ကိုရိုနာဗိုင်းရပ်စ် စတင်ကူးစက်ပုံစုံစမ်းဖို့ WHO အဖွဲ့ ဝူးဟန်မြို့ရောက်သွားပြီ

14-Jan-2021

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ် (WHO) ဦးဆောင်တဲ့ နိုင်ငံတကာက သိပ္ပံပညာရှင်အဖွဲ့ဟာ ကိုရိုနာဗိုင်းရပ်စ် စတင်ဖြစ်ပွားခဲ့ပုံကို စုံစမ်းစစ်ဆေးဖို့အတွက် တရုတ်နိုင်ငံ ဝူးဟန်မြို့ကို ဒီနေ့မှာရောက်ရှိသွားပြီ ဖြစ်ပါတယ်။ အဖွဲ့ဝင် ၁၀ ယောက်ပါဝင်တဲ့ WHO အဖွဲ့ဟာ စင်ကာပူနိုင်ငံကနေတဆင့် လေယာဉ်နဲ့ ရောက်ရှိလာခဲ့တာဖြစ်ပြီး ၂ ပတ်ကြာ အသွားအလာကန့်သတ်ပြီး သီးသန့်ခွဲနေသွားမှာဖြစ်ပါတယ်။ သတင်းထောက်တွေကို တစုံတရာ ပြောဆိုခြင်းမရှိခဲ့ပေမဲ့ တချို့ကတော့ ကားထွက်သွားတဲ့အချိန်မှာ လက်ပြပြီးတော့ ဓာတ်ပုံရိုက်ခံခဲ့ကြပါတယ်။ အခုလို WHO ဦးဆောင်တဲ့ နိုင်ငံတကာသိပ္ပံပညာရှင်တွေ အဖွဲ့ ရောက်လာတာနဲ့ပတ်သက်ပြီး ဝူးဟန်မြို့ခံတဦးကတော့ -

"အခုချိန်မှာတော့ အတိုင်းအတာတခုအထိ အထောက်အကူဖြစ်မှာပါ။ သူတို့အနေနဲ့ လာတာ နည်းနည်းတော့ နောက်ကျပါတယ်။ ဒါပေမဲ့လည်း နောက်ကျတာက လုံးဝမလာတာထက်စာရင်တော့ ပိုကောင်းပါတယ်။ ဒီကပ်ရောဂါက တရုတ်နိုင်ငံက စဖြစ်တဲ့နေရာလေ။ သူတို့အနေနဲ့ ဒီဗိုင်းရပ်စ် စတင်ပေါ်ပေါက်ခဲ့တဲ့ မူလဇာစ်မြစ်ကို တွေ့ရှိမယ်ဆိုရင် သူတို့အတွက် အထောက်အကူဖြစ်မှာပါ။" လို့ အသက် ၃၈ နှစ်အရွယ် ဝူဟန်မြို့ခံ Yao က ပြောပါတယ်။

တရုတ်နိုင်ငံနဲ့ WHO ကြား လပေါင်းများစွာ သံတမန်ရေး အခြေတင်ပြောဆိုမှုတွေဖြစ်ခဲ့ပြီးတဲ့နောက် တရုတ်သမ္မတရှီကျင့်ဖျင်က နိုင်ငံတကာက စုံစမ်းစစ်ဆေးသူတွေကို လာရောက်ဖို့အတွက် ခွင့်ပြုခဲ့တာ ဖြစ်ပါတယ်။ သိပ္ပံပညာရှင်တွေကတော့ ဒီ ဗိုင်းရပ်ပ်စ်ဟာ လင်းနို့ ဒါမှမဟုတ် တခြားအကောင်တခုခုကနေ လူတွေဆီကို ကူးစက်ခံရတာဖြစ်တယ်လို့ ယူဆနေကြတာဖြစ်ပါတယ်။ WHO ရဲ့ သိပ္ပံပညာရှင်အဖွဲ့ထဲမှာ အမေရိကန်၊ သြစတြေးလျ၊ ဂျာမနီ၊ ဂျပန်၊ ဗြိတိန်၊ ရုရှား၊ နယ်သာလန်၊ ကာတာနဲ့ ဗီယက်နမ်နိုင်ငံတွေက ကျွမ်းကျင်သူတွေ ပါဝင်တာဖြစ်ပါတယ်။

VOA News