၂၀၂၀ အမေရိကန် အထွေထွေရွေးကောက်ပွဲရဲ့ တစ်မူထူးခြားလာနိုင်တဲ့ အခြေအနေများ

29-Sep-2020

၂၈ စက်တင်ဘာ ၂၀၂၀

အသစ်တင်ချိန် ၂၈ စက်တင်ဘာ ၂၀၂၀

လွန်ခဲ့တဲ့ အနှစ် ၂၀ က ၂၀ဝ၀ ပြည့်နှစ် အမေရိကန် အထွေထွေရွေးကောက်ပွဲ စတင်ကျင်းပပြီး နောက်တစ်နေ့ မနက်မှာ အနိုင်ရသူ ထင်ထင်ရှားရှား မထွက်ပေါ်သေးဘဲ ဖြစ်တာကို အမေရိကန် ပြည်သူတွေ ကြုံခဲ့ရဖူးပါတယ်။

အဲဒီအချိန်က သမ္မတလောင်းတွေဖြစ်ကြတဲ့ ဂျော့ ဒဘလျူ ဘုရှ်နဲ့ အယ်လ်ဂေါ တို့ နှစ်ယောက်ထဲက ဘယ်သူနိုင်သလဲဆိုတာ အဖြေထွက်လာဖို့အတွက် နောက်ထပ် ၃၆ ရက်လည်း ထပ်စောင့်ခဲ့ရပါတယ်။

လာမယ့် နိုဝင်ဘာလမှာ ကျင်းပမယ့် အမေရိကန် အထွေထွေရွေးကောက်ပွဲမှာလည်း အခုလို ဖြစ်လာနိုင်ခြေရှိနေပြီး အဓိကအားဖြင့် ကိုရိုနာ ဗိုင်းရပ်စ် ကပ်ရောဂါ အခြေအနေကြောင့် လူတွေ အပြင်ထွက်ပြီး မဲပေးမှုနည်းတာနဲ့အတူ စာတိုက်က တစ်ဆင့်ပေးတဲ့ မဲတွေများတာကြောင့် ရက်သတ္တပတ်နဲ့ချီပြီး ရလဒ်ထွက်ဖို့ ကြာသွားနိုင်ပါတယ်။

ဒီလို အခြေအနေမှာ ၂၀၂၀ အမေရိကန် အထွေထွေ ရွေးကောက်ပွဲရဲ့ တစ်မူ ထူးခြားလာနိုင်တဲ့ အခြေအနေတွေကတော့ ယခင်ထက်ပိုပြီး အရေးပါနိုင်တဲ့ ရွေးကောက်ပွဲ စောင့်ကြည့်သူများရဲ့ အခန်းကဏ္ဍ၊ စာတိုက်က ပေးတဲ့မဲတွေ မကြုံဖူးလောက်အောင် များပြားလာပြီး မဲရေတွက်ဖို့ ပိုမို ကြာမြင့်ခြင်း၊ ရှုံးတဲ့ သမ္မတလောင်းက ရှုံးနိမ့်ကြောင်း ဝန်ခံမှု လုပ်တာ နောက်ကျနိုင်ခြင်းနဲ့ ထွက်လာတဲ့ ရလဒ်အပေါ် တရားရုံးတက် ကန့်ကွက်မှု ရှိလာနိုင်ခြင်းတို့ ဖြစ်ပါတယ်။