အသက် ၂၃ နှစ်အရွယ် ရှော်ကတ်အုလ္လာ (Shoket Ullah) ဟာ ၂၀၁၇ ခုနှစ် စက်တင်ဘာလက အင်းဒင်ကျေးရွာမှာ အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုခံရပြီး မြေမြှုပ်ခံလိုက်ရတဲ့ အမျိုးသား ၁၀ ယောက်ထဲက တစ်ယောက်ဖြစ်ပါတယ်။

၂၀၁၇ ခုနှစ်က ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ တပ်မတော်ရဲ့ နယ်မြေရှင်းလင်းရေးအတွင်း ရှော်ကတ်အုလ္လာ အပါအဝင် အင်းဒင်ကျေးရွာက ရိုဟင်ဂျာ ၁၀ ယောက် သတ်ဖြတ်ခံခဲ့ရပါတယ်။

ရှော်ကတ်အုလ္လာ (Shoket Ullah ) သေဆုံးမှုအတွက် ဇနီးဖြစ်သူ ဆဲသာရာဘေဂမ် (Setara Begum) က ခင်ပွန်းဖြစ်သူ သေဆုံးမှုမှာ မြန်မာအစိုးရမှာ တာဝန်ရှိတယ်ဆိုပြီး နစ်နာကြေး ဒေါ်လာ နှစ်သန်း ပေးဖို့ လူဇင်ဘာ့ဂ်နိုင်ငံအခြေစိုက် International Law Firms နဲ့ ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့အခြေစိုက် Legal Action Worldwide (LAW) အဖွဲ့တွေ အကူအညီနဲ့ ဒီဇင်ဘာ ၁၀ ရက်နေ့က တောင်းဆိုထားတာပါ။

ဆဲသာရာဘေဂမ် (Setara Begum) က ခင်ပွန်းဖြစ်သူရဲ့ သေဆုံးမှုအတွက် တရားမျှတမှု လိုချင်တယ်လို့ စကားပြန်က တစ်ဆင့် RFA ကို ပြောပါတယ်။

"ကလေးတွေနဲ့ တော်တော်လေး ဒုက္ခရောက်နေတယ်၊ ဒေါ်လာ နှစ်သန်းရတောင် မကျေနပ်ဘူး၊ ကျမ ယောက်ျားအသတ်ခံရတာကို ကိုယ်တိုင်မြင်တယ်၊ ဒါကြောင့် တရားမျှတမှုကို လိုချင်တယ်။"

အခုအစိုးရဆီက တောင်းဆိုထားတဲ့ လုပ်ငန်းစဉ်နဲ့ပတ်သက်လို့တော့ ရှေ့နေတွေကိုသာ မေးဖို့ တုံ့ပြန်ပါတယ်။

သေဆုံးသူ ရှော်ကတ်အုလ္လာဟာ ငါးဖမ်းတဲ့ တံငါသည်ဖြစ်ပြီး စစ်တပ်က စွပ်စွဲသလို အကြမ်းဖက်သမား မဟုတ်ဘူးလို့လည်း ဆဲသာရာဘေဂမ် က ပြောပါတယ်။

လက်ရှိ ဘေဂမ် ဟာ ဘင်္ဂလားဒေ့ရ်ှနိုင်ငံ ကုတုပါလောင် ဒုက္ခသည်စခန်း အမှတ် (၄) မှာ အသက် ၃ နှစ်အရွယ် သမီးငယ်နဲ့အတူ နေထိုင်နေပါတယ်။

ခင်ပွန်းမရှိတာကြောင့် ရှာဖွေကျွေးမွေးမယ့်သူ မရှိတာကြောင့် နိုင်ငံတကာအဖွဲ့အစည်းတွေ ထောက်ပံ့တာကို ပဲ မှီခိုနေရလို့ အခက်အခဲရှိတယ်လို့လည်း ဘေဂမ် က ဆိုပါတယ်။

ဒီကိစ္စမှာ ကူညီပေးနေတဲ့ ဂျနီဗာအခြေစိုက် Legal Action Worldwide (LAW) အဖွဲ့ကို RFA က အီးမေးလ်က တစ်ဆင့် ဆက်သွယ်မေးမြန်းရာမှာ မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင်ဆီ အမှုတွဲ တင်ပြထားတယ်လို့ RFA ကို ဖြေပါတယ်။

မျက်မြင်သက်သေထွက်ဆိုချက်ပါ စာမျက်နှာ ၃ဝ နီးပါးရှိတဲ့ အဲဒီအမှုတွဲမှာ ဆဲသာရာဘေဂမ် ရဲ့ ခင်ပွန်း တရားမဝင် သတ်ဖြတ်ခြင်းခံခဲ့ရတဲ့ အင်းဒင်ကျေးရွာမှာ ဖြစ်ပွားခဲ့တဲ့ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုအပေါ် မြန်မာအစိုးရအနေနဲ့ တုံ့ပြန်ဆောင်ရွက်မှုမရှိတဲ့အကြောင်းနဲ့ သက်သေအထောက်အထောက်တွေ ပါဝင်တယ်လို့လည်း ဆိုပါတယ်။

လူ့အခွင့်အရေးကော်မရှင်အနေနဲ့ ဒီတိုင်ကြားချက်ကို လက်ခံရရှိပြီးဖြစ်တဲ့အတွက် အချိန်တန်ရင် အကြောင်း ပြန်လာမယ်ဆိုပြီးလည်း မျှော်လင့်ကြောင်း ပြောထားပါတယ်။

မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင်ဆီကို ဦးတိုက်လျှောက်ထားတဲ့ နစ်နာကြေး တောင်းဆိုမှုကတော့ ရိုဟင်ဂျာတွေကြားမှာ ပထမဆုံးပဲလို့ ဆိုပါတယ်။

မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင်ထံ ဒီတိုင်ကြားချက်နဲ့ပတ်သက်ပြီး ဒီဇင်ဘာ ၁၄ ရက်နေ့က မေးမြန်းရာမှာတော့ ကော်မရှင်ရဲ့ ညွှန်ကြားရေးမှူးက တိုင်ကြားချက် မရောက်သေးဘူးလို့ ဖြေထားပါတယ်။ ဒီနေ့ ထပ်မံဆက်သွယ်ရာမှာတော့ ညနေ ၃ နာရီအထိ ဖုန်းလက်ခံဖြေကြားခြင်း မရှိသေးပါဘူး။

လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ပတ်သက်လို့ လျော်ကြေးတောင်းတာတွေဟာ နိုင်ငံတကာမှာ စီးပွားရေး လုပ်ငန်းရှင်တွေကိုသာ တောင်းဆိုလေ့ရှိပြီး လူသေဆုံးမှုအတွက် ရိုဟင်ဂျာအမျိုးသမီးက မြန်မာအစိုးရကို အခုလိုတောင်းဆိုတာက ပထမဆုံးနဲ့ ထူးခြားတဲ့ကိစ္စလို့ ရန်ကုန်မြို့အခြေစိုက် လူ့အခွင့်အရေးလှုပ်ရှားတဲ့ အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ ညီမျှခြင်းမြန်မာအဖွဲ့ ဒါရိုက်တာ ဦးအောင်မျိုးမင်းက ပြောပါတယ်။

ဒီအမှုကိစ္စကို မြန်မာအစိုးရဘက် မဖြေရှင်းရင် ဘာဆက်ဖြစ်လာနိုင်မလဲလို့ မေးမြန်းရာမှာတော့ ဦးအောင်မျိုးမင်းက ---

"နိုင်ငံတကာတရားရုံးမှာ တရားစွဲဖို့ကိစ္စကတော့ မဖြစ်မနေ အစိုးရတစ်ရပ်ကို လာပြီး အမှုရင်ဆိုင်ဖို့ ဆင့်ခေါ်ပိုင်ခွင့်လည်း မရှိဘူး၊ သက်ဆိုင်ရာစွပ်စွဲခံရတဲ့ အစိုးရရဲ့ ပူးပေါင်း ဆောင်ရွက်မှုအပေါ် အများကြီး မူတည်ပါတယ်၊ ဒီကိစ္စနဲ့ပတ်သက်လို့ နိုင်ငံတကာမှာ တရားစွဲပိုင်ခွင့်ရှိတယ်၊ ဒီစွဲတဲ့ကိစ္စကို သက်ဆိုင်ရာ နိုင်ငံက ဘယ်လောက်ထိ ကိုယ်ဂုဏ်သိက္ခာအတွက် ပြန်လည်ပြီးတော့ ရင်ဆိုင်မလဲ၊ ချေပမလဲ အစိုးရရဲ့ အဲဒီဆုံးဖြတ်ချက်အပေါ်မှာ မူတည်ပါလိမ့်မယ်။"

ICJ ကိစ္စမှာ မြန်မာနိုင်ငံအပေါ် စွပ်စွဲချက်တွေကို မြန်မာအစိုးရက တရားရုံးမှာ ခုခံချေပခဲ့ပြီး ပြီးခဲ့တဲ့ တပ်မတော်အစိုးရလက်ထက်မှာတော့ မန္တလေးဘီယာကို ဦးပိုင်ကုမ္ပဏီက ဝင်ရောက်သိမ်းတာကြောင့် နိုင်ငံတကာ တရားရုံးမှာ တရားစွဲပေမယ့် ဦးပိုင်ကုမ္ပဏီနဲ့ တပ်မတော်က မဖြေရှင်းတဲ့အတွက် နိုင်ငံတကာ တရားရုံးမှာ စီရင်နိုင်တဲ့ အနေအထားမတွေရဘူးလို့ ဦးအောင်မျိုးမင်းက အရင်ဖြစ်စဉ်တချို့နဲ့ နှိုင်းယှဉ် ရှင်းပြပါတယ်။

မြန်မာအစိုးရကို ဒေါ်လာ နှစ်သန်း ရလိုမှုနဲ့ တိုင်ကြားထားတာနဲ့ ပတ်သက်ပြီး တိုင်ကြားစာ လက်ခံရရှိ ထားပါသလား၊ ဘယ်လိုဖြေရှင်းသွားမလဲဆိုတာ နိုင်ငံတော် သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးကို RFA က ဆက်သွယ်မေးမြန်းထားပေမယ့် ၅ ရက်ကြာတဲ့အထိ ပြန်လည်ဖြေကြားခြင်းမရှိပါဘူး။

နိုင်ငံတကာလူ့အခွင့်အရေးဥပဒေတွေအရ လူ့အခွင့်အရေးချိုးဖောက်မှုတွေမှာဆိုရင် ချိုးဖောက်သူတွေကို အရေးယူရသလို နစ်နာသူတွေကို ပြန်လည်ကုစားပေးရတာတွေ ရှိပြီး မြန်မာအစိုးရအနေနဲ့ အင်းဒင်ကိစ္စမှာ အရေးယူခဲ့ပေမယ့် နစ်နာသူတွေကို ပြန်လည်ကုစားဖို့ ပျက်ကွက်နေတယ်လို့ အရှေ့တောင်အာရှ အခြေစိုက် Fortify Rights အဖွဲ့က ကိုနစ်ကီဒိုင်းမွန်းက ထောက်ပြပါတယ်။

ဒီလိုချိုးဖောက်မှုတွေကို တာဝန်မယူဘူးဆိုရင် အစိုးရအနေနဲ့ နိုင်ငံတကာဖိအားတွေ များနိုင်သလို၊ လူမျိုးတုံး သတ်ဖြတ်မှုနဲ့ ရင်ဆိုင်နေရတဲ့ နိုင်ငံတကာ တရားရုံး ICJ မှာလည်း အခြေအနေမကောင်းနိုင်ဘူးလို့ ကိုနစ်ကီဒိုင်းမွန်းက ပြောပါတယ်။

"အစိုးရက လူ့အခွင့်ရေးချိုးဖောက်မှုတွေကို မျက်နှာလွှဲ ခဲပစ်လုပ်တယ်၊ ချိုးဖောက်ခံရသူတွေကို တာဝန်ယူမှု၊ တာဝန်ခံမှုမရှိဘူးဆိုတာ နိုင်ငံတကာမှာ ပိုပြီးတော့ မျက်နှာပျက်စရာဖြစ်မယ်၊ ဖိအားတွေ ပိုများလာမယ်၊ ချိုးဖောက်ခံရမှုတွေမှာ ချိုးဖောက်သူတွေကို အပြစ်ပေးအရေးယူပြီးတာနဲ့ တစ်ပြိုင်နက် ကျုးလွန်ခံရသူတွေကို တာဝန်ယူရမှာက အစိုးရတာဝန်ဖြစ်တယ်၊ အစိုးရက တာဝန်မယူနိုင်ဘူး ပျက်ကွက်မှု ဖြစ်တယ်ဆိုရင် နိုင်ငံတကာရဲ့ ဖိအားတွေရယ်၊ ပျက်ကွက်မှုဟာ ဒီအစိုးရရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုဖြစ်တယ်ဆိုပြီး ရင်ဆိုင်ရမယ်၊ ရင်ဆိုင်ရတာက ICJ မှာလည်း အလားအလာမကောင်းနိုင်ဘူး၊ နောက်တစ်ခုက ICC အတွက်လည်း အလားအလာမကောင်းနိုင်ဘူး။"

အင်းဒင်ကျေးရွာက လူအစုလိုက် အပြုံလိုက် အသတ်ခံရမှုဟာ နိုင်ငံတကာကပါ စိတ်ဝင်တစား တစိုက်မတ်မတ် စောင့်ကြည့်ခဲ့တဲ့ ဖြစ်စဉ်ပါ။ ဒီဖြစ်စဉ်မှာ ကျူးလွန်တဲ့ တပ်မတော်သား ၇ ယောက်ကို တပ်မတော်ဘက်က စစ်ခုံရုံးနဲ့ စုံစမ်းစစ်ဆေးပြီး အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၁၀ နှစ်စီ ချမှတ်ခဲ့ပေမယ့် တစ်နှစ်တောင် မကြာဘဲ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရဲ့ အမိန့်နဲ့ လွတ်ငြိမ်းချမ်းသာခွင့်ရခဲ့တာကို မြန်မာအစိုးရကို နိုင်ငံတကာက ကန့်ကွက်ရှုတ်ချခဲ့ပါတယ်။

အင်းဒင်ကိစ္စမှာ မြန်မာအစိုးရက နစ်နာကြေး အတောင်းခံရတာနဲ့ပတ်သက်လို့ တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က မေးမြန်းရာမှာတော့ ဥပဒေအတိုင်း ဆောင်ရွက်ထားတာတွေဖြစ်ပြီး မှတ်ချက်မပေးလိုဘူးလို့ တုံ့ပြန်ပါတယ်။

"တရားဥပဒေအတိုင်းဘဲ ဆက်လုပ်တာ ကောင်းပါတယ်၊ မြန်မာနိုင်ငံမှာ တည်ဆဲဥပဒေတွေ ရှိပြီးသား ဖြစ်တယ်၊ ဘာပြစ်မှုကျူးလွန်ရင်ဘာလုပ်ရမယ်၊ ဥပဒေအတိုင်းဘဲ ဥပဒေအရ ဖောက်ဖျက်ရင် ဥပဒေအရ အရေးယူပြီးရင် ဒါတွေနဲ့ပတ်သက်ပြီး ဆက်လက်ပြီး ဆောင်ရွက်နိုင်တာရှိမလား မရှိဘူးလားဆိုတာ ဥပဒေမှာ ပြဌာန်းပြီးသားဖြစ်တယ်၊ ဒါနဲ့ပတ်သက်ပြီး ဘာမှတ်ချက်မှ ပေးစရာမရှိဘူး။"

ဘေဂမ် ဟာ အင်းဒင်ရွာက ရိုဟင်ဂျာအမျိုးသား ၁၀ ဦး အသတ်ခံရမှုတွေထဲမှာ မြန်မာအစိုးရဆီက နစ်နာကြေးတောင်းတဲ့ တစ်ဦးတည်းသော နစ်နာသူရဲ့ မိသားစုဝင်ဖြစ်ပါတယ်။

ဘေဂမ်ရဲ့ အခုလို လုပ်ဆောင်ချက်ဟာ ၂၀၁၇ ခုနှစ်က ရခိုင်ပြည်နယ် မြောက်ပိုင်းအတွင်း အကြမ်းဖက် ဖြိုခွဲခံရမှုတွေရဲ့ သက်ရောက်မှုကို ခံခဲ့ရတဲ့ ရိုဟင်ဂျာတွေဆီကနေ တခြားတိုင်ကြားချက်တွေ ထွက်ပေါ် လာအောင် အားပေးလှုံ့ဆော်နိုင်လိမ့်မယ်လို့လည်း LAW အဖွဲ့က သုံးသပ်ထားပါတယ်။

မြန်မာနိုင်ငံမှာ ဒီလိုအမှုကိစ္စတွေနဲ့ပတ်သက်တဲ့ ဥပဒေပြဌာန်းချက်တွေ ရှိမရှိနဲ့ ဘယ်လိုကိုင်တွယ် ဖြေရှင်းလေ့ရှိလဲဆိုတာကို တရားလွှတ်တော်ရှေ့နေ ဦးသိန်းသန်းဦး က

"ဒါကလည်း အဲလိုအချက်တစ်ခုအတွက် ထပ်ကျပ်တဲ့သဘော၊ ဝက်အူရစ် ထပ်တင်းတဲ့သဘောဗျ၊ ကျနော်မြင်တာတော့လေ၊ အကျိုးသက်ရောက်မှုက သိပ်ရှိမှာမဟုတ်ဘူး၊ ဘယ်လျော်ပါမလဲ၊ ဘာဖြစ်လို့လည်းဆိုတော့ သူတို့ရဲ့တရားစီရင်ရေးက ဆိုင်ရာဆိုင်ရာနယ်ပယ်မှာ စီရင်ပိုင်ခွင့်နယ်မြေဆိုတာ ရှိတယ်၊ မြန်မာပြည်တွင်းမှာဖြစ်ခဲ့တဲ့ လူသတ်မှုတစ်ခုအတွက်နဲ့ ပြည်တွင်းလာစွဲရင် တစ်မျိုးပေါ့ဗျာ၊ ပြည်တွင်းတရားရုံးမှာ တောင်းဆိုရင်တစ်မျိုး အပြင်ကနေ အဲလိုတောင်းဆိုမယ်ဆိုရင်တော့ ခက်တယ်လို့ ကျနော်ထင်တယ်၊ ဒီကိစ္စကို သာမန်လူသတ်မှုကနေပြီးတော နိုင်ငံတကာနဲ့ဆိုင်တဲ့ လူသတ်မှု ဖြစ်လာအောင် လုပ်နေတာ ပုံဖော်နေတာဖြစ်လိမ့်မယ်။"

၂၀၁၇ ခုနှစ် ရခိုင်ပြည်နယ် မြောက်ပိုင်းအတွင်း မြန်မာ့တပ်မတော်ရဲ့ နယ်မြေရှင်းလင်းရေး လုပ်ငန်းစဉ်တွေ ကြောင့် ရိုဟင်ဂျာ ၇ သိန်းကျော် ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲ ထွက်ပြေး တိမ်းရှောင်ခဲ့ရတယ်လို့ နိုင်ငံတကာ အဖွဲ့အစည်းတွေက ပြောထားပါတယ်။

ဒီဖြစ်ရပ်တွေကြောင့် မြန်မာအစိုးရဟာ လူမျိုးတုံး သတ်ဖြတ်မှု စွဲချက်နဲ့ နိုင်ငံတကာ တရားရုံး ICJ မှာ အမှုရင်ဆိုင်ခဲ့ရပြီး ကြားဖြတ်စီရင်ချက်တွေ ချမှတ်ခံထားရတာဖြစ်ပါတယ်။ ရိုဟင်ဂျာအမျိုးသမီး ဆဲသာရာဘေဂမ် (Setara Begum) ရဲ့ တောင်းဆိုမှုကို အစိုးရက ဘယ်လိုကိုင်တွယ် ဖြေရှင်းမလဲဆိုတာ တရားဝင်တုံ့ပြန်တာမရှိသေးတဲ့အတွက် စောင့်ကြည့်ရဦးမှာဖြစ်ပါတယ်။

RFA Burmese