အရေးပေါ်အခြေအနေမှသာ ဆေးရုံ၊ ဆေးခန်းများသို့ လာရောက်ပြသမှုများရှိ

12-Dec-2020

ရန်ကုန်    ဒီဇင်ဘာ   ၁၁

ကိုဗစ်-၁၉ ရောဂါပိုး စစ်ဆေးတွေ့ရှိမှု ရာခိုင်နှုန်းအား ဖြင့် အနည်းငယ် ကျဆင်းသွားသည်ဟု ထင်ရသော် လည်း ကူးစက်မှုများ  ဆက်လက်ရှိနေပြီး  တချို့ လူနာများမှာ စစ်ဆေးကုသမှုများ  မခံယူဘဲ  အိမ်၌ နေ၍ အရေးပေါ်အခြေအနေမှသာ ဆေးရုံ၊ ဆေးခန်း များသို့   လာရောက်ကြသည်ကို    တွေ့ရှိရကြောင်း ဖျားနာကုဆေးခန်းများကွန်ရက်(ရန်ကုန်) တာဝန်ခံ ဒေါက်တာကျော်မင်းထွန်းက ကြေးမုံသို့ ပြောကြား သည်။

“ရာခိုင်နှုန်းအားဖြင့်      အနည်းငယ်ကျသွား တယ်လို့   ထင်ရပေမယ့်  ပြဿနာက  ဘာလဲဆိုတော့ လူတွေက ဆေးမစစ်တော့ဘူး။ ဆေးခန်းမလာကြ တော့ဘူး။   အိမ်မှာပဲနေကြတာ   များလာတယ်။  အိမ်မှာပဲ ဆေးသောက်တယ်။ နေတယ်။  အခြေအနေ မကောင်းမှ ဆေးခန်းလာပြတယ်။ အဲဒီလိုမျိုးတွေ များလာတယ်။ အဓိကကတော့ လာမစစ်ကြလို့ ရာခိုင် နှုန်းနည်းသွားတဲ့ သဘောပါ”ဟု ၎င်းက ပြောသည်။

လက်ရှိတွင် ဖျားနာကုဆေးခန်းအချို့၌ တစ်နေ့လျှင် လူနာဦးရေ ၃၀ နှင့် ၅၀ ကြားရှိပြီး အချို့ဆေးခန်းများ၌ လူနာဦးရေ ၅၀ နှင့် ၁၀၀ ကြား လာရောက် ပြသကြောင်း၊  ထိုသို့လာရောက်ပြသသည့်  လူနာများထဲတွင်  အရေးပေါ် အခြေအနေမှသာ   လာရောက်ပြသသည့်သူများလည်း  ပါဝင်လာကြောင်း သိရသည်။

“တော်တော်များက အချိန်တန်ရင် ပြန်ကောင်းသွားမယ်။ ကွာရန်တင်း ဝင်ရရင် အလုပ်ရှုပ်မယ်။ စင်တာတွေသွားရမယ်။ အဲဒီလိုစိတ်တွေကြောင့် မလာ ကြဘူး။ ပေါ့လာကြတယ်။ လူငယ်ပိုင်းတွေ တော်တော်များများ မလာကြတော့ ဘူး။ အသက်ကြီးပိုင်းတွေ လာရင်တောင်မှ အောက်ဆီဂျင်ကျတယ်၊ မောတယ် အဲဒီလိုအခြေအနေမှ ရောက်လာကြတာများတယ်။ အရေးပေါ်အခြေအနေကျမှ ရောက်လာကြတယ်”ဟု ၎င်းက ပြောသည်။

“လူတွေက အိမ်မှာ နေကြည့်တယ်၊  အဆင်ပြေမလားပေါ့။ အဆင်မပြေ တော့မှ ဆေးရုံ၊ ဆေးခန်းလာကြတယ်။ ပိုးတွေ့မှုက လျော့သွားတာမဟုတ်ဘူး။ တကယ်တမ်း လာအစစ်ဆေး မခံကြတာ။ အိမ်မှာနေတယ်။ Report မလုပ်ဘူး။ မလုပ်တော့ Data မဝင်ဘူး။ အဓိကအဲဒီပြဿနာတွေ ဖြစ်နေတယ်။ တကယ်တော့ ကူးစက်မှုကများနေဆဲပဲ မစစ်ကြလို့ပါ”ဟု ၎င်းက ဆက်လက်ပြောသည်။

ပြည်သူများအနေဖြင့် အနံ့ပျောက်၊ ဖျားနာ၊ ချောင်းဆိုး၊ မောပန်း၊ အသက် ရှူကျပ် စသည့် ကိုဗစ်-၁၉ ရောဂါလက္ခဏာ တစ်စုံတစ်ရာခံစားရပါက ဖြစ်ဖြစ် ချင်း နီးစပ်ရာ ဆေးရုံ၊ ဖျားနာကုဆေးခန်းများသို့ သွားရောက်ပြသရန် လိုအပ် ကြောင်း ယင်းသို့ အချိန်မီ သွားရောက်ပြသပါမှ လိုအပ်သည့် စစ်ဆေးကုသမှုများ ကို စောလျင်စွာ ခံယူနိုင်ပြီး အသက်ဆုံးရှုံးမှုအန္တရာယ်မှ  ကင်းဝေးနိုင်မည်ဖြစ် ကြောင်း သိရသည်။

ဒီဇင်ဘာ ၁ ရက်မှ ၁၁ ရက်အထိ ပိုးတွေ့ရှိမှုရာခိုင်နှုန်းမှာ ဒီဇင်ဘာ ၁ ရက်တွင် ၇ ဒသမ ၈ ရာခိုင်နှုန်း၊ ဒီဇင်ဘာ ၂ ရက်တွင် ၇ ဒသမ ၂ ရာခိုင်နှုန်း၊ ဒီဇင်ဘာ ၃ ရက်တွင် ၆ ဒသမ ၂ ရာခိုင်နှုန်း၊ ဒီဇင်ဘာ ၄ ရက်တွင် ၇ ဒသမ ၀ ရာခိုင်နှုန်း၊ ဒီဇင်ဘာ ၅ ရက်တွင် ၆ ဒသမ ၆ ရာခိုင်နှုန်း၊ ဒီဇင်ဘာ ၆ ရက်တွင် ၆ ဒသမ ၀ ရာခိုင်နှုန်း၊ ဒီဇင်ဘာ ၇ ရက်တွင် ၆ ဒသမ ၆ ရာခိုင်နှုန်း၊ ဒီဇင်ဘာ ၈ ရက်တွင် ၅ ဒသမ ၆ ရာခိုင်နှုန်း၊ ဒီဇင်ဘာ ၉ ရက်တွင် ၆ ဒသမ ၉ ရာခိုင်နှုန်း၊ ဒီဇင်ဘာ ၁၀ ရက်တွင် ၅ ဒသမ ၉ ရာခိုင်နှုန်း၊ ဒီဇင်ဘာ ၁၁ ရက်တွင် ၆ ဒသမ ၆ ရာခိုင်နှုန်းရှိကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက် အရ သိရသည်။

သတင်း-အေးမင်းသူ၊

ဓာတ်ပုံ-SPT-FC