ကိုဗစ်ကာကွယ်ဆေး လူတိုင်းထိုးသင့်ကြောင်း ဆေးထိုးမှုခံယူပြီး မြန်မာဆရာဝန်တိုက်တွန်း

23-Dec-2020

အမေရိကန်ပြည်ထောင်စုမှာ ကျန်းမာရေးဝန်ထမ်းတွေကို Covid-19 ကာကွယ်ဆေး အရင်ဆုံး စတင်ထိုးပေးနေတဲ့ အထဲမှာ မြန်မာနွယ်ဖွားဆရာဝန်တွေလည်း ပါဝင်ပါတယ်။ အခုလို Covid-19 ကာကွယ်ဆေးထိုးတာ နဲ့ပက်သက်ပြီး ကိုယ်တိုင်အထိုးခံခဲ့တဲ့ အထွေထွေအထူးကုဆရာဝန် ဒေါက်တာစိုးပိုင်ကို ကာကွယ်ဆေးထိုးသင့်မထိုးသင့်နဲ့ပက်သက်လို့ ကိုအာင်မြတ်သူက ဆက်သွယ်မေးမြန်းတင်ပြထားပါတယ်။

ဖလော်ရီဒါပြည်နယ် Jackson Memorial ဆေးရုံ အထွေထွေအထူးကု ဒေါက်တာစိုးပိုင် ဟာ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းကပဲ Pfizer ကထုတ်တဲ့ ကာကွယ်ဆေးကို ပထမအကြိမ် ကိုယ်တိုင်အထိုးခံခဲ့တာပါ။ Covid-19 ကာကွယ်ဆေး ကိုယ်တိုင်အထိုးခံထားသူတဦးအနေနဲ့ ကာကွယ်ဆေး ထိုးသင့်မထိုးသင့်နဲ့ပက်သက်လို့ သူကအခုလို အကြံပေးပါတယ်။

”Covid-19 ကာကွယ်ဆေးက လူအားလုံးထိုးသင့်တယ်လို့ကျနော်ထင်ပါတယ်။ ခလေးတွေနဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေကို သူတို့စမ်းထားတဲ့ Data မရှိသေးလို့သူတို့ကတော့ exception ပေါ့။ ကျန်တဲ့လူအားလုံးတော့ ထိုးသင့်တယ်လို့ကျနော်ထင်ပါတယ်။”

မေး။ ။ ဆေးထိုးပြီးနောက်ပိုင်း ခန္ဒာကိုယ်က ဘယ်လိုတုံ့ပြန်ချက်တွေဖြစ်လာပါလဲ။

ဖြေ။ ။ ကျနော်ကတော့ ဘာမှ သိပ်ပြီး ထူးထူးထွေထွေမရှိပါဘူး။ Flu Shot ထိုးသလိုပဲ နည်းနည်းလေး ထိုးတဲ့နေရာက နာတာနဲ့နည်းနည်းနုံးတာ ဒီလောက်ပါပဲ။ ကြီးကြီးမားမား ဘာပြသနာမှမရှိပါဘူး။ နေလို့ကောင်းပါတယ်။

မေး။ ။ ဒီကာကွယ်ဆေးကို ၂ ကြိမ် ထိုးရတာ ဘာကြောင့်ပါလဲခင်ဗျ။

ဖြေ။ ။ ဒါကတော့ ပထမတလုံးထိုးပြီးတော့ body က ကိုယ်ခံအား Antibody ထုတ်တဲ့ဟာမှာ ပထမ one dose ကတော့ initial dose ။ နောက်တခုက booster dose ပိုပြီးတော့ body reaction ကို ပိုပြီး အားဖြည့်တဲ့သဘောပေါ့။ တော်တော်များများ vaccine တွေက ဒီလိုပါပဲ။ တလုံးထဲနဲ့ပြီးတဲ့ ဆေးမဟုတ်တော့ များသောအားဖြင့် ထပ်ထပ်ထိုးကြတယ်။ အဲဒီတော့ ဒီကိုဗစ်ဆေးကတော့ ၂ လုံး ထိုးရတယ်ပြောတယ်။

မေး။ ။ အခုဆို ကာကွယ်ဆေးအမျိူးမျိူးရှိနေတဲ့ အပေါ်မှာ ဘယ်ကာကွယ်ဆေးက ပိုပြီးကောင်းမယ်ထင်ပါလဲ။

ဖြေ။ ။ ကိုဗစ်နဲ့ပတ်သက်လို့ကတော့ အခု ကျနော်တို့သိတာ ၂ ခု ရှိတယ်။ Pfizer ဆိုတာနဲ့Moderna နှစ်မျိူးရှိတယ်။ ဒီနှစ်ခုပဲ ကျနော်တို့ဒီ အမေရိကားမှာ သုံးသေးတယ်။ ဆေးက ထိရောက်မှုကတော့ အတူတူပဲလို့ပြောတယ်။ သူတို့လုပ်ထားတဲ့ Data တွေအရ ဘာမှ သိပ်ပြီးတော့ မပြောင်းဘူး။ ဒါပေမယ့် ဆေးသိုလှောင်ရတဲ့ နေရာမှာ Pfizer က နည်းနည်းပိုခက်တယ်။ Temperature အရမ်းအေးအေး -90 ဖာရင်ဟိုက်လောက်ကိုထားမှ ။ ဆက်တိုက်ပေါ့ စထုတ်တဲ့အချိန်ကနေ ထိုးတဲ့ အချိန်အထိ Temperature ကို Maintain လုပ်နိုင်မှ ဆေးက အာနိသင်ရှိတာ။ Moderna ကတော့ ပိုပြီးထိန်းသိမ်းရလွယ်တယ်။ ရိုးရိုးတန်းတန်း ပုံမှန် Freeze ထဲမှာ ထားလို့လည်းရတယ်။ အဲတာတခုရှိတယ်။ Pfizer ကျတော့ ဒုတိယဆေးကို ၂၁ ရက်မြောက်မှာထိုးတယ်။ Moderna က ၂၈ ရက်မြောက်မှာထိုးတယ်။ တပတ်ခြားပြီးထိုးတာပေါ့။ ကျန်တာတွေ effect တွေကတော့ အတူတူပါပဲ။ side effect တွေ ဘာတွေ အကုန်လုံး ဘာမှထူးထူးထွေထွေမရှိပါဘူး။ အမေရိကမှာ ၂ မျိုးစလုံးသုံးပါတယ် ။ နေတဲ့ နေရာအပေါ်မူတည်တယ်၊ insititution တွေအပေါ်မှာမူတည်တယ်။ ဘယ်ဟာက ဘယ်ဟာထက် ပိုပြီးကောင်းတယ်ဆိုတာ မရှိပါဘူး။

မေး။ ။ ကာကွယ်ဆေးထိုးသူတွေအတွက် ကန့်သပ်ချက်တချို့ရှိနေတာမို့ဒီကန့်သပ်ချက်တွေကို ဘယ်လိုသပ်မှတ်ထားသလဲ။ ဥပမာ- အသက် (၁၈)နှစ်အောက်အရွယ်တွေ၊ ကိုယ်ဝန်ဆောင် အမျိုးသမီးတွေ ထိုးလို့ မရဘူးဆိုတာမျိုးပေါ့။

ဖြေ။ ။ အဲတာတော့ special population သဘောမျိုးပေါ့။ အခုဟာက emergency ထိုးရတဲ့ သဘောပေါ့။ FDA က emergency approve ဖြစ်တာ။ ဆိုတော့ သတိထားရတာပေါ့။ ကလေးတို ၊့ကိုယ်ဝန်ဆောင်တို့ကို။ ကိုယ်ဝန်ဆောင်တွေကျတော့ သာမန်လူတွေစမ်းတဲ့ research ထက် အများကြီးပိုစမ်းရတယ်။ အချိန်ပိုယူရတယ်။ Data တွေပို လိုတာပေါ့။ ပို စိတ်ချရအောင်။ အခုလောလောဆယ်က emergency သုံးနေရတယ်ဆိုတော့ သူတို့အတွက် လုံလောက်တဲ့ Data မရှိသေးလို့safety အနေနဲ့ဟာ သိပ်ပြီးပြောလို့မရဘူး။ Data မလုံလောက်သေးလို့မထိုးပါနဲ့ဦးလို့ပြောတဲ့ သဘောပါပဲ။ အန္ဒရာယ်ရှိလို့ဘာရယ်လို့မဟုတ်ပါဘူး။

အခုဆိုရင် Covid-19 ကာကွယ်ဆေးတွေ ထွက်ပေါ်လာနေချိန်မှာပဲ ဗိုင်းရပ်စ်က ဗီဇဖွဲ့စည်းပုံတွေ ဆင့်ကဲပြောင်းလဲပြီး ကူးစပ်မှုတွေ ပိုပိုပြီး တိုးလာနေတာကို တွေ့နေရပါတယ်။ ဒီအပေါ်မှာ လက်ရှိထိုးနေကြတဲ့ Covid-19 ကာကွယ်ဆေးရဲ့ထိရောက်မှု ရှိမရှိ နဲ့ပက်သက်ပြီး ဒေါက်တာစိုးပိုင်က သူ့ရဲ့ အမြင်ကို အခုလို ပြောပါတယ်။

”Mutation မျိူးရိုးဗီဇဖွဲ့စည်းမှုဆင့်ကဲပြောင်းလဲတာတွေ ဥရောပမှာ ဖြစ်တဲ့ဟာက သိပ်မကြာသေးဘူး။ တပတ်နှစ်ပတ်လောက်ပဲရှိပါသေးတယ်။ ဒီဆေးနဲ့ ဗီဇပြောင်းတဲ့ ပိုးနဲ့က ကိုက်မကိုက် သူတို့အခုမှ စမ်းတုန်းရှိသေးတယ်။ ပြောလို့မရသေးဘူး။ ကျနော်တို့အခုသုံးနေတာကတော့ Regular ကိုဗစ်။ ဟိုး မတ်၊ ဧပြီလောက်ထဲဖြစ်နေတဲ့ဟာကိုပဲ စမ်းထားတယ်ဆိုတော့ အဲဒါအတွက်တော့ ပြောလို့ရတယ်။ အခုဖြစ်တဲ့ variant type တွေကျတော့ သူတို့မသိသေးဘူး။ သူတို့စမ်းတုန်းပဲရှိသေးတယ်။”

လက်ရှိ ထုတ်ပြီးသားကာကွယ်ဆေးတွေဟာ အမေရိကန် တနိုင်ငံလုံးကိုထိုးဖို့မလုံလောက်တာကြောင့် သပ်မှတ်ထားတဲ့ ဦးစားပေး လူအုပ်စုတွေကိုပဲ တဖြည်းဖြည်း ထိုးပေးနေရတာဖြစ်ပြီး ၂၀၂၁ခုနှစ်မှာတော့ လူအများ ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနိုင်မယ်လို့ ခန့်မှန်းထားကြောင့် ဒေါက်တာစိုးပိုင်က ဗွီအိုအေ ကို ပြောပါတယ်။

VOA News