လှော်ကားရေလှောင်ကန်အကြောင်း

03-Jan-2023

ရန်ကုန်မြို့မှာ လူဦးရေတိုးတက်လာပြီး ရေလိုအပ်ချက်များပြားလာတဲ့အတွက် ၁၈၈၄ ခုနှစ်မှာ အင်းလျားကန်ကို တည်ဆောက်ခဲ့ပါတယ်။ အင်းလျားကန်မှ ရေကို လက္မ ၃၀ CI ပိုက်ဖြင့် ယခု စက်မှုလမ်း၊ ဦးချစ်မောင်လမ်း၊ ဖိုးစိန်လမ်းတစ်လျှောက် သွယ်တန်းပြီး Gravity Flow ဖြင့် ကန်တော်ကြီးကန်သို့ ရေကူပေးပို့ခဲ့ပါတယ်။
ယခုအခါမှာတော့ နွေရာသီ ကန်တော်ကြီကန် ရေလျော့ကျချိန်၌သာ အင်းလျားကန်မှ ရေကို အဆိုပါပိုက်ဖြင့် ကန်တော်ကြီးကန်သို့ ရေကူထည့်ပေးလျက်ရှိပါတယ်။
ကန်တော်ကြီးကန်နှင့် အင်းလျားကန်များရဲ့ တည်ဆောက်စဉ်က အချက်အလက်များကတော့ ယခုအခါ မရှိတော့ကြောင်းသိရပါတယ်။
သက္ကရာဇ် ၁၉၀၀ ပြည့်နှစ်မှာတော့ ရန်ကုန်မြို့ရဲ့ မြောက်ဘက် ၁၇ မိုင် အကွာ လှော်ကားအရပ်ဒေသမှာ လှော်ကားရေလှောင်ကန်ကြီးကိုတည်ဆောက်ခဲ့ရာ ၁၉၀၄ ခုနှစ်မှာ ပြီးစီးခဲ့ပါတယ်။ သဓုကန်ဘုရားအနီမှာရှိလို့ လှော်ကားကန်ကို သာဓုကန်လို့လည်းခေါ်ကြပါတယ်။ လှော်ကားကန်ရဲ့ အချက်အလက်များကို အောက်ပါ ပုံမှာဖော်ပြထားပါတယ်။
လှော်ကားကန်ရဲ့ ထူးခြားချက်ကတော့ တည်ဆောက်စဉ်က မြေသားတမံရဲ့ သိပ်သည်းမှုရအောင် ဆင်ဖြင့်နင်း၍ကြိတ်ခဲ့တယ်လို့သိရပါတယ်။ အဲဒီခေတ် အခါက ကုန်ကျစရိတ် အသက်သာဆုံးဖြစ်ခဲ့လို့ တည်ဆောက်ခဲ့တဲ့ အင်ဂျင်နီယာအတွက် ဂုဏ်ယူစရာဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် ယခုအချိန်မှာတော့ နှစ်ကာလ ကြာလာတဲ့
အတွက်ကြောင့် ရေစိမ့်ထွက်မှု ပမာဏ များလာတယ်လို့ ရေလှောင်ကန်အင်ဂျင်နီယာကြီးများရဲ့ ပြောပြချက်အရ သိရပါတယ်။ လှော်ကားကန်ရဲ့ ရေယူအဆောက်အအုံ ကတော့ ယနေ့ထိ အသုံးပြုနိုင်ဆဲပါ။ ရေယိုစိမ့်မှုများကတော့ မကြာခဏ ပြုပြင်ပေးနေရတယ်လို့ သိရပါတယ်။ ပြင်ဆင်ထိန်းသိမ်းမှုကောင်းတဲ့ ရေလှောင်ကန် အင်ဂျင်နီယာကြီးများအတွက် ဂုဏ်ယူစရာတစ်ခုပါ။
လှော်ကားကန်မှ ရေပေးဝေနိုင်တဲ့ပမာဏ ကတော့ တစ်ရက်ကို ဂါလန် ၁၄ သန်းပါ။ ၄၂ လက္မ အချင်း CI ပိုက်ဖြင့် ရန်ကုန်မြို့ထဲသို့ ဆက်သွယ်ထားပါတယ်။ အဆိုပါ ရေပို့ပိုက်ရဲ့ ခရီးဟာ သူ့ခေတ်သူ့အခါက အရှည်ဆုံးလို့ ဆိုရမှာဖြစ်ပါတယ်။ ယခု ဦးချစ်မောင်နှင့် ဖိုးစိန်လမ်းဆုံမှာ ရေပို့ပိုက်ဟာ နှစ်လိုင်းခွဲသွားပါတယ်။ တစ်လိုင်းကတော့ ဦးချစ်မောင်၊ ဗညားဒလ၊ သိမ်ဖြူလမ်းတလျှောက် ဗိုလ်ချုပ်လမ်းအထိ ဆက်သွယ်ထားပါပြီး အဲဒီရန်ကုန်မြို့အရှေ့ပိုင်းကိုရေပေးဝေခဲ့ပါတယ်။ နောက်တစ်လိုင်း
ကတော့ ဖိုးစိန်လမ်း အတိုင်းသွားပြီး ဖိုးစိန်လမ်းပေါ်ရှိ ဖိုးစိန်ရေတွန်းစက်ရုံကို ရောက်ပါတယ်။ ယခုအခါမှာတော့ ဖိုးစိန်ရေတွန်းစက်ရုံဟာ အသုံးမပြုတော့တဲ့ အတွက် မရှိတော့ပါဘူး။ ရေပို့ပိုက်လိုင်းဟာ ဖိုးစိန်ရေတွန်းစက်ရုံက အထွက်မှာ ၂၇ လက္မ အချင်းဖြစ်သွားပြီး ရွှေတံဂုံဘုရား ရေလှောင်ကန်သို့ ဆက်သွယ်ထားပါတယ်။ ရွှေတံဂုံ ဘုရားရေလှောင်ကန်ဟာ ဂါလန် ၁ သန်းဆန့် ရေလှောင်ကန်ဖြစ်ပါတယ်။ ယခုအခါ ရွှေတံဂုံဘုရားတောင်ဘက်မုဒ် ဓာတ်လှေကားအနီး ကားပါကင်နားမှာ သွားရောက် 
လေ့လာနိုင်ပါတယ်။ 
ရွှေတံဂုံဘုရားရေလှောင်ကန်မှ အထွက်မှာတော့ ၂၇ လက္မ အချင်း ပိုက်လိုင်းနှစ်လိုင်းထွက်ပါတယ်။ တစ်လိုင်းကတော့ ရွှေတံဂုဘုရားလမ်းတစ်လျှောက်သွယ်တန်း ထားပြီး ရန်ကုန်မြို့ထဲသို့ ရေပေးဝေပါတယ်။ နောက်တစ်လိုင်းကတော့ ဦးထောင်ဘိုလမ်းမှ ပန်းဆိုးတန်းလမ်းတစ်လျှောက် သွယ်တန်းပြီး ရန်ကုန်မြို့ထဲသို့ ရေပေးဝေ ပါတယ်။ အဲဒါကြောင့် လှော်ကားရေဟာ ရွှေတဂုံဘုရားလမ်း၊ ပန်းဆိုးတန်းလမ်းနှင့် သိမ်ဖြူလမ်း ၃ နေရာမှ ရန်ကုန်မြို့ထဲသို့ ရေပေးဝေလျက်ရှိခဲ့ရာ ယနေ့ထက်တိုင် 
ဆက်လက်ပေးဝေလျက် ရှိပါတယ်။
လှော်ကားရေလှောင်ကန် ရေယူအဆောက်အအုံမှ သိမ်ဖြူလမ်းအထိ ရေပေးပို့မှုဟာ Gravity Flow ဖြင့် စီးဆင်းနေတာ့ဖြစ်ပါတယ်။ သက်တမ်း နှစ်ပေါင်း ၁၀၀ ကျော် ပြီ ဖြစ်တဲ့ လှော်ကားရေပေးရေစနစ်ဟာ မြန်မာအင်ဂျင်နီယာများအတွက် စံပြုဂုဏ်ယူစရာဖြစ်ကြောင်း ထပ်မံ ဖော်ပြလိုပါတယ်။ လှော်ကားကန်ရဲ့ စိတ်ဝင်စားဖွယ်များကို ကိုယ်တိုင်သွားရောက်လေ့လာပါက ဒိထက်မက ပိုမိုတွေ့မြင်နိုင်ပါတယ်။ လှော်ကားရေလှောင်ကန် ဝန်ထမ်းများ ကလည်း လှိုက်လဲပျူငှာစွာ ကြိုဆိုပြီး ဂုဏ်ယူ
ဝင့်ကြွားစွာ စိတ်ရှည်ရှည်ဖြင့် ရှင်းလင်းပြသ ပေးတာကိုလည်း စိတ်ချမ်းသာစရာ တွေ့မြင်နိုင်ပါတယ်။
ကျေးဇူးအထူးတင်ရှိလျက်ပါ။

Credit # www.ycdc.gov.mm