ကိုဗစ်-၁၉ ကာကွယ်ဆေးအပေါ် သတင်းမှားဖြန့်ချိပါက ပြစ်ဒဏ်ချမှတ်မည်

21-Jan-2021

ဗန်ကောက် ဇန်နဝါရီ  ၂၀

ထိုင်းနိုင်ငံ၌  ကိုဗစ်-၁၉ ကာကွယ်ဆေးနှင့် စပ်လျဉ်း၍  လူမှုကွန်ရက်  (သို့မဟုတ်) အခြားမီဒီယာအမျိုးအစားတစ်မျိုးမျိုးမှ  သတင်းအမှား ဖြန့်ချိမှုအတွက် ပြင်းထန်သည့် ပြစ်ဒဏ်ကို  ချမှတ်သွားမည်ဖြစ်ကြောင်း ဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာက ယနေ့သတိပေးပြောကြားသည်။

၂၀၂၀ ပြည့်နှစ် မတ်လအတွင်း ကြေညာခဲ့သည့်  အရေးပေါ် ထုတ်ပြန်ချက်အရ ထိုင်းနိုင်ငံအနေဖြင့် ကိုဗစ်-၁၉ ရောဂါနှင့် စပ်လျဉ်းသည့် မည်သည့်သတင်းအမှားမျိုးကိုမဆို ဖြန့်ချိသူအား ကျန်းမာရေး ခြိမ်းခြောက်မှုဖြင့်  ပြစ်ဒဏ်ချမှတ်နိုင်သည်။

ထိုင်းနိုင်ငံ၏ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေးမှု နောက်ကျခြင်း အပေါ် ဝေဖန်မှုများ ထွက်ပေါ်နေပြီးနောက် ကာကွယ်ဆေးသည် နိုင်ငံရေး ပါတီများ၏ သတင်းမှားဖြန့်ချိသည့်   ပစ်မှတ်ဖြစ်လာနေပြီဖြစ်ကြောင်း  ဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာက ယူဆသည်။  “ဥပဒေပိုင်းအရ ပြစ်ဒဏ်ချမှတ်မှု ပြုမယ်ဆိုတာကြောင့် ခြိမ်းခြောက်တယ်လို့ ကျွန်တော့် အပေါ်  မယူဆစေချင်ဘူး။ ပြည်သူတိုင်းက အစိုးရရဲ့ ဆောင်ရွက်ချက် အပေါ် ယုံကြည်မှု ရှိဖို့လိုပါတယ်” ဟု  ပရာယွတ်က ပြောကြားခဲ့သည်။

ကျန်းမာရေးသိပ္ပံဌာနမှ ညွှန်ကြားရေးမှူးချုပ် ဆီရီလတ်က အစိုးရ အနေဖြင့်  ပြီးခဲ့သည့်လများ အတွင်းကပင် ကာကွယ်ဆေးဝယ်ယူရန် ဆောင်ရွက်နေခဲ့သော်လည်း မည်သည့်ဆေးက ထိုင်းနိုင်ငံ၏အနေအထား နှင့်   အကိုက်ညီဆုံးဖြစ်မည်ဆိုတာကို    ဆန်းစစ်လေ့လာရခြင်းကြောင့် ဆေးဝယ်ယူမှု နောက်ကျနေရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြား ခဲ့သည်။ အစိုးရသည် နိုင်ငံသား ၅၀ ရာခိုင်နှုန်းအား  ကာကွယ်ဆေး ထိုးနှံပေးနိုင်မည့် ပမာဏကိုဝယ်ယူရန်  ယေဘုယျသတ်မှတ်ထားသော် လည်း နိုင်ငံသားအားလုံးကို ကာကွယ်ဆေးထိုးနှံပေးနိုင်ရန်အထိ ရည်ရွယ်ဆောင်ရွက်နေ သည်ဟု ညွှန်ကြားရေးမှူးချုပ်က  ဆက်လက် ပြောသည်။

ထိုင်းနိုင်ငံသည် လာမည့်ဖေဖော်ဝါရီလတွင် ကာကွယ်ဆေး ပထမ သုတ်အဖြစ် တရုတ်နိုင်ငံထုတ် Coronavac ကာကွယ်ဆေးအလုံးရေ  နှစ်သိန်းကို စတင်လက်ခံရရှိမည်ဖြစ်ပြီး ယင်းနောက် ဗြိတိန်၏ Astra  Zeneca ဆေးအလုံးရေ နှစ်သန်းကို  ထပ်မံလက်ခံရရှိမည်ဖြစ်သည်။

ကိုးကား- စီအင်န်အေ

ဘာသာပြန်- မေလဲ့သင်း