ထိုင်းမှာ ဗိုင်းရပ်စ်ကူးစက်ခံရတဲ့ မြန်မာ ၅၀ ကျော် ဆေးကုသခွင့်ရရှိ

03-Jan-2021

ထိုင်းနိုင်ငံ စမွတ်ဆာခွန်ခရိုင် မဟာချိုင်မြို့က ကိုဗစ်ရောဂါပိုး တွေ့ခဲ့တဲ့ မြန်မာရွှေ့ပြောင်းလုပ်သား ၅၄ ဦးကို မဟာချိုင်က ဝပ်ကိုကတ် ဘုန်းကြီးကျောင်းထဲက (ကွာရမ်တင်းစင်တာ) ယာယီဆေးကုသဆောင်မှာ ၁၄ ရက်ကြာ ထိုင်းကျန်းမာရေးဌာနက စောင့်ကြည့်ပြီး ဆေးကုသပေးပါတယ်။

ဒီဇင်ဘာလ ၃၁ ရက်နေ့ကနေစပြီး ဒီကနေ့ ဇန်နဝါရီလ ၂ ရက်နေ့ထိ စက်ရုံအလုပ်ရုံတွေမှာ အလုပ်လုပ်နေတဲ့ ပိုးတွေ့ မြန်မာရွှေ့ပြောင်းလုပ်သားတွေကို ယာယီဆေး ကုသဆောင်မှာထားပြီး ဆေးကုသပေးနေပါတယ်လို့ မြန်မာရွှေ့ပြောင်းလုပ်သား ဦးဝင်းစိန်က ပြောပါတယ်။

"ဒီမှာရောက်နေတာက ကျနော်တို့ အားလုံး စုစုပေါင်းကတော့ ၅၄ ယောက်၊ မနေ့က ကျနော်တို့ အဖွဲ့ ကတော့ ၁၃ ယောက်ပေါ့ဗျ။ ဒီမှာ ကွာရန်တင်းဝင်ရမယ်ဆိုပြီးတော့ ဒီကို ပို့လာတာပဲ အလုပ်ရုံကနေ။ သွေးစစ်ပြီးလို့ ပေါ်တဲ့လူနာတွေကိုတော့ ဒီကို ပို့လိုက်တယ်လေ။ အနံ့ပျောက်တာတွေတော့ မရှိဘူး။ အားလုံးက ကျန်းမာရေး အကောင်းကြီးပဲ။ ဆရာဝန်တွေရဲ့ ဆေးစစ်ချက်အရ ကျနော်က ဆေးစစ်တဲ့ အချိန်မှာ သွေးနည်းနည်းတိုးတယ်။ နောက်ပြီးတော့ အားလုံး နည်းတယ်ဆိုပြီးတော့ ကွာရန်တင်း ဝင်ရမယ်တဲ့။ ခုလို ဒီဆရာဝန်တွေနဲ့ နီးနီးနားနားမှာ နေရတယ်ဆိုတော့ တကယ်လို့ ကိုယ်က ကျန်းမာရေး မကောင်းဘူး ပိုးရှိနေတယ်ဆိုရင် ဒီမှာက ပြုစုစောင့်ရှောက်တဲ့နေရာမှာ နေရတာ ပိုပြီးတော့ ကောင်းတာပေါ့။ ဝမ်းသာပါတယ်။ အခုလို ပြုစုစောင့်ရှောက် ပေးတာ ကျေးဇူးတင်တာပေါ့။"

အသက် ၅၂ နှစ်အရွယ် ဦးဝင်းစိန်ဟာ ဇန်နဝါရီလ ၁ ရက်နေ့မှာ စရောက်လာတဲ့ မြန်မာ ၁၄ ယောက်ထဲက တစ်ယောက်ပါ။

မြန်မာအလုပ်သမား မမိုးမိုးကတော့ ဒီဇင်ဘာလ ၂၄ ရက်နေ့က ကိုဗစ်ရောဂါပိုး ရှိ၊ မရှိ စစ်ဆေးခဲ့ပြီး ပိုးရှိတယ်လို့ သိရပြီးနောက် ဒီဇင်ဘာလ ၃၁ ရက်နေ့မှာ ယာယီဆေးကုသဆောင်ကို ရောက်ရှိလာတာ ဖြစ်တယ်လို့ ပြောပါတယ်။

"ညီမတို့လာတာ ၃၁ ရက်နေ့ ၊ ဘာမှတော့ မခံစားရဘူး။ လူကောင်းလိုပဲ ဒါပေမဲ့ ပထမဆုံး အနံ့အရင် ပျောက်တာလေ၊ စစ်တဲ့အခါမှာ positive ဖြစ်တယ်လေ။ အဲဒီတော့ သမီးတို့ကျတော့ ခွဲပြီး စောင့်ကြည့် လူနာ အဖြစ်နဲ့ပဲနေရတာ။ ဒါပေမဲ့ ချောင်းဆိုးလာတယ်။ ပြီးတော့ ဆေးတောင်း သောက်ထားတယ်။ စောင့်ကြည့်လူနာ အဖြစ်ထားတာ ကျန်တာ ဘာမှ မလုပ်ပေးဘူးလေ။ လုပ်ပေးမယ်ဆိုတာက မနက် မိုးလင်းလာတဲ့အခါမှာ မနက် စာ စားပြီးရင် ၈ နာရီလောက်မှာ အကုန်လုံး ပြန်စစ်တယ်။ စစ်ပြီးရင် ဘယ်သူဘာဖြစ်တယ် ဆိုရင် ဆေးပေးတယ်။"

သူတို့ဟာ အသက် ၂၀ ကျော်ကနေ ၄၀ ကျော်အရွယ်တွေများပြီး ပထမဆုံးအကြိမ် ဆေးကုသမှုခံယူခွင့် ရရှိတာလည်း ဖြစ်ပါတယ်။

အဲဒီယာယီဆေးခန်းမှာ မြန်မာရွှေ့ပြောင်းလုပ်သားတွေကိုပဲ သီးသန့် ထားတာဖြစ်ပြီး အပြင်မထွက်နိုင်အောင် သော့ခတ်ထားသလို၊ စစ်သားတွေက လုံခြုံရေး စောင့်ကြည့်နေတဲ့အတွက် ဝရမ်းပြေးလို ခံစားရတယ်လို့ မမိုးမိုး က ပြောပါတယ်။ အခုလို မြန်မာရွှေ့ပြောင်းလုပ်သားတွေကို သီးသန့်ခွဲခြားထားတာ မဖြစ်သင့်ဘူး လို့လည်း သူက ပြောပါတယ်။

"မကြိုက်တာက မပြောတတ်ဘူးလေ။ မြန်မာနိုင်ငံသားတွေမှာ လူမှုဖူလုံကြေး ပေးထားတာပဲလေ။ ဒါပေမဲ့ တကယ်တန်းဖြစ်လာတဲ့အခါကြတော့ သူတို့ ဆေးရုံမှာ လက်မခံဘဲနဲ့ အဲဒီလိုမျိုးထားတယ် ဆိုလို့ရှိရင် မြန်မာနိုင်ငံသား တစ်ယောက်အနေနဲ့က သူတို့ဆီမှာ ကိုယ်က ခိုးဝင်လာတာလည်း မဟုတ်ဘူး။ ပတ်စပို့ စာအုပ်နဲ့ လတိုင်းလတိုင်း သူတို့ လူမှုဖူလုံရေးကတ်က ဖြတ်ပေးတဲ့အခါကျရင် အခုတခါ တကယ်တမ်း ဖြစ်လာတဲ့အခါကျတော့မှ မြန်မာနိုင်ငံသားတွေ ဆေးရုံမှာ မပေးနေဘူးဆိုတာက အဆင်မပြေဘူးလေ။ ဘာဖြစ်လို့လဲဆိုလို့ရှိရင် ညီမတို့က ခိုးပြီးဝင်လာတာမှ မဟုတ်တာ။"

မြန်မာရွှေ့ပြောင်းအလုပ်သမားတွေကို ကူညီပေးနေတဲ့ ACC မဟာမိတ်အဖွဲ့ အထွေထွေတာဝန်ခံ၊ ပြောရေး ဆိုခွင့်ရှိသူ ဦးရဲမင်း က

"ဝပ်ကုတ်ကတ်လို့ ခေါ်တာပေါ့။ ဝပ်ဆိုတာ ဘုန်းကြီးကျောင်းပေါ့။ ကတ်ဆိုတာက ရပ်ကွက်နာမည်။ အဲဒီ ရပ်ကွက်က ဘုန်းကြီးကျောင်းမှာ ထားတာ။ နေရာလည်းကျယ်တယ်။ ကွာရန်တင်းစင်တာ ထားထား တာပေါ့။ အဲက ဘုန်းကြီးတွေ ခွင့်ပြုတဲ့အတွက် ကွာရန်တင်းစင်တာတော့ မှန်တယ်။ အဲဒီမှာလည်း ကျနော်တို့ မြန်မာ လူမျိုး volunteer တွေကို ခေါ်ထားတယ်။ စေတနာ့ဝန်ထမ်း စကားပြန်တွေပေါ့နော်။ လိုအပ်တဲ့ လူနာ ၁၅ ဦးကို တစ်ဦးနှုန်းနဲ့ ထားပေးတယ်။ စကားပြန်ခေါ်ထားတယ်။ အဲဒီမှာလာတဲ့လူလည်း ရှိတယ်။ သိပ်တော့ မျှော်လင့်သလောက် မလာဘူးပေါ့။ လောလောဆယ်တော့ ထိုင်းအစိုးရကတော့ တတ်နိုင်သလောက် ရောဂါကာကွယ်နေတယ်။ ထိန်းချုပ်နေတယ်။ စစ်ပေးနေတယ်။ သို့ပေမဲ့ ကျနော်တို့ တကယ့်ထိရောက်မှု ရှိမရှိဆိုတာကတော့ လုံးဝကို အပြည့်အဝ ယုံကြည်လို့ မရတဲ့အနေအထားမှာရှိတယ်။ တတ်နိုင်သလောက်တော့ လုပ်ပေးနေတယ်။ မြန်မာသံရုံးကလည်း လုပ်ပေးနေတယ်။ အမှန်ကတော့ ဆေးရုံမှာ ထားပေးသင့်တာပေါ့နော်။"

ဒီယာယီဆေးကုသဆောင်ကိုတော့ မြန်မာသံရုံးက အရာရှိတွေ၊ အလုပ်သမားအရာရှိတွေ လာရောက် ကြည့်ရှုတာ မရှိသေးဘူးလို့ ဦးဝင်းစိန်က ပြောပါတယ်။

ထိုင်းနိုင်ငံက ရွှေ့ပြောင်းလုပ်သားတွေကို အခုလို ယာယီဆေးကုသဆောင်တွေ ထားရှိပေးမှုနဲ့ ပတ်သက်လို့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့က မြန်မာသံရုံး အရာရှိတွေ အလုပ်သမားအရာရှိတွေကို ဆက်သွယ်ခဲ့ပေမယ့် မရခဲ့ပါဘူး။

ဘန်ကောက်မြို့ မြန်မာသံရုံးရဲ့ ထုတ်ပြန်ချက်မှာတော့ စမွတ်ဆာခွန်ခရိုင် ပုဇွန်ဈေးအနီး သွားလာမှု ပိတ်ပင်ထားတဲ့နေရာက မြန်မာရွှေ့ပြောင်းလုပ်သားတွေကို ရေသန့် ၆ ရာ မီလီမီတာ၊ ၁၅၀၀၀ ဗူးကို ဇန်နဝါရီလ ၁ ရက်နေ့ သွားလှူဒါန်းခဲ့ကြောင်းနဲ့ ကျန်းမာရေးလိုအပ်ချက်တွေကို မေးမြန်းခတယ်လို့ ပါရှိပါတယ်။ မြန်မာ ရွှေ့ပြောင်းလုပ်သားတွေ ကျန်းမာရေးကောင်မွန်နေပြီး ကိုဗစ်ရောဂါ လက္ခဏာပြသသူ မရှိသေးကြောင်းနဲ့ စေတနာရှင်တွေက လှူဒါန်းတဲ့ ချင်း ၁၀ ကီလိုဂရမ် ကို ပေးပို့ခဲ့တယ်လို့ ဇန်နဝါရီလ ၁ ရက်နေ့က ထုတ်ပြန်ထားပါတယ်။

မဟာချိုင်မြို့က ပုဇွန်ဈေးကနေစတင်ခဲ့တဲ့ ကိုဗစ်ရောဂါပိုး ကူးစက်ခံရသူတွေထဲမှာ မြန်မာရွှေ့ပြောင်း လုပ်သား ၁၀၀၀ ကျော် ပါဝင်ခဲ့ပါတယ်။ ၂၀၂၀ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့က ကိုဗစ်ရောဂါပိုး ကူးစက်ခံရသူတွေထဲက ၅၀၀ ကျော်ဟာ ရောဂါပျောက်ကင်းသွားပြီလို့ ထိုင်းကျန်းမာရေးဌာနက တာဝန်ရှိသူက ပြောဆိုပါတယ်။

ထိုင်းနိုင်ငံမှာ ခရိုင် ၅၀ ကျော်မှာ ကိုဗစ်ရောဂါပိုး ကူးစက်ပြန့်ပွားမှုတွေ ရှိနေပါပြီ။ မြန်မာတွေ အများအပြား နေထိုင်နေတဲ့ စမွတ်စခွန်ခရိုင်၊ တာခ်ခရိုင် မဲဆောက်တွေ အပါအဝင် ခရိုင်တော်တော်များများကို အသွားအလာ ကန့်သတ်ထားပါတယ်။

ဇန်နဝါရီလ ၂ ရက်နေ့ ကိုရိုနာဗိုင်းရပ်စ်ပိုး တွေ့ရှိသူ လူနာသစ် ၂၁၆ ဦးရှိပြီး ဒီထဲမှာ ပြည်တွင်းကူးစက် ၁၈၂ ဦး၊ ရွှေ့ပြောင်းလုပ်သား ၃၂ ဦးနဲ့ ၁ ဦး ထပ်မံ သေဆုံးခဲ့လို့ ဒီနေ့ထိ သေဆုံးသူ ၆၄ ဦးရှိပြီ ဖြစ်ကြောင်း ထိုင်းနိုင်ငံ ကိုဗစ်ရောဂါထိန်းချုပ်ရေး စီမံခန့်ခွဲရေးဌာနက ထုတ်ပြန်ထားပါတယ်။

ထိုင်းနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူ ၆၃ ဦး ရှိပြီ ဖြစ်ပြီး ရောဂါကူးစက်ခံရသူ စုစုပေါင်း ၇ ထောင်ကျော်ရှိနေပြီလို့ ထိုင်း ကျန်းမာရေးဌာန ကိုဗစ်ရောဂါ ထိန်းချုပ်ရေးစင်တာက ထုတ်ပြန်ထားပါတယ်။

RFA Burmese