ဒေါ်လာ ၁၀၀၀ တန် ငွေစက္ကူထုတ်ဝေခြင်းကို ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၁ ရက်မှစ၍ စင်ကာပူ ရပ်ဆိုင်းမည်

04-Nov-2020

စင်ကာပူ နိုဝင်ဘာ ၃

ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်လှုပ်ရှားမှုများအတွက် ငွေကြေးလွှဲပြောင်းမှုများကို လျှော့ချနိုင်ရေးအတွက် လာမည့် ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၁ ရက်မှစတင်ကာ ဒေါ်လာ ၁၀၀၀ တန် ငွေစက္ကူထုတ်ဝေခြင်းအား ရပ်ဆိုင်းတော့မည်ဖြစ်ကြောင်း စင်ကာပူငွေကြေးအာဏာပိုင်အဖွဲ့က ယနေ့ ထုတ်ပြန်ကြေညာလိုက်သည်။

ယခုထုတ်ပြန်သည့်ကာလမှ ဒီဇင်ဘာလအထိ ဒေါ်လာ ၁၀၀၀ တန် ငွေစက္ကူများကို လစဉ်အရွက်ရေ အကန့်အသတ်ဖြင့်သာ ထုတ်ဝေတော့မည်ဖြစ်သည်။ တန်ဖိုးမြင့်ငွေစက္ကူများကို အသုံးပြုပြီး အကြမ်းဖက် တိုက်ခိုက်မှုနှင့် ငွေကြေးခဝါချမှုများ လွှဲပြောင်းလုပ်ဆောင် ရန် လွယ်ကူခြင်းကြောင့် ထုတ်ဝေမှုကို လာမည့်နှစ်ဦး ကာလမှစတင်ပြီး ရပ်ဆိုင်းမည်ဖြစ်သော်လည်း အဆိုပါ ငွေစက္ကူများကို တရားဝင်ဆက်လက်အသုံးပြုနိုင်မည် ဖြစ်ကြောင်း သိရသည်။ စင်ကာပူနိုင်ငံသည် ၂၀၁၄ ခုနှစ် တွင် ကမ္ဘာ့တန်ဖိုးအမြင့်ဆုံးဖြစ်သည့် ဒေါ်လာ ၁၀၀၀၀ တန် ငွေစက္ကူထုတ်ဝေမှုကို ရပ်ဆိုင်းခဲ့ပြီးဖြစ်သည်။

ပြည်သူများအနေဖြင့် တန်ဖိုးမြင့်ငွေစက္ကူများကို ကိုင်တွယ်သုံးစွဲခြင်းထက် လုံခြုံမှုနှင့် လျင်မြန်မှု အားသာချက်ရှိသည့် အီလက်ထရွန်နစ်ငွေကြေးလွှဲပြောင်းမှုကို ဆောင်ရွက်ရေး စင်ကာပူငွေကြေး အာဏာပိုင်အဖွဲ့က တိုက်တွန်းထားသည်။

ကိုးကား-စီအင်န်အေ၊

ဘာသာပြန်-မေလဲ့သင်း