မြန်မာမှာ ကိုဗစ် ဒုတိယလှိုင်းကို ထိန်းချုပ်နိုင်ခဲ့ပေမယ့် ထိရောက်တဲ့ ကာကွယ်ဆေး မရှိသေး

01-Jan-2021

ခင်မောင်စိုး

■ မြန်မာနိုင်ငံမှာ ကိုဗစ် ဒုတိယလှိုင်းကို ထိန်းချုပ်နိုင်ပြီလို့ အစိုးရ ကျန်းမာရေး အရာရှိတစ်ဦးက ပြောပါတယ်။ တပြိုင်တည်းမှာလည်း လူထုပေါ့ဆရင် ရောဂါဖြစ်ပွားမှု ပြန်လည်မြင့်မားလာနိုင်တယ်လို့ ဆရာဝန်တွေက သတိပေးပါတယ်။

ဒီအတွင်း ကိုဗစ်ကုသဆေးဆိုပြီး မြန်မာပြည်မှာ သတင်းထွက်ပေါ်နေတဲ့ Favipiravir ဖာဗီပီရာဗီယာဆေး ဟာ ဒီဗိုင်းရပ်စ်ကို အပြည့်အဝ ထိန်းချုပ်ကုသပေးနိုင်တဲ့ ဆေးမဟုတ်ဘူးလို့ သိရပါတယ်။ 

မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ဖြစ်ပွားမှုကို ဘယ်လောက်ကျယ်ကျယ်ပျံ့ပျံ့ စစ်ဆေးနိုင်သလဲဆိုတာ မသိရပေမယ့် အစိုးရထုတ်ပြန်ချက်အရဆိုရင် လက်ရှိမှာ ကျဆင်းလာနေပါတယ်။ ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာန ညွန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးက-

“ပိုးတွေ့ရှိမှုအနေနဲ့အနေနဲ့ ၄% အောက်ကို ကျဆင်းလာတာ တွေ့ရပါတယ်။ နှစ်သစ်ကူးပိတ်ရက်တွေမှာ လူတွေသာ အပြင်မထွက်ဘဲ နေမယ်ဆိုရင် ဒါအခြေအနေကောင်းတစ်ခုကို ရရှိနိုင်မယ့် အနေအထားဖြစ်ပါတယ်။ လက်ရှိအနေအထားက ဒုတိယလှိုင်းကို ကျော်ပြီလို့ပြောရမှာထက် ဒုတိယလှိုင်းကို စတင်ထိန်းချုပ်နိုင်ပြီလို့ ပြောမယ်ဆိုရင် ပိုမှန်မယ်”

လူထုပေါ့ဆရင် လက်ရှိကျဆင်းမှုပြန်လည်မြင့်မားလာနိုင်တယ်လို့ လူထုအခြေပြု ကျန်းမာရေးပညာရှင် ဒေါက်တာ စစ်နိုင်က သတိပေးပါတယ်။

“တချို့တိုင်းပြည်တွေမှာ ဒုတိယလှိုင်းလို့ပြောရင် လှိုင်းက အပြည့်အဝမကျခင်မှာ ထပ်တက်တာမျိုးတွေ ရှိတယ်ဆိုတော့ ကိုယ်တွေလည်း နည်းနည်းသက်သာလာတယ် နည်းလာတယ်ဆိုပေမယ့် လျှော့တွက်လို့ မရဘူး။ လုပ်မှားကိုင်မှား အခြေအနေဆိုးရင် ပြန်ထောင်လာနိုင်တယ်။ တကယ်က ဒီ့ထက်ကျဖို့လိုတာ”

ဒီအတောအတွင်းမှာပဲ ပြည်တွင်း သတင်းမီဒီယာတချို့က မြန်မာနိုင်ငံရဲ့ ပထမဆုံး ကိုဗစ်ကုသဆေးကို ဆေးကုမ္ပဏီ Favipiravir ဖာဗီပီရာဗီယာကို ပြည်တွင်း ဆေးကုမ္ပဏီ တစ်ခုက စတင်ထုတ်လုပ်နိုင်ပြီလို့ မနေ့က ဖော်ပြခဲ့ကြပါတယ်။ ဒေါက်တာစစ်နိုင်က ဒီဗိုင်းရပ်စ်ကို အပြည့်အဝ ထိန်းချုပ်ကုသပေးနိုင်တဲ့ဆေး ကမ္ဘာပေါ်မှာ ဒီကနေ့အထိ မရှိသေးဘူးလို့ သတိပေးပါတယ်။

“ကိုရိုနာဗိုင်းရပ်စ် SARs Covid 2 ကို တိုက်ရိုက်ချိုးနှိမ်နိုင်တဲ့ဆေး ဒါနဲ့ဆီလျော်တဲ့ ဒီပိုးကို ဒဲ့ထိန်းနိုင်တဲ့ဆေး မရှိသေးဘူး။ တခြား ဗိုင်းရပ်စ်ကို ထိန်းဖို့သုံးတဲ့ဆေးတွေကို စမ်းသပ်သုံးကြည့်ရင်းနဲ့ နည်းနည်းအဆင်ပြေ အသုံးတည့်နိုင်တဲ့ဆေးတွေပဲရှိတယ်။ ခု Remdesivir တို့ Favipiravir တို့ ဒါတွေက အရင်ထဲက သုံးနေကျပါ။ ဒါပေမဲ့ ဒါတွေက မရှိသုံးအနေနဲ့ သုံးတာဖြစ်ပါတယ်။ တကယ်အာနိသင်ထိရောက်ပြီး တကယ်လက်ခံတဲ့ဆေးတွေ မဟုတ်ပါဘူး”

တပြိုင်နက်မှာပဲ ဗြိတိန်နိုင်ငံမှာ မကြာခင်ကတွေ့ရှိရတဲ့ ကူးစက်မြန် ကိုဗစ်မျိုးရိုးဗီဇသစ်ကို လူတွေက စိုးရိမ်နေကြပါတယ်။ ဒီကိစ္စကို ဗြိတိန်က သတင်းထုတ်ပြန်တဲ့နေ့မှာပဲ မြန်မာနိုင်ငံမှာ စတင်စစ်ဆေးခဲ့ပြီး အခုအချိန်ထိ မတွေ့ရသေးဘူးလို့ ဒေါက်တာ ခင်ခင်ကြီးက ပြောပါတယ်။ 

“မန္တလေးက နမူနာ ၁၁ ခု၊ ရန်ကုန်နဲ့ ပဲခူးက နမူနာ ၁၁ ခု စုစုပေါင်း ၂၂ ခုကို စစ်ဆေးတဲ့အခါမှာ UK မှာ တွေ့ရှိရတဲ့ပိုး ဗီဇပြောင်းပိုး အာဖရိကမှာတွေ့ရတဲ့ ဗီဇပြောင်းပိုး မဟုတ်ဘဲနဲ့ အရင်ကအတိုင်းပဲ D614G ရယ် mutation အသေးတစ်ခုရယ်ပဲ တွေ့ရှိရပါတယ်”

ကာကွယ်ဆေးရရှိလာနိုင်တဲ့အခြေအနေကရော ဘယ်လိုရှိပါသလဲ။

“အိန္ဒိယက ဝယ်ယူမယ်ဆိုတဲ့ ဆေးတွေလည်း မကြာမီမှာပဲ ရောက်လာမယ့် သဘောရှိပါတယ်။ ကျမတို့ ကိုဗက် အဖွဲ့ကလည်း ကာကွယ်ဆေးရမယ်။ ပြီးတော့ နိုင်ငံချင်းချိတ်ဆက်ပြီးတော့ တရုတ်ရယ် အိန္ဒိယရယ် ရုရှ ရယ် US ရယ် UK ရယ် သံတမန်နည်းအရ ချိတ်ဆက်ပြီး ဆောင်ရွက်ထားတာလည်း ရှိပါတယ်၊ အတိအကျသိရပြီးတဲ့အခါ သက်ဆိုင်ရာက ထုတ်ပြန်မှာဖြစ်ပါတယ်”

ဒေါက်တာစစ်နိုင်ကတော့ ကမ္ဘာတစ်ခုလုံးက အလုအယက် ဝယ်နေကြတဲ့ဆေးဖြစ်လို့ မြန်မြန်ရရှိရေးအတွက် အတော်ကြိုးစားဖို့လိုတယ်လို့ ဝေဖန်ပါတယ်။

“အချိန်မီအများကြီးထုတ်ပြီး ရောင်းချဖြန့်ဖြူးဖို့ဆိုတာ ခက်တာပေါ့၊ ကိုယ်တွေက လုနိုင်မှာ၊ ဝင်ဆွဲနိုင်မှ ရမယ့်အနေအထား ရှိတာပေါ့”

ဒီအတွင်းမှာပဲ အများပြည်သူတွေ နေအိမ်မှာပဲ နေထိုင်ကြဖို့ ညွန်ကြားချက်ကို သက်ဆိုင်ရာက ဇန်နဝါရီလကုန်အထိ တိုးမြှင့်လိုက်တဲ့အတွက် လူတချို့က မကျေမနပ်ဖြစ်နေကြတာနဲ့ ပတ်သက်ပြီး ဒေါက်တာစစ်နိုင်က လက်ရှိထုတ်ပြန်ချက်တွေဟာ အလွန်အမင်း တင်းကျပ်ခြင်းမရှိပါဘူး။ ကိုဗစ်ကာကွယ်ရေးအတွက် လူထုရဲ့ လိုက်နာမှုအားနည်းနေဆဲဖြစ်တဲ့အတွက် တင်းကျပ်မှုနဲ့ လျှော့ပေးမှုတွေ တပြန်စီဖြစ်နေမှာပါပဲလို့ ပြောပါတယ်။
RFA