မြန်မာနိုင်ငံအတွင်း ပြည်ထောင်စုလမ်းမကြီးများ လမ်းပန်းဆက်သွယ်ရေး လုံခြုံချောမွေ့စေရန် အဆင့်မြှင့်တင်နိုင်ခဲ့ပြီ

25-Oct-2020

ရန်ကုန်-ပုသိမ်လမ်း အဆင့်မြှင့်တင်ခြင်း

ရန်ကုန်မြို့မှ ပုသိမ်မြို့သို့ ဆက်သွယ် ထားသော ရန်ကုန်-ပုသိမ်လမ်းမကြီးသည် လမ်းအရှည် ၁၁၃ မိုင် ၂ ဖာလုံရှိပါသည်။ ရန်ကုန်မြို့မှ ပုသိမ်မြို့နှင့် ချောင်းသာ၊ ငွေဆောင်ဒေသများသို့ ယာဉ်သွားလာမှု များပြားလာသောကြောင့် ရန်ကုန်-ပုသိမ် လမ်းကို လမ်း/တံတားများ တိုးချဲ့ပြီး အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများကို ၂၀၁၉ ခုနှစ်တွင် စတင်ဆောင်ရွက်ခဲ့ရာ ၂၀၂၀ ပြည့်နှစ် စက်တင်ဘာလအတွင်း လုပ်ငန်း များ ဆောင်ရွက်ပြီးဖြစ်ပါသည်။ ရန်ကုန် တိုင်းဒေသကြီး အပိုင်းတွင် မိုင်တိုင်(၅/၄ - ၇/၄)အထိ ၄၈ ပေအကျယ် ကွန်ကရစ် လမ်းနှင့် မိုင်တိုင် (၇/၄-၁၇/၄) အထိ ၃၆ ပေအကျယ် ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်းကို ဆောက်လုပ်ရေးဝန်ကြီးဌာနက ကြီးကြပ်၍ Oriental Highway Co., ltd မှ BOT စနစ်ဖြင့် ဆောင်ရွက်ကြောင်း သိရှိရ သည်။ ရန်ကုန်-ပုသိမ်လမ်း ဧရာဝတီတိုင်း ဒေသကြီးနယ်စပ် မိုင် ၁၇/၄ မှ ဗိုလ်မြတ် ထွန်းတံတား မိုင်တိုင် ၄၁/၃ အထိ လမ်း အရှည် ၂၃/၇ မိုင်ကို မူလ ၂၄ ပေအကျယ် ကတ္တရာလမ်းမှ ပေ ၃၀ အကျယ် ကွန်ကရစ် လမ်းအဖြစ် ဧရာဝတီတိုင်းဒေသကြီး လမ်းဦးစီးဌာန ခရိုင်၊ မြို့နယ်နှင့် လမ်းအထူး အဖွဲ့များမှ ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း များ ဆောင်ရွက်ကြသည်။

ကွန်ကရစ်လမ်းအသစ်နှင့် လမ်းပခုံး၊ မြေကြီးတာပေါင်များ ကြံ့ခိုင်မှုရှိစေရန် အတွက် သံမဏိပြား ပိုင်တိုင် (Steel Sheet Piles)များရိုက်ခြင်းကိုလည်း ဆောင်ရွက် ကြောင်း သိရှိရသည်။ အဆိုပါ လမ်းပိုင်းရှိ တံတားငယ်များကိုလည်း မူလ ၂၄ ပေ အကျယ်မှ လေးလမ်းသွားကားလမ်း အကျယ်ရရန် ၅၂ ပေ အကျယ် တံတား ချဲ့ခြင်းလုပ်ငန်းများကို တံတားဦးစီးဌာနမှ ဆောင်ရွက်ကြောင်း သိရှိရပါသည်။ ပုသိမ် မြို့အထိ ကျန်ရှိနေသည့် မိုင်တိုင် ၄၁/၃ မှ ၁၁၃/၂ အထိ ကတ္တရာလမ်းပိုင်း အဆင့်မြှင့် တင်ခြင်းလုပ်ငန်းကို အာရှဖွံ့ဖြိုးရေးဘဏ် (ADB)မှ ချေးငွေရယူ၍ ဆောက်လုပ်ရေး ဝန်ကြီးဌာနက ဆောင်ရွက်သွားမည်ဖြစ် ကြောင်း သိရှိရသည်။

ရန်ကုန်- ပုသိမ်လမ်းသည် အရှေ့ အနောက်စီးပွားရေး စင်္ကြံလမ်းမကြီး၏ အစိတ်အပိုင်းတစ်ခု ဖြစ်သည်။ ပုသိမ်မှ တစ်ဆင့် ချောင်းသာ၊ ငွေဆောင်၊ ငရုတ်ကောင်းပင်လယ်ကမ်းခြေများသို့ သွား ရောက်နိုင်မည်ဖြစ်သည်။ ရန်ကုန်- ပုသိမ် လမ်းမကြီး အဆင့်မီဖြစ်ပေါ်လာခြင်း ကြောင့် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ဒေသခံပြည်သူများ၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်လာမည် ဖြစ်သည်။

ရန်ကုန်- မြဝတီ အရှေ့အနောက် စီးပွားရေး စင်္ကြံလမ်းမကြီး

ရန်ကုန်-သီလဝါအထူးစီးပွားရေးဇုန်မှ ကရင်ပြည်နယ် မြဝတီနယ်စပ်ကုန်သွယ် ရေးစခန်းသို့ ဆက်သွယ်ထားသော ရန်ကုန်- ပဲခူး- ကျိုက်ထို- သထုံ- ဘားအံ-မြဝတီလမ်မကြီးသည် အာရှလမ်းမကြီး အမှတ်(၁) (AH-1)နှင့် အရှေ့အနောက် စီးပွားရေး စင်္ကြံလမ်းမကြီးဖြစ်သည်။ သီလဝါနှင့် မြဝတီဆက်သွယ်ရာတွင် ခရီး တိုပြီး ပိုမိုမြန်ဆန်ရန်အတွက် ၆၂ ကီလို မီတာအရှည်ရှိသည့် ပဲခူး-ကျိုက်ထို အမြန် လမ်းမကြီးကို အာရှဖွံ့ဖြိုးရေးဘဏ်(ADB)မှ ချေးငွေရယူပြီး ဆောက်လုပ်ရေးဝန်ကြီးဌာန မှ အကောင်အထည်ဖော်ဆောင်ရွက်သွား မည်ဖြစ်သည်။ ယင်းလမ်းပေါ်ရှိ စစ်တောင်း မြစ်ကူးတံတား (ကျိုက်ထို)လေးလမ်းသွား တံတားသစ်တည်ဆောက်ရန် ဂျပန်နိုင်ငံ JICA ODA Loan မှ ချေးငွေရယူဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရှိရသည်။

ပဲခူး- ကျိုက်ထို- သထုံ- ဘားအံ လမ်း ပိုင်းကို ရွှေသံလွင်ကုမ္ပဏီမှ BOT စနစ်ဖြင့် လေးလမ်းသွား နိုင်လွန်ကတ္တရာလမ်း အဆင့် အထိ တိုးမြှင့်တည်ဆောက်ပြီးဖြစ်သည်။ ဘားအံ- မြဝတီလမ်း ဘားအံမြို့မှ အိန္ဒု လမ်းဆုံအထိလမ်းပိုင်းကို အေးကိုမိသားစု ဆောက်လုပ်ရေးအဖွဲ့မှ ၂၄ ပေအကျယ် နိုင်လွန်ကတ္တရာလမ်းအဖြစ် BOT စနစ်ဖြင့် ဆောင်ရွက်ထားသည်။ အိန္ဒု-ကော့ကရိတ် လမ်းပိုင်း(၆၆ ကီလိုမီတာ)ကို အာရှဖွံ့ဖြိုးရေး ဘဏ် ADBမှ ချေးငွေ အမေရိကန်ဒေါ်လာ သန်း ၁၂၀ ရယူ၍ ၁၀ မီတာအကျယ် နှစ်လမ်း သွား ကတ္တရာလမ်းကြီးအဖြစ် ဆောက်လုပ် ရေးဝန်ကြီးဌာနက ကြီးကြပ်ပြီး နိုင်ငံတကာ တင်ဒါစနစ်ဖြင့် ရွေးချယ်ထားသည့် (China Road and Bridge Corporation -CRBC) တရုတ်နိုင်ငံကုမ္ပဏီမှ အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိသည်။

၂၀၂၁ ခုနှစ်အတွင်း အိန္ဒု-ကော့ကရိတ် လမ်း နိုင်လွန်ကတ္တရာလမ်းခင်းခြင်း လုပ်ငန်း ပြီးစီးမည်ဖြစ်ပါသည်။ ရန်ကုန်-မြဝတီလမ်း မိုင် ၂၈၀ အတွင်း လမ်း/တံတားများ အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများကို နိုင်ငံ တော်၏ ခွင့်ပြုရန်ပုံငွေဖြင့် သော်လည်း ကောင်း၊ နိုင်ငံတကာအဖွဲ့ အစည်းများမှချေးငွေရယူ၍သော်လည်းကောင်း၊ နိုင်ငံသား ပုဂ္ဂလိကလုပ်ငန်းရှင်များက BOT စနစ်ဖြင့် သော်လည်းကောင်း အကောင်အထည်ဖော် ဆောင်ရွက်နေပါသည်။ ယခုအခါ ရန်ကုန်မှ မြဝတီအရောက် ၈ နာရီဖြင့် ခရီးပေါက်ခဲ့ပြီ ဖြစ်သည်။

ရန်ကုန်- ပဲခူး-ကျိုက်ထို- သထုံ-ဘားအံ - မြဝတီလမ်း အရှေ့အနောက်စီးပွားရေး စင်္ကြံလမ်းမကြီးကို အသုံးပြုပြီး မဟာမဲခေါင် ဒေသတွင်းနိုင်ငံများဖြစ်သော ဗီယက်နမ်၊ လာအို၊ ကမ္ဘောဒီးယား၊ ထိုင်းနိုင်ငံများနှင့် နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းများ ဆောင် ရွက်နိုင်တော့မည်ဖြစ်သည်။ သီလဝါအထူး စီးပွားရေးဇုန်နှင့် မြဝတီနယ်စပ်ကုန်သွယ် ရေးစခန်းတို့ချိတ်ဆက်၍ ကုန်စည်များ ပို့ဆောင်နိုင်တော့မည်ဖြစ်သည်။ ရန်ကုန်-သထုံ- ဘားအံ- မြဝတီ လမ်းမကြီး တစ်လျှောက်ရှိ ဒေသခံပြည်သူများအတွက် စားဝတ်နေရေးအဆင်ပြေလာပြီး လူမှုစီးပွား ဘဝဖွံ့ဖြိုးတိုးတက် လာတော့မည်ဖြစ်သည်။

ရန်ကုန်-ပဲခူး-သထုံ-မော်လမြိုင်လမ်းနှင့် မော်လမြိုင်-ရေး-ထားဝယ်-မြိတ်-ကော့သောင်းလမ်း

ရန်ကုန်- ပဲခူး- သထုံ- မော်လမြိုင်လမ်း နှင့် မော်လမြိုင်- ရေး- ထားဝယ်- မြိတ်-ကော့သောင်းလမ်းတို့သည် မြန်မာနိုင်ငံ အောက်ပိုင်းရှိ မွန်ပြည်နယ်၊ တနင်္သာရီတိုင်း ဒေသကြီးနှင့် ရန်ကုန်မြို့အပါအဝင် မြန်မာ နိုင်ငံဒေသအသီးသီးတို့ကို ဆက်သွယ်ပေး ထားသော အဓိကလမ်းမကြီးများ ဖြစ်ပါ သည်။ ရန်ကုန်-ပဲခူး-သထုံ-မော်လမြိုင်လမ်း ပဲခူး(ဘုရားကြီး)လမ်းဆုံမှ မော်လမြိုင်အထိ လမ်းအရှည် ၁၂၈ မိုင်ကို BOT စနစ်ဖြင့် ရွှေသံလွင်ကုမ္ပဏီမှ လေးလမ်းသွားနိုင်လွန် ကတ္တရာလမ်းအဆင့် တိုးမြှင့်ဆောင်ရွက် လျက်ရှိသည်။ မွန်ပြည်နယ်အတွင်း မော်လမြိုင်မြို့မှ ရေး(မလွှဲတောင်) အထိ ၁၁၅ မိုင် ၄ ဖာလုံလမ်းအရှည်ရှိသည်။

မော်လမြိုင်မှ သံဖြူဇရပ်အထိ ၃၇ မိုင် ကို အေးကို မိသားစုကုမ္ပဏီမှ BOTစနစ်ဖြင့် ၂၄ ပေအကျယ် နိုင်လွန်ကတ္တရာလမ်းအဆင့် တိုးမြှင့်ဆောင်ရွက်လျက်ရှိသည်။ မွန်ပြည် နယ် လမ်းဦးစီးဌာနမှ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်မှစတင်၍ မူလကတ္တရာလမ်း အဆင့်မှ ၂၄ ပေအကျယ် နိုင်လွန်ကတ္တရာ လမ်းအဆင့် တိုးမြှင့်ဆောင်ရွက်လျက်ရှိရာ သံဖြူဇရပ်မှ ရေး (မလွှဲတောင်)အထိ လမ်း အရှည် ၅၇ မိုင် ၄ ဖာလုံ နိုင်လွန်ကတ္တရာ ခင်းပြီးကြောင်း သိရသည်။ မော်လမြိုင်မှ ရေး(မလွှဲတောင်)အထိ လမ်းပန်းဆက်သွယ် ရေး အထူးကောင်းမွန်လာသည်ဖြစ်၍ မွန်ပြည်နယ်အတွင်းရှိ ဒေသခံတိုင်းရင်း သားပြည်သူများ၏ လူမှုစီးပွားဘဝ တိုးတက်လာပြီဖြစ်သည်။ ယင်းလမ်း သံဖြူ ဇရပ်အနီး မိုင်တိုင် ၄၇/၀ မှ ထိုင်းနိုင်ငံ နယ်စပ် ဘုရားသုံးဆူမြို့သို့ ဆက်သွယ် ထားသော လမ်းအရှည် ၆၃/၄ မိုင်ရှိ သံဖြူဇရပ်- ဘုရားသုံးဆူလမ်းရှိသည်။ ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် မွန်ပြည် နယ်အစိုးရအဖွဲ့၊ ကရင်ပြည်နယ်အစိုးရ အဖွဲ့တို့က ခွင့်ပြုရန်ပုံငွေများဖြင့် သံဖြူ ဇရပ်-ဘုရားသုံးဆူလမ်း တိုးတက်ပြုပြင် ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။

မော်လမြိုင်-ရေး(မလွှဲတောင်)-ထားဝယ်-မြိတ်-ကော့သောင်းလမ်း

တနင်္သာရီတိုင်း ဒေသကြီးအတွင်း ဖြတ်သန်းသွားသော မော်လမြိုင်- ရေး (မလွှဲတောင်)- ထားဝယ်- မြိတ်- ကော့ သောင်းလမ်းသည် ရေး(မလွှဲတောင်)မှ ကော့သောင်းအထိ လမ်းမိုင်အရှည် ၅၀၃ မိုင် ၃ ဖာလုံရှိသည်။ ၂၀၁၆-၂၀၁၇ ဘဏ္ဍာ နှစ်မှစ၍ ဆောက်လုပ်ရေးဝန်ကြီးဌာန တနင်္သာရီတိုင်းဒေသကြီး လမ်းဦးစီးဌာန ခရိုင်/မြို့နယ် လမ်းအဖွဲ့များ၊ လမ်း/တံတား အထူးအဖွဲ့များမှ လမ်း/တံတား တိုးတက် မှုလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြသည်။ ၂၀၂၀ ပြည့်နှစ်အထိ တိုးတက်မှုများအနေဖြင့် ၂၄ ပေအကျယ် နိုင်လွန်ကတ္တရာလမ်း ၁၂၉ မိုင်၊ ကွန်ကရစ်လမ်း ၄၃ မိုင်နှင့် ကတ္တရာလမ်း ၃၃၁ / ၃ မိုင် အဆင့်မြှင့်တင် ဆောင်ရွက်ပြီးဖြစ်သည်။

ကလိန်အောင်တံတား၊ သမုတ်လွတ် လွတ်တံတား၊ တနင်္သာရီတံတားနှင့် ပုလုံး တုံတုံးတံတားများကိုလည်း အခိုင်အမာ တံတားကြီးများအဖြစ် တည်ဆောက်ပြီး ဖြစ်သည်။ ၂၀၁၆ ခုနှစ်မတိုင်မီက ထားဝယ်မှ ကော့သောင်းသို့ ကားဖြင့် သွားပါက နှစ်ညအိပ်ခရီးခန့် သွားလာခဲ့ရ ပါသည်။ ယခုအခါ ထားဝယ်မှ ကော့သောင်းသို့ ယာဉ်မောင်းချိန် ၁၂ နာရီခန့်ဖြင့် ခရီးသွား ပြည်သူများ သွားလာနိုင်ကြပြီဖြစ်သည်။

တနင်္သာရီတိုင်းဒေသကြီးအတွင်း မြန်မာ-ထိုင်းနယ်စပ် ကုန်သွယ်ရေးလမ်းများဖောက် လုပ်ခြင်း

တနင်္သာရီတိုင်းဒေသကြီးတွင် ထားဝယ် ရေနက်ဆိပ်ကမ်း အထူးစီးပွားရေးဇုန်ကို အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိသည်။ ထားဝယ်ရေနက်ဆိပ်ကမ်းအတွက် ထားဝယ် (SEZ)- မေတ္တာ-ထီးခီး-ဖူနာရွမ် (ထိုင်းနယ်စပ်)လမ်းအရှည် ၁၃၈ ကီလိုမီတာ ကို နှစ်လမ်းသွား နိုင်လွန်ကတ္တရာလမ်းအဖြစ် ဆောင်ရွက်ရန် ထိုင်းနိုင်ငံ NEDA အဖွဲ့မှ ထိုင်းဘတ်ငွေ ၄ ဒသမ ၅ ဘီလီယံ ချေးငွေရ ယူပြီး ဆောက်လုပ်ရေးဝန်ကြီးဌာနမှ လုပ်ငန်း တင်ဒါခေါ်ယူ၍ အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်သည်။ မြိတ်-တနင်္သာရီ- မောတောင်လမ်းသည် မြိတ် မြို့နယ်နှင့် မောတောင်နယ်စပ်ဆက်သွယ် ထားသော မြန်မာ-ထိုင်းနယ်စပ် ကုန်သွယ် ရေးလမ်းဖြစ်သည်။

လမ်းအရှည်သည် ၁၁၃ မိုင်ရှိပြီး တနင်္သာရီ- သဲဖြူ- မောတောင်လမ်းပိုင်း ၆၉ မိုင်ကို မြိတ်အများပိုင်ကော်ပိုရေးရှင်းမှ BOT စနစ်ဖြင့် လမ်းအဆင့်မြှင့်တင်ဆောင်ရွက် လျက်ရှိသည်။ မြိတ်- မောတောင်နယ်စပ် ကုန်သွယ်ရေးလမ်းမှ ထိုင်းနိုင်ငံသို့ တနင်္သာရီ တိုင်းဒေသကြီးမှထွက်သော ရေထွက်ပစ္စည်း များကို လွယ်ကူစွာ ပို့ဆောင်ရောင်းဝယ် နိုင်ခြင်းကြောင့် ဒေသခံပြည်သူများအတွက် စီးပွားရေးဖွံ့ဖြိုးတိုးတက်စေပါသည်။ မြန်မာ နိုင်ငံ တနင်္သာရီတိုင်းဒေသကြီး တောင်ဘက် အစွန်ဆုံးရှိ ကော့သောင်းခရိုင် ပြည်ကြီး မဏ္ဍိုင်မြို့နယ် မြိတ်- တနင်္သာရီ-ကော့သောင်း လမ်းမှ ထိုင်းနိုင်ငံနယ်စပ်သို့ လေညာ-ရတနာပုံလမ်း နယ်စပ်ကုန်သွယ်ရေးလမ်းကို ၂၀၁၆-၂၀၁၇ ခုနှစ်မှစတင်၍ လမ်းဖောက် လျက်ရှိသည်။

လမ်းအရှည်မှာ ၃၆ မိုင် ၆ ဖာလုံရှိပြီး ထိုင်းနိုင်ငံနယ်စပ်နှင့်ဆက်သွယ်ရာတွင် အတို ဆုံးလမ်းဖြစ်သည်။ လေညာ- ရတနာပုံ နယ်စပ်ကုန်သွယ်ရေး လမ်းပြီးစီးပါက တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ ဒေသခံ ပြည်သူများ နယ်စပ်ကုန်သွယ်ရေးလုပ်ငန်း များ ပိုမိုဆောင်ရွက်နိုင်ပြီး လူမှုစီးပွားရေး ဘဝများ ပိုမိုတိုးတက်လာမည် ဖြစ်သည်။

နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်စေရေး ပြည်ထောင်စုလမ်းများဖောက်လုပ်ပေး

နိုင်ငံတော်အစိုးရအဖွဲ့၏ လမ်းညွှန်ချက် နှင့်အညီ လမ်းပန်းဆက်သွယ်ရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန် ဆောက်လုပ်ရေးဝန်ကြီး ဌာနသည် နိုင်ငံအတွင်း လမ်း/တံတားများကို အဆင့်မြှင့်တင်ဆောင်ရွက်ပေးလျက်ရှိသည်။ ရန်ကုန်မြို့၊ နေပြည်တော်နှင့် မန္တလေးမြို့တို့မှ သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ် မြို့တော်များသို့ ဆက်သွယ်ထားသော ပြည်ထောင်စုလမ်းမကြီးများကို အဆင့် မြှင့်တင်ဆောင်ရွက်နိုင်ခဲ့သည်။ ဆောက်လုပ် ရေးဝန်ကြီးဌာနအနေဖြင့် အိမ်နီးချင်းနိုင်ငံများ ဖြစ်သော တရုတ်နိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ ထိုင်း နိုင်ငံတို့နှင့် ဆက်သွယ်ထားသော စီးပွားရေး စင်္ကြံလမ်းမကြီးများ၊ အာရှလမ်းမကြီးများ၊ နယ်စပ်ကုန်သွယ်ရေးလမ်းများကို အဆင့်မြှင့် တင်ဆောင်ရွက်လျက်ရှိသည်။ အဓိကလမ်းမ ကြီးများပေါ်ရှိ မြစ်ကူး၊ ချောင်းကူးတံတား ကြီးများကိုလည်း နိုင်ငံတော် အစိုးရအနေဖြင့် အသစ်တည်ဆောက်ပေးလျက်ရှိသည်။

၂၀၁၆-၂၀၁၇ ခုနှစ်မှ ၂၀၁၉-၂၀၂၀ ပြည့်နှစ် အတွင်း နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ခဲ့မှုများ

ဝန်ကြီးဌာန၏ အဆောက်အအုံ၊ မြို့ပြ၊ အိမ်ရာ၊ လမ်း/တံတားနှင့် ကျေးလက်လမ်း/ တံတားများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်ဘဏ္ဍာငွေသုံးစွဲမှုများ ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်မှ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်အထိ စုစုပေါင်းအသုံးစရိတ် ကျပ်သန်းပေါင်း ၃၂၉၇၈၉၉ ဒသမ ၅၁၁၀ နှင့် ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်မှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အထိ စုစုပေါင်းအသုံးစရိတ် ကျပ်သန်းပေါင်း ၄၅၀၃၄၉၄ ဒသမ ၃၂၂ ရှိပါသည်။ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်မှ ယနေ့အထိ ပြည်ထောင်စု ဝန်ကြီးဌာနများနှင့် ဗဟိုအဖွဲ့အစည်းများမှ ဆောက်လုပ်ရေးဝန်ကြီးဌာန အဆောက်အဦ ဦးစီးဌာနသို့အပ်နှံလာသော လုပ်ငန်းပေါင်း ၅၃၂၃ ခုကို အကောင်အထည်ဖော်ဆောင်ရွက် ပြီး ဖြစ်သည်။

ဝန်ကြီးဌာနပိုင်လမ်းများ တိုးတက်မှု အနေဖြင့် မြန်မာနိုင်ငံအတွင်း ၂၀၁၇ ခုနှစ် မတ်လတွင် လမ်းမိုင်ပေါင်း ၂၆၀၀၀ ရှိရာမှ ၂၀၂၀ ပြည့်နှစ် စက်တင်ဘာလအထိ လမ်းမိုင်ပေါင်း ၂၆၆၂၃ မိုင်အထိ တိုးတက် ခဲ့ပါသည်။ လက်ရှိအချိန်တွင် ဆောက်လုပ် ရေးဝန်ကြီး ဌာနပိုင် လမ်းများအခြေအနေမှာ နိုင်လွန်ကတ္တရာလမ်း ၂၁၁၅/၃ မိုင်၊ ကွန်ကရစ်လမ်း ၁၈၉၂/၀ မိုင်၊ ကတ္တရာလမ်း ၁၅၆၉၁/၅ မိုင်၊ ကျောက်ချောလမ်း ၁၆၅၆/၇ မိုင်၊ အမာခံလမ်း ၂၇၁၈/၂ မိုင်နှင့် မြေသားလမ်း ၂၅၀၉/၄ မိုင်တို့ ဖြစ်ကြ ပါသည်။

တံတားဦးစီးဌာနအနေဖြင့် ၂၀၁၆-၂၀၁၇ မှ ၂၀၁၉-၂၀၂၀ ခုနှစ်အတွင်း ပေ ၁၈၀ အထက်တံတား ၁၇၈ စင်းနှင့် ပေ ၁၈၀ အောက်တံတား ၃၃၉ စင်း တည် ဆောက်ပြီးစီးခဲ့သည်။ ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာနအနေဖြင့် ၂၀၁၆-၁၇မှ ၂၀၁၉-၂၀ အထိ ကွန်ကရစ်လမ်းမိုင် ၉၃၁ မိုင်၊ ကတ္တရာလမ်း ၁၈၂ မိုင်နှင့် အမာခံလမ်း ၃၆၂၂ မိုင်၊ တံတား များပေအရှည်အနေဖြင့် ကွန်ကရစ်တံတား ၆၅၄၂၅ ပေ၊ ဘေလီ/ကြိုးတံတား ၂၃၁၆၄ ပေနှင့် ရေကျော် ၁၄၇၁၃ ပေ ဆောင်ရွက် ပြီးစီးခဲ့သည်။ ဆောက်လုပ်ရေးဝန်ကြီးဌာန မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနအနေဖြင့် ယနေ့အထိ အိမ်ရာဆောက်လုပ်မှုမှာ ၂၀၁၁ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ်အထိ အရောင်း အိမ်ရာ ၂၈၉၀၁ ခန်းနှင့် အငှားအိမ်ရာ အတွက် ၂၆၆၉၉ ခန်းစုစုပေါင်းအခန်း ၅၅၆၀၀ ဆောက်လုပ်နိုင်ခဲ့ကြောင်း သိရှိ ရပါသည်။

ဝန်ကြီးဌာနအနေဖြင့် နိုင်ငံတော် အစိုးရ အဖွဲ့၏ လမ်းညွှန်ချက်များနှင့်အညီ ပြည်ထောင်စုလွှတ်တော်မှ အတည်ပြုခွင့်ပြု ပေးသော အဆောက်အအုံများနှင့် မြို့ပြအိမ် ရာ စီမံကိန်းများ၊ လမ်း/တံတားစီမံကိန်း များကို သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့များနှင့်အတူ နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းများကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိ ပါသည်။ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ တော် အတွင်း နေပြည်တော်၊ ရန်ကုန်မြို့၊ မန္တလေးမြို့တို့နှင့် တိုင်းဒေသကြီး/ ပြည် နယ်မြို့တော်များ ဆက်သွယ်ထားသည့် ပြည်ထောင်စု လမ်းမကြီးများကို ပြည်ထောင်စုအစိုးရအဖွဲ့ ဆောက်လုပ်ရေး ဝန်ကြီးဌာနအနေဖြင့် ၂၀၁၆ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ်အတွင်း လမ်းပန်းဆက်သွယ်ရေး ကဏ္ဍတွင် လမ်း/တံတားများ တိုးတက် အောင် ဆောင်ရွက်ခဲ့မှုများကို မှတ်တမ်း တင်ဂုဏ်ပြုရေးသားလိုက်ပါသည်။

ကိုတင့်(မြို့ပြအင်ဂျင်နီယာ)

အပိုင်း(၁)ကို ဖတ်ရှုရန်

အပိုင်း(၂)ကို ဖတ်ရှုရန်