ကန်၊ အီးယူနဲ့ UK ၂၀၂ဝ မြန်မာ့ရွေးကောက်ပွဲကို ချီးကျူး

09-Nov-2020

ဒီမိုကရေစီလမ်းကြောင်းပေါ် သွားနေတဲ့ မြန်မာနိုင်ငံမှာ နောက်ထပ်အရေးပါတဲ့ မှတ်တိုင်တခုကို ရောက်ခဲ့နိုင်တဲ့အတွက် မြန်မာပြည်သူတွေကို ချီးကျူးဂုဏ်ပြုကြောင်း ရန်ကုန်မြို့ အမေရိကန်သံရုံးက ပြောကြားပါတယ်။ စိန်ခေါ်မှုတွေ အများ အပြားရှိနေသေးတဲ့ မြန်မာနိုင်ငံက ပိုပြီး ဒီမိုကရေစီနည်းလမ်းကျ၊ ငြိမ်းချမ်း၊ သာယာဝပြောတဲ့ လမ်းဆီ ဆက်သွားတဲ့နေရာမှာ အမေရိကန်ပြည်ထောင်စုက မိတ်ဆွေ၊ မိတ်ဖက်အနေနဲ့ ဆက်လက်ပြီး မြန်မာပြည်သူတွေနဲ့ လက်တွဲသွားမယ်လို့ အမေရိကန်သံရုံးရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ မြန်မာနိုင်ငံနိုင်အခြေစိုက် USAID အမေရိကန် နိုင်ငံတကာ ဖွံ့ဖြိုးရေးအေဂျင်စီ ဌာနေညွှန်ကြားရေးမှူး Aler Grubbs နဲ့အတူ ရန်ကုန်မြို့က မဲရုံတချို့ကိုလေ့လာခဲ့တဲ့ သံရုံးယာယီတာဝန်ခံ Gwen Cardno ကလည်း

“မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ အသက်ဝင်နေတာ မြင်ရတာ ကောင်းမွန်လှတယ်။” လို့ ပြောကြားကြောင်း သံရုံးရဲ့ Facebook စာမျက်နှာမှာ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံမှာ ကိုဗစ်ကပ်ရောဂါကြောင့် စိန်ခေါ်မှုတွေ ရှိနေတဲ့ကြားက ရွေးကောက်ပွဲမှာ မဲပေးသူတွေ များပြားတာနဲ့ ရွေးကောက်ပွဲကို ငြိမ်းချမ်းစွာ ကျင်းပနိုင်ခဲ့တဲ့အပေါ်မှာ EU ဥရောပသမဂ္ဂက ကြေညာချက် ထုတ်ပြန်ချီးကျူးထားပါတယ်။ နိုဝင်ဘာ ၈ ရက်နေ့က ကျင်းပတဲ့ ရွေးကောက်ပွဲဟာ မြန်မာနိုင်ငံဒီမိုကရေစီ အသွင်ကူးပြောင်းရေးအတွက် အရေးကြီးတဲ့ နောက်ထပ် မှတ်တိုင်တခုဖြစ်ကြောင်းနဲ့ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီလုပ်ငန်းစဉ်တွေကို EU က ဟိုးအရင်ထဲက ထောက်ခံနေကြောင်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ရိုဟင်ဂျာတွေအပါအဝင် မြန်မာနိုင်ငံထဲမှာ လူမျိုးရေး၊ ဘာသာရေးလူနည်းစုတွေအားလုံး နိုင်ငံသားနဲ့ နိုင်ငံရေးအခွင့်အရေးတွေ ရရှိနိုင်ရေးအတွက်ကိုလည်း EU အဖွဲ့ဝင်နိုင်ငံတွေက တောင်းဆိုကြောင်းလည်း ဖော်ပြထားပါတယ်။ ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို မြန်မာအစိုးရကတော့ လက်မခံထားပါဘူး။

မြန်မာပြည်သူတွေ ခက်ခက်ခဲခဲရရှိထားတဲ့ မဲပေးနိုင်ခွင့်နဲ့ ပြည်သူအများအများအပြား မဲပေးခဲ့ကြတာ မြင်ရတဲ့အပေါ် ဝမ်းသာတယ်လို့ ဗြိတိန်အစိုးရကလည်း ကြေညာချက်ထုတ်ပြန်ပါတယ်။ စစ်အာဏာရှင်စနစ်ကနေ ဒီမိုကရေစီစနစ်ကို အသွင်ပြောင်းနေတဲ့ မြန်မာနိုင်ငံမှာ ၂၀၂၀ ရွေးကောက်ပွဲဟာ ထူးခြားတဲ့မှတ်တိုင်တခုဖြစ်တယ်လို့ ဗြိတိန်နိုင်ငံခြားရေးဌာန အာရှဒေသဆိုင်ရာ သံအမတ်ကြီး Nigel Adams ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ မြန်မာပြည်သူတွေလိုလားတဲ့ ငြိမ်းချမ်းရေးနဲ့ ပြည့်ဝတဲ့ ဒီမိုကရေစီစနစ်အတွက် ဗြိတိန်နိုင်ငံက ဆက်ပြီး ထောက်ခံအားပေးသွားမယ်လို့ ကြေညာချက်ထဲမှာ ပြောကြားထားပါတယ်။ တနင်္ဂနွေနေ့က ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲ တရားဝင် မဲရလဒ်တွေကို စတင်ကြေညာနေတာမှာ လက်ရှိအာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီက နေရာအများစုမှာ အနိုင်ရနေပုံရပါတယ်။

မြန်မာနိုင်ငံရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ နောက်ဆုံးရ သတင်းပေးပို့ချက်တွေကို နောက်ပိုင်းမှာလည်း ထုတ်လွှင့်ပေးဦးမှာဖြစ်ပါတယ်။

Crd VOA News

ရွေးကောက်ပွဲအလွန် ကပ်ရောဂါသတိထားဖို့ ကျန်းမာရေးဝန်ထမ်းတွေ တိုက်တွန်း