ရန်ကုန်တက္ကသိုလ်စာကြည့်တိုက်ဆိုတာ ရန်ကုန် တက္ကသိုလ်ဝင်းထဲကို အဓိပတိလမ်းအတိုင်း ဝင်လာရင် ဘွဲ့နှင်းသဘင်ခန်းမ မရောက်ခင် လမ်းရဲ့ညာဘက် သစ်ပုပ်ပင်ကြီးရဲ့ မလှမ်းမကမ်းမှာရှိတဲ့ ပညာပေါင်းစုံ သိုမှီးရာ အထင်ကရနေရာတစ်ခု ဖြစ်ပါတယ်။
ရန်ကုန်တက္ကသိုလ်နဲ့ ပတ်သက်ဆက်နွှယ်ပြီး ပညာ ရှာမှီးသူတွေဟာ ရန်ကုန်တက္ကသိုလ် စာကြည့်တိုက်ကို အကြိမ်ကြိမ်အခါခါရောက်ရှိခဲ့ကြတာ ဖြစ်ပေမယ့် ဒီအဆောက်အအုံထဲမှာ ပုဂံခေတ် ကျန်စစ်သားမင်းကြီးရဲ့ အဖိုးမဖြတ်နိုင်တဲ့ ရှေးဟောင်းအမွေအနှစ်စစ်စစ်တစ်ခု ရှိတယ်ဆိုတာ သိတဲ့သူ သိပ်များများစားစား မရှိလှပါဘူး။
ကျန်စစ်သားမင်းကြီးရဲ့ ရှေးဟောင်းအမွေအနှစ်
အခု ဒီအကြောင်းပြောမယ်ဆိုတော့ ရန်ကုန် တက္ကသိုလ်နဲ့ ကျန်စစ်သားမင်းကြီး ဘာဆိုင်လို့လဲလို့ ထင်ကောင်းထင်မိကြပါလိမ့်မယ်။ ရန်ကုန်တက္ကသိုလ် တည်ထောင်ပြီး မကြာခင်ကာလမှာပဲ ကျန်စစ်သား မင်းကြီးရဲ့ ရှေးဟောင်းအမွေအနှစ်ဟာ ရန်ကုန် တက္ကသိုလ်စာကြည့်တိုက်ထဲကို ရောက်ရှိလာခဲ့ပါတယ်။ ဒီအမွေအနှစ်ဟာ ကျန်စစ်သားမင်းကြီးလက်ထက် အေဒီ ၁၁ ရာစုကတည်းကဖြစ်လို့ အခုဆိုရင် နှစ်ပေါင်း တစ်ထောင်နီးပါးရှိပြီဖြစ်တဲ့ ရှေးဟောင်းအမွေအနှစ် စစ်စစ် ဖြစ်ပါတယ်။ ဒီရှေးဟောင်းအမွေအနှစ်ဟာ အခုဆိုရင် ရန်ကုန်တက္ကသိုလ်စာကြည့်တိုက်ထဲမှာ ရန်ကုန်တက္ကသိုလ်ရဲ့ အဖိုးမဖြတ်နိုင်တဲ့ အမှတ်တရ ပစ္စည်းတစ်ခုအဖြစ်နဲ့ ခိုင်ခိုင်မာမာ တည်ရှိနေခဲ့ပါပြီ။
ရန်ကုန်တက္ကသိုလ်စာကြည့်တိုက်ထဲက ကျန်စစ်သား မင်းကြီးရဲ့ အမွေအနှစ်ဟာ ဘယ်လိုအရာမျိုးလဲ၊ ဒီအရာဟာ ရန်ကုန်တက္ကသိုလ် စာကြည့်တိုက်ထဲကို ဘယ်လို ရောက်လာတာလဲ၊ ဒီအရာရဲ့တန်ဖိုးနဲ့ အနှစ် သာရဟာ ဘယ်လောက်ရှိသလဲ .....။
ဒါတွေကို ပြောပြဖို့လိုမယ်ထင်ပါတယ်။ ရန်ကုန် တက္ကသိုလ်စာကြည့်တိုက် အဆောက်အအုံထဲကို ဝင်လိုက်တယ်ဆိုရင်ပဲ ဝင်ပေါက်ဝရဲ့ ညာဘက် စာငှား ကောင်တာဘေးမှာ အင်္ဂတေကိုင်ပြီး စိုက်ထူထားတဲ့ ကျောက်စာတိုင်ကြီးတစ်တိုင်ကို တွေ့မြင်ကြရမှာ ဖြစ်ပါ တယ်။ ဒီကျောက်စာတိုင်ကြီးရဲ့ အရွယ်ပမာဏကတော့ အမြင့် ခုနစ်ပေကျော်နဲ့ အနံ သုံးပေကျော် ရှိပါတယ်။ ဒီကျောက်စာတိုင်ကြီးဟာ မားမားမတ်မတ် တည်ရှိနေတာ ဖြစ်ပေမယ့် သတိမမူ ဂူမမြင်ဆိုသလို ဒီကျောက်စာတိုင်ကြီး ကို သတိမူမိတဲ့သူ အင်မတန်နည်းပါတယ်။
ချိတ်ဆွဲထားတဲ့ ဆိုင်းဘုတ်ငယ်
ဒီကျောက်စာတိုင်ကို သတိပြုမိပြီး သေသေချာချာ ကြည့်လိုက်မယ်ဆိုရင် ကျောက်စာတိုင်မှာ ချိတ်ဆွဲ ထားတဲ့ "THE STONE INSCRIPTION OF KING KYANSITTHA OF PAGAN (THE 11th CENTURY)" ဆိုတဲ့ ဆိုင်းဘုတ်ငယ် ကလေးကို တွေ့ရမှာဖြစ်ပါတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း တစ်ထောင်နီးပါးက အင်မတန်ရှေးကျတဲ့ ကျောက်စာတိုင် ကြီးဖြစ်ပေမယ့် နေဒဏ်၊ လေဒဏ်၊ မိုးဒဏ်တွေကင်းလွတ်တဲ့ ရန်ကုန်တက္ကသိုလ်စာကြည့်တိုက် အဆောက်အအုံထဲမှာ အကောင်းပကတိ တည်ရှိနေပါတယ်။
ဒီကျောက်စာမှာ ထွင်းထုထားတဲ့စာသား အများစု ဟာ နဂိုမူလအတိုင်း ရှိနေပါသေးတယ်။ ကျောက်စာတိုင် ကြီးမှာ ထွင်းထုထားတဲ့စာတွေဟာ ရှေးဟောင်း မြန်မာစာ အက္ခရာတွေနဲ့ ခပ်ဆင်ဆင်တူပေမယ့် အလွယ် တကူ နားလည်နိုင်တဲ့ စာမျိုးတော့ မဟုတ်ပါဘူး။ ကျောက်စာတိုင်ကြီးအကြောင်းကို ဂဃနဏ မသိနိုင် တာရယ်၊ ကျောက်စာတိုင်မှာပါတဲ့ စာတွေအကြောင်း ဂဃနဏ မသိနိုင်တာရယ်ကြောင့် ရန်ကုန်တက္ကသိုလ် စာကြည့်တိုက် ရောက်ဖူးပေမယ့် ဒီကျောက်စာတိုင်ကြီးကို အမှတ်တမဲ့ ဖြစ်နေခဲ့ကြတာ ဖြစ်ပါတယ်။
တကယ်တမ်းလေ့လာကြည့်တဲ့အခါ ဒီကျောက်စာ တိုင်ကြီးဟာ ရှေးဟောင်းအမွေအနှစ်ပစ္စည်းစစ်စစ် ဖြစ်သလို ကျောက်စာနဲ့ပတ်သက်တဲ့ အကြောင်းအရာတွေ၊ ဒီကျောက်စာတိုင်ကြီး ရန်ကုန်တက္ကသိုလ်ကို ရောက်ရှိ လာခဲ့ပုံတွေဟာ အင်မတန် စိတ်ဝင်စားစရာ ကောင်းပါ တယ်။ အခုအခါမှာ စာတန်းချိတ်ဆွဲထားလို့ ကျန်စစ်သား မင်းကြီးကျောက်စာဆိုတာ အလွယ်တကူ သိနိုင်ပေမယ့် ဒီကျောက်စာတိုင်ကြီးအကြောင်း ဇာစ်မြစ်ကို ခြေခြေ မြစ်မြစ် မသိရသေးခင်ကတော့ ဒီကျောက်စာတိုင်ကြီးဟာ အဖြေရှာရခက်တဲ့ ပဟေဠိပုစ္ဆာတစ်ပုဒ် ဖြစ်ခဲ့ပါတယ်။
ကိုလိုနီခေတ်မှာ ရန်ကုန်တက္ကသိုလ် မတည်ထောင် ခင်က ဒီကျောက်စာတိုင်ကြီးဟာ ရန်ကုန်မြို့ ဖယ်ယာ ပြတိုက် (Phayre Museum) မှာ ရှိခဲ့ပါတယ်။ ဖယ်ယာ ပြတိုက်ဟာ အခု ရန်ကုန်ဆေးရုံကြီးနေရာမှာ တိရစ္ဆာန်ရုံ နဲ့အတူ တွဲဖက်တည်ရှိခဲ့တာ ဖြစ်ပါတယ်။ ဗြိတိသျှလူမျိုး တွေဟာ ရှေးဟောင်းအမွေအနှစ်ပစ္စည်းတွေအပေါ်မှာ အလွန် စိတ်ဝင်စားတန်ဖိုးထားတဲ့ လူမျိုးဖြစ်တာကြောင့် မြန်မာနိုင်ငံကို သိမ်းပိုက်ပြီးချိန်မှာ နိုင်ငံတစ်ဝန်းက ရှေးဟောင်းအမွေအနှစ်ပစ္စည်းတွေကို ဖယ်ယာပြတိုက် မှာ စုဆောင်းသိမ်းဆည်းပြသထားခဲ့ပါတယ်။ ဒီကျောက်စာ တိုင်ကြီးကိုလည်း မြန်မာနိုင်ငံတစ်နေရာက သယ်ဆောင် လာပြီး ဖယ်ယာပြတိုက်မှာ စိုက်ထူပြသထားခဲ့ပါတယ်။
ပထမဆုံး ဖတ်ရှုခဲ့တဲ့သူ
ဒီကျောက်စာတိုင်ကြီးမှာ ရေးထားတဲ့စာတွေဟာ ရှေးဟောင်းစာတွေဆိုတာ သိပေမယ့် ဖယ်ယာပြတိုက်ကို ရောက်လာချိန်အထိ ဘယ်သူမှမဖတ်နိုင်သေးပါဘူး။ ဒီကျောက်စာတိုင်ကြီးကို ပထမဆုံး ဖတ်ရှုခဲ့တဲ့သူကတော့ လန်ဒန်တက္ကသိုလ် (London University) အရှေ့တိုင်း ပညာလေ့လာရေးကျောင်း (School of Oriental Studies) က ရှေးဟောင်းမွန်နဲ့ပျူ ပါရဂူကြီး ဒေါက်တာ ဘလက်ဒင် (Dr. Charles Otto Blagden) ဖြစ်ပါတယ်။ ဒေါက်တာဘလက်ဒင် ဆိုတာကတော့ ရန်ကုန် တက္ကသိုလ်ရဲ့ ပထမဆုံး မြန်မာလူမျိုးကျောင်းအုပ်ကြီးဖြစ်လာမယ့် ဆရာကြီး ဦးဖေမောင်တင် အင်္ဂလန်နိုင်ငံမှာ သွားရောက်ပညာသင်ယူစဉ်က မွန်နဲ့ပျူ ရှေးဟောင်း စာတွေကို သင်ပေးခဲ့သူ ဖြစ်ပါတယ်။
ဒေါက်တာဘလက်ဒင်ဟာ မြန်မာပြည်ကို မရောက် ဖူးဘဲ ကျောက်စာမင်ကူး ဓာတ်ပုံကိုကြည့်ပြီး ဖတ်ရှု အဓိပ္ပာယ်ပြန်ဆိုခဲ့တာ ဖြစ်ပါတယ်။ ဒေါက်တာ ဘလက်ဒင်က ကျောက်စာမှာရေးထိုးထားတဲ့ စာတွေဟာ ရှေးဟောင်း မွန်ကျောက်စာတွေ ဖြစ်ကြောင်းနဲ့ ကျောက်စာပါအကြောင်းအရာကို ဖော်ထုတ်ခဲ့ပါတယ်။ ဒေါက်တာဘလက်ဒင်ဟာ သူ့ရဲ့ဖတ်ရှုရေးသားချက် တွေကို ၁၉၂ဝ ပြည့်နှစ်မှာ ပုံနှိပ်ထုတ်ဝေခဲ့တဲ့ Epigraphia Burmanica အတွဲ (၁)၊ အပိုင်း(၂) မှာ ကျောက်စာမင်ကူး ဓာတ်ပုံနဲ့တကွ ဖော်ပြခဲ့ပါတယ်။
ဒေါက်တာဘလက်ဒင်ဟာ ဖယ်ယာပြတိုက်ထဲက ဒီကျောက်စာရဲ့ အရေးအက္ခရာနဲ့ အကြောင်းအရာတွေကို ဖော်ထုတ်ဖတ်ရှုနိုင်ခဲ့ပေမယ့် ကျောက်စာတိုင်ကြီးရဲ့ မူလနေရာကို မသိရှိဘဲဖြစ်နေခဲ့ပါတယ်။ ဒါကြောင့်လဲ ဒေါက်တာဘလက်ဒင်က ဒီကျောက်စာတိုင်ကြီးရဲ့ မူလနေရာကို သူမသိပါဘူး (The Original Location of this record is unknown to me) လို့ ရေးသား ခဲ့ပါတယ်။ ဒါပေမဲ့ ကျောက်စာ (ကြောင်းရေ-၄၇) မှာပါတဲ့ “စေတီကျာက်တလင်” ဆိုတဲ့ အမည်ကိုထောက်ပြီး အောက်မြန်မာနိုင်ငံ မွန်တို့ဒေသမှာရှိတဲ့ စေတီဘုရားတစ်ဆူဆူဖြစ်နိုင်ကြောင်း၊ ဘယ်ဒေသက ဖြစ်တယ် ဆိုတာကိုတော့ အသေအချာမပြောနိုင်ကြောင်း ဆက်လက်ရေးသားခဲ့ပါတယ်။
၁၉၃ဝ ပြည့်နှစ်ဝန်းကျင်မှာ ယခုရန်ကုန်ဆေးရုံကြီး နေရာမှာရှိတဲ့ တိရစ္ဆာန်ရုံကို ယခု ရန်ကုန်တိရစ္ဆာန်ဥယျာဉ် နေရာကို ပြောင်းရွှေ့လိုက်တဲ့အခါမှာ တိရစ္ဆာန်ရုံနဲ့ တွဲဖက်ထားတဲ့ ဖယ်ယာပြတိုက်ကို ဖျက်သိမ်းလိုက်ပါတယ်။ အဲဒီနေရာမှာရှိနေတဲ့ ကျောက်စာတိုင်ကြီးကို ရန်ကုန်မြို့ အတွင်းဝန်များရုံးမှာ ခေတ္တထားရှိခဲ့ပါတယ်။ ၁၉၃၃ ခုနှစ် လောက်မှာ ရန်ကုန်တက္ကသိုလ် အာဏာပိုင်တွေက ဒီကျောက်စာတိုင်ကြီးကို ရန်ကုန်တက္ကသိုလ် စာကြည့်တိုက် ထဲကို ရန်ကုန်တက္ကသိုလ်က စရိတ်ခံပြီး သယ်ဆောင် ထားရှိခဲ့ပါတယ်။ အဲဒီအချိန်အထိ ကျောက်စာတိုင်ကြီးရဲ့ မူလနေရာကိုမသိရှိတဲ့အတွက် မူလနေရာမသိပါ (Place of Origin Unknown) လို့သာ တံဆိပ်တပ်ခဲ့ရပါတယ်။
သဲလွန်စကို ရှာဖွေဖော်ထုတ်နိုင်ခဲ့တဲ့သူ
ရန်ကုန်တက္ကသိုလ်ကိုရောက်ရှိလာတဲ့ မူလနေရာမသိ ဒီကျောက်စာတိုင်ကြီးရဲ့ သဲလွန်စကို ရှာဖွေဖော်ထုတ် နိုင်ခဲ့တဲ့သူကတော့ ရန်ကုန်တက္ကသိုလ်ရဲ့ ကျောင်းအုပ်ကြီး၊ မြန်မာစာဌာနရဲ့ ဖခင်ကြီး ဆရာကြီးဦးဖေမောင်တင် (၁၈၈၈-၁၉၇၃) ပဲ ဖြစ်ပါတယ်။ ဆရာကြီးဦးဖေမောင်တင် ဟာ ၁၉၃၆ ခုနှစ်၊ ဧပြီလ အားလပ်ရက်မှာ သုဝဏ္ဏ ဘုမ္မိသထုံမြို့ဟောင်းတည်ရှိရာလို့ ယူဆရတဲ့ ကေလာသ တောင်တစ်ဝိုက်ကို လေ့လာရေးခရီးထွက်ခဲ့ရာက အရက်သည်မ (ရက်ကန်းသည်မ)ရွာကို ရောက်ရှိခဲ့ပြီး ရွာရှိ လူကြီးသူမတွေနဲ့ စကားလက်ဆုံကျခဲ့ပါတယ်။
ရွာခံလူကြီးတွေကို မေးမြန်းရာက လွန်ခဲ့တဲ့ နှစ်ပေါင်း ၅ဝ (၁၈၈၆ ဝန်းကျင်) လောက်က အင်္ဂလိပ်အစိုးရအာဏာပိုင် တွေဟာ ရွာအနီး ကေလာသတောင်ခြေမှာရှိတဲ့ ကျိုက်တလန်းဘုရား (ယခုအခေါ် မြသိန်းတန်ဘုရား) က ရှေးမွန်ဘာသာနဲ့ ရေးထိုးထားတဲ့ ကျောက်စာတိုင်ကြီး တစ်ချပ် တူးဖော်ရရှိခဲ့ကြောင်း၊ အဲဒီကျောက်စာတိုင်ကြီးကို ဖောင်ပေါ်တင်ပြီး သင်္ဘောနဲ့ဆွဲယူသွားကြောင်း၊ ရွာသား တစ်ဦး ရန်ကုန်မြို့ကို ရောက်ရှိတဲ့အခါ အဲဒီကျောက်စာတိုင် ကြီးကို တိရစ္ဆာန်ရုံမှာ တွေ့ခဲ့ကြောင်း ပြောပြကြပါတယ်။ ဒီအကြောင်းကို ဆရာကြီးဦးဖေမောင်တင်က ၁၉၃၈ ခုနှစ်ထုတ် မြန်မာနိုင်ငံသုတေသနအသင်းဂျာနယ် (Journal of the Burma Research Society - JBRS) အတွဲ (၂၈)၊ အပိုင်း(၁) မှာ “အရက်သည်မကုန်းပေါ်မှ ကျန်စစ်သား မင်းကြီး၏ မွန်ကျောက်စာ” (A Mon Inscription by Kyanzittha) ဆောင်းပါးမှာ ရေးသားဖော်ပြခဲ့ပါတယ်။
ဆရာကြီးဦးဖေမောင်တင်ဟာ ကျောက်စာရဲ့ ကွင်းဆက်ကို ဆက်လက်ရှာဖွေ ဖော်ထုတ်ခဲ့ရာမှာ ၁၈၉၁ ခုနှစ်၊ ဒီဇင်ဘာလထုတ် “အိန္ဒိယရှေးဟောင်းသုတေသန မှတ်တမ်း” (Indian Antiquary) ပါ ကျောက်စာဝန်ဟောင်း တော်စိန်ခိုရဲ့ “ရာမညဒေသ ရှေးဟောင်းသုတေသနခရီး” (Archaeological Tour Through Ramannadesa) မှတ်တမ်းဖော်ပြချက်ကို ရည်ညွှန်းနိုင်ခဲ့ပါတယ်။ ဒီမှတ်တမ်း စာမျက်နှာ ၇ မှာ လွန်ခဲ့တဲ့ ရှစ်နှစ်ခန့်က အရက်သည်မရွာ အနီးက ရှေးဟောင်းမွန်ကျောက်စာတစ်တိုင်ကို ရန်ကုန်မြို့ ဖယ်ယာပြတိုက်ကို ယူဆောင်ခဲ့ကြောင်း ဖော်ပြထားပါ တယ်။ ဆရာကြီးဦးဖေမောင်တင်ဟာ အရက်သည်မ ရွာသားတွေရဲ့ပြောကြားချက်နဲ့ ကျောက်စာဝန်ဟောင်း တော်စိန်ခိုရဲ့ မှတ်တမ်းကွင်းဆက်တွေအရ ဖယ်ယာ ပြတိုက်ကတစ်ဆင့် ရန်ကုန်တက္ကသိုလ်ကို ရောက်ရှိလာတဲ့ ကျောက်စာတိုင်ကြီးဟာ မွန်တို့ဒေသ၊ ကေလာသတောင်ခြေ၊ အရက်သည်မရွာအနီးရှိ ကျိုက်တလန်းဘုရားက ကျောက်စာတိုင်ကြီးဖြစ်ကြောင်း ခိုင်မာတိကျစွာ ဖော်ထုတ် နိုင်ခဲ့ပါတယ်။
ရန်ကုန်တက္ကသိုလ်စာကြည့်တိုက်ထဲကို ရောက်ရှိ နေတဲ့ ရှေးဟောင်းကျောက်စာတိုင်ကြီးရဲ့ မူလတွေ့ရှိရာ နေရာ အရက်သည်မ (ရက်ကန်းသည်မ) ရွာဟာ မွန်ပြည်နယ် ဘီးလင်းမြို့နယ် တောင်စွန်း ကျေးရွာအုပ်စု၊ ကေလာသတောင်ခြေမှာ တည်ရှိပါ တယ်။
ကျောက်စာထဲမှာ ဖော်ပြထားတဲ့ ကျိုက်တလန်းဘုရား ကတော့ အရက်သည်မရွာရဲ့ အနောက်ဘက်၊ ဝေပုလ္လ တောင်ကုန်းပေါ်မှာ တည်ရှိပါတယ်။ ဒီတောင်ကုန်းဟာ ကေလာသတောင် ဆင်ခြေလျှောက ဆက်လာတဲ့ တောင်ကုန်းဖြစ်ပါတယ်။ ဒီတောင်ကုန်းပေါ်မှာတော့ ပုဂံခေတ်ကတည်းက ကျန်စစ်သားမင်းပြုပြင်ခဲ့ပြီး ယနေ့တိုင် ခေတ်အဆက်ဆက် ပြုပြင်ထိန်းသိမ်းခဲ့တဲ့ ကျိုက်တလန်းဘုရား (ယခုအခေါ် မြသိန်းတန်ဘုရား) ကို ဖူးတွေ့ရမှာ ဖြစ်ပါတယ်။
ပုဂံပြည့်ရှင် ကျန်စစ်သားမင်းကြီးဟာ မြန်မာ သက္ကရာဇ် ၄၄၆ ခုနှစ် (အေဒီ ၁၀၈၄) မှာ ပုဂံထီးနန်းကို ဆက်ခံပြီးတဲ့နောက်မှာ မြန်မာနိုင်ငံတော်ကြီးကို စုစည်း တည်ထောင်ဖို့အတွက် အနယ်နယ်အရပ်ရပ်ကို လှည့်လည်ခဲ့ပါတယ်။ ရာမညဒေသ ကေလာသ တစ်ဝိုက်ကို ရောက်ရှိခဲ့တဲ့အခါ ပျက်စီးယိုယွင်းနေတဲ့ ကျိုက်တလန်းစေတီကို တွေ့ရှိခဲ့တဲ့အတွက် ပြန်လည် ပြုပြင်ခဲ့ပါတယ်။ ဒီစေတီဟာ ကျန်စစ်သားမင်းတွေ့တဲ့ အချိန်မှာ ပျက်စီးယိုယွင်းနေပြီဆိုတော့ အလွန်ရှေးကျတဲ့ စေတီတစ်ဆူဆိုတာ မှန်းဆလို့ ရနိုင်ပါတယ်။ ကျန်စစ်သား မင်းကြီးဟာ ဒီစေတီကို ပြုပြင်မွမ်းမံပြီးတဲ့နောက် သူ့ရဲ့ကောင်းမှုကို မွန်ဘာသာနဲ့ ကျောက်စာရေးထိုး မှတ်တမ်းတင်ခဲ့တာ ဖြစ်ပါတယ်။
ကျောက်စာရေးထိုးချိန်ဟာ မြန်မာသက္ကရာဇ် ၄၆ဝ ခုနှစ် ဝိသာခ(ကဆုန်) လဆန်း တစ်ဆယ့်သုံးရက် သောကြာနေ့ဖြစ်တယ်လို့ ကျောက်စာမှာ အတိအကျ ဖော်ပြထားပါတယ်။ ခရစ်နှစ်အားဖြင့် အေဒီ ၁ဝ၉၈ ခုနှစ် ဧပြီလ ၁၆ ရက် သောကြာနေ့ဖြစ်ပါတယ်။ အခုဆိုရင် ကျောက်စာတိုင်ကြီးရဲ့သက်တမ်းဟာ နှစ်ပေါင်း ၉၂၂ နှစ်ကျော်လာပြီ ဖြစ်ပါတယ်။ ဒီကျောက်စာတိုင်မှာ ရေးထိုးတဲ့ခုနှစ်သက္ကရာဇ်ကို အတိအကျ ဖော်ပြထားတဲ့ အတွက် စာပေလေ့လာမှုနဲ့ ယဉ်ကျေးမှုသမိုင်းကြောင်း အတွက် များစွာအထောက်အကူပြုလျက် ရှိပါတယ်။ ဒီကျောက်စာတိုင်ကြီးဟာ ၂ဝ၂ဝ ပြည့်နှစ် ဒီဇင်ဘာလ ၁ ရက်နေ့မှာ နှစ်ပေါင်း ၁ဝဝ ပြည့်တော့မယ့် ရန်ကုန် တက္ကသိုလ်နဲ့ နှိုင်းယှဉ်မယ်ဆိုရင် နှစ်ပေါင်း ၈၂ဝ ကျော် စောတဲ့ ရှေးဟောင်းအမွေအနှစ်တစ်ခု ဖြစ်ပါတယ်။
မွန်ဘာသာနဲ့ကျောက်စာရေးထိုး မှတ်တမ်းတင်
ကျန်စစ်သားမင်းကြီးဟာ သူစိုးစံစဉ်ကာလမှာ ပြည်ထောင်စုကြီး ကျယ်ပြန့်ခိုင်မာရေး၊ တိုင်းရင်းသား သွေးစည်းချစ်ကြည်ရေးနဲ့ တိုင်းပြုပြည်ပြုလုပ်ငန်းတွေကို အစွမ်းကုန် ဆောင်ရွက်ခဲ့တဲ့ မင်းကောင်းမင်းမြတ်တစ်ပါး ဖြစ်ပါတယ်။ မြန်မာနိုင်ငံတစ်ဝန်း ကြွချီပြီး တိုင်းပြုပြည်ပြု လုပ်ငန်းတွေကို ဆောင်ရွက်ပြီးတဲ့နောက် မိမိရဲ့လုပ်ဆောင် ချက်တွေကို မွန်ဘာသာနဲ့ကျောက်စာရေးထိုး မှတ်တမ်းတင် ခဲ့ပါတယ်။ ပုဂံမှာ မြကန်နဲ့ အလံပုဂံ ကန်တွေကို တူးဖော် ပြီးတဲ့နောက် မြကန်မွန်ကျောက်စာနဲ့ အလံပုဂံ မွန်ကျောက်စာ၊ သထုံ ကျိုက်တလန်းဘုရားကို ပြုပြင် ပြီးတဲ့နောက် ကျိုက်တလန်းမွန်ကျောက်စာ၊ ကျိုက်တလန်း ဘုရားနဲ့ ခရီးမကွာဝေးလှတဲ့ သထုံအလူးကျေးရွာမှာရှိတဲ့ ကျိုက်တဲဘုရားကို ပြုပြင်ပြီးတဲ့နောက် ကျောက်တဲ မွန်ကျောက်စာစတဲ့ ကျောက်စာတွေကို ရေးထိုးစိုက်ထူ ခဲ့ပါတယ်။ ရွှေစည်းခုံမွန်ကျောက်စာ၊ ပြည်ရွှေဆံတော် မွန်ကျောက်စာတွေကတော့ တိုင်းသူပြည်သားတွေရဲ့ လိုအင်ကို ဖြည့်ဆည်းပေးမယ့် ကျန်စစ်သားမင်းကြီး အကြောင်းရေးထားတဲ့ ကျောက်စာတွေအဖြစ်နဲ့ ထင်ရှား ပါတယ်။
ကျန်စစ်သားမင်းကြီး မွန်ကျောက်စာတွေ ရေးထိုး ခဲ့တဲ့အချိန်မှာ မြန်မာစာအရေးအသား ကျယ်ကျယ် ပြန့်ပြန့် မထွန်းကားသေးပါဘူး။ မြကန်မွန်ကျောက်စာ မှာပါတဲ့ “လက်ဆုယ်ခိရိယ်” (လက်ဆွဲချီရေ) ဆိုတဲ့ စာသားကလေးကို အစောဆုံးမြန်မာစာအဖြစ် အမှတ် အသားပြုခဲ့ကြပါတယ်။
ကျန်စစ်သားမင်းကြီးရေးထိုးခဲ့တဲ့ မွန်ကျောက်စာတွေဟာ မြန်မာစာအရေးအသားဖြစ်ထွန်းမှု အတွက် အရင်းခံအက္ခရာတွေ၊ အရင်းခံအရေးအသားတွေ ဖြစ်တယ်လို့ဆိုရင် မှားမယ်မထင်ပါဘူး။ ဒါ့အပြင် ကျန်စစ်သားမင်းကြီးရဲ့ မွန်ကျောက်စာတွေဟာ ကျန်စစ်သားမင်းကြီးရဲ့ မွန်-ဗမာ ချစ်ကြည်ရင်းနှီးမှု အတွက် ကြိုးပမ်းဆောင်ရွက်ချက်တွေလည်း ဖြစ်ပါတယ်။ မြန်မာစာအရေးအသား သမိုင်းကြောင်းကို လေ့လာသူ တွေဟာ ကျန်စစ်သားမင်းကြီးရဲ့ မွန်ကျောက်စာတွေကို မလေ့လာလို့မရသလို မြန်မာ့ယဉ်ကျေးမှုနဲ့ မြန်မာ့ သမိုင်းကြောင်းကို လေ့လာသူတွေဟာလည်း ဒီကျောက်စာ တွေကို ပစ်ပယ်ထားလို့ မရနိုင်ပါဘူး။
ကိုလိုနီခေတ်မှာ ဖယ်ယာပြတိုက်ထဲထားရှိခဲ့တဲ့ ကျန်စစ်သားမင်းကြီးရဲ့ ကျိုက်တလန်း မွန်ကျောက်စာ တိုင်ကြီးကို ဖယ်ယာပြတိုက် ဖျက်သိမ်းတဲ့အချိန်မှာ ရန်ကုန်တက္ကသိုလ်အာဏာပိုင်တွေက အမြော်အမြင် ကြီးမားစွာနဲ့ ရန်ကုန်တက္ကသိုလ်ထဲကို ကိုယ့်စရိတ်နဲ့ ကိုယ် သယ်ဆောင်လာခဲ့တာ ဖြစ်ပါတယ်။ ရန်ကုန် တက္ကသိုလ်ထဲ ရောက်လာတော့လည်း စာပေအမွေအနှစ်၊ ယဉ်ကျေးမှုအမွေအနှစ်ဖြစ်ရုံသာမက တိုင်းရင်းသား ချစ်ကြည်ရင်းနှီးမှုပြယုဂ်ဖြစ်တဲ့ ဒီကျောက်စာတိုင်ကြီးကို သူနဲ့အလိုက်ဖက်ဆုံးဖြစ်တဲ့ ပညာရတနာပေါင်းဆုံရာ ရန်ကုန်တက္ကသိုလ်စာကြည့်တိုက် အဆောက်အအုံထဲမှာ ထားရှိခဲ့တာ ဖြစ်ပါတယ်။ ရှေးဟောင်း အမွေအနှစ်တွေ ဖြစ်တဲ့ တခြားရှေးဟောင်းကျောက်စာတိုင်တွေဟာ ကောင်းစွာ ထိန်းသိမ်းထားနိုင်ခြင်း မရှိသေးတဲ့အချိန်မှာ စစ်ဘေးစစ်ဒဏ်တွေ၊ မိုးဒဏ်လေဒဏ်တွေကြောင့် ပျက်စီး ဆုံးရှုံးခဲ့ကြရပေမယ့် ဒီကျောက်စာတိုင်ကြီးကတော့ ရန်ကုန် တက္ကသိုလ်စာကြည့်တိုက်ထဲမှာ မပျက်မစီးဘဲ နဂိုမူလ ထိန်းသိမ်းထားစဉ်ကအတိုင်း မားမားမတ်မတ် တည်ရှိ နိုင်ခဲ့တာ ဖြစ်ပါတယ်။
စာကြည့်တိုက်ဝင်ဝင်ချင်းမှာ
မားမားမတ်မတ်ရှိနေတဲ့ ကျောက်စာတိုင်ကြီး
ပညာရပ်နယ်ပယ်မှာ မူလအထောက်အထားဆိုတာ လွန်စွာမှ အရေးကြီးလှပါတယ်။ နိုင်ငံတစ်နိုင်ငံ လူမျိုး တစ်မျိုးရဲ့ စာပေလေ့လာမှု၊ ယဉ်ကျေးမှုအစဉ်အလာနဲ့ သမိုင်းကြောင်း လေ့လာမှုတွေအတွက် လွန်ခဲ့တဲ့နှစ်ပေါင်း တစ်ထောင်လောက်က မူလအထောက်အထားရဖို့ဆိုတာ သိပ်လွယ်ကူတဲ့အရာ မဟုတ်ပါဘူး။ ဒါပေမဲ့ ဒီအခွင့်အရေး ကို ရန်ကုန်တက္ကသိုလ်စာကြည့်တိုက်ထဲမှာ အလွယ်တကူ ရရှိနိုင်ပါတယ်။ နိုင်ငံရပ်ခြားတက္ကသိုလ်တွေက ပညာရှင် တွေ ရောက်ရှိလာတဲ့အခါ ရန်ကုန်တက္ကသိုလ် စာကြည့် တိုက်ကို ပြသဖို့ခေါ်ဆောင်ရင်း စာကြည့်တိုက်ဝင်ဝင်ချင်း မှာ မားမားမတ်မတ်ရှိနေတဲ့ ကျောက်စာတိုင်ကြီးကိုပြပြီး ဒါတို့နိုင်ငံက လွန်ခဲ့တဲ့ နှစ်ပေါင်းတစ်ထောင်လောက်က ရှေးဟောင်းကျောက်စာတိုင်ကြီးနဲ့ ရှေးဟောင်းစာ အရေး အသားတွေပါလို့ ရှင်းပြတဲ့အခါ သူတို့ပါးစပ်အဟောင်း သားနဲ့ တအံ့တဩငေးမောကြည့်ရှုကြရပါတယ်။
ဒီလို အလွန်စိတ်ဝင်စားစရာကောင်းပြီး အဖိုးမဖြတ် နိုင်တဲ့ ရှေးဟောင်းအမွေအနှစ်တစ်ရပ် ရန်ကုန်တက္ကသိုလ် ထဲမှာရှိနေတာဟာ ရန်ကုန်တက္ကသိုလ်က ဆရာ ဆရာမ တွေ၊ ကျောင်းသူ ကျောင်းသားတွေ၊ ဝန်ထမ်းတွေနဲ့ ရန်ကုန်တက္ကသိုလ်နဲ့ မကင်းနိုင်သူတွေ အားလုံးအတွက် ဂုဏ်ယူစရာဖြစ်ပါတယ်။ ရန်ကုန်တက္ကသိုလ်မှာ ပညာ ဆည်းပူးခဲ့ကြသူတွေ၊ ဆည်းပူးနေကြသူတွေ၊ ရန်ကုန် တက္ကသိုလ်ကို ရောက်ဖူးခဲ့ကြသူတွေဟာ ဒီကျောက်စာ တိုင်ကြီးအကြောင်း ကောင်းကောင်းမသိဘူးဆိုရင်၊ ဒီကျောက်စာတိုင်ကြီးကို ကောင်းကောင်းမကြည့်ဖူးဘူး ဆိုရင် အင်မတန်နှမြောစရာကောင်းလှပါတယ်။
ဒါကြောင့် မကြာခင် ကျရောက်တော့မယ့် ရန်ကုန်တက္ကသိုလ်ရဲ့ ရာပြည့်အခါသမယကို အကြောင်းပြုပြီး ရန်ကုန် တက္ကသိုလ်ထဲကို တစ်ခါတစ်ခေါက် အလည်ရောက်မယ် ဆိုရင်ဖြင့် ရန်ကုန်တက္ကသိုလ်စာကြည့်တိုက်ထဲက နှစ်ပေါင်း တစ်ထောင်နီးပါးရှိပြီဖြစ်တဲ့ ကျန်စစ်သားမင်းကြီးရဲ့ အမွေအနှစ် ရှေးဟောင်းကျောက်စာတိုင်ကြီးကို လာရောက် ကြည့်ရှုလှည့်ကြပါလို့ ဖိတ်ခေါ်လိုက်ရပါတယ်။ ။
ဒေါက်တာအောင်မြင့်ဦး