ကြွေလွင့်သွားတဲ့ အနုပညာငွေကြယ်ပွင့်များ

19-Aug-2021

မြန်မာနိုင်ငံမှာ ကိုဗစ်ကပ်ရောဂါကြောင့် စီးပွားရေးများ ရပ်တန့်နေစဉ်မှာပဲ စစ်တပ်က အာဏာသိမ်းလိုက်တာကြောင့် ပြည်သူတွေ အပေါ် စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး အဘက်ဘက်က အဆင်မပြေရှိနေချိန်မှာ ကမ္ဘာ့ကပ်ရောဂါ ကိုဗစ်-၁၉ တတိယလှိုင်းက ထပ်မံဝင်ရောက်လိုက်တာကြောင့် လူထုရဲ့ ဘဝဟာ ဆီးဖြူသီး ဆန်ကောထဲ့ ထည့်ကာလှိမ့်သည့် ပမာ အလူးအလဲခံနေရတယ်လို့ ဆိုရမှာပါ။

ဒီလို ဘက်ပေါင်းစုံရိုက်ခတ်မှုကြောင့် စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေ ကပ်ရောဂါကြောင့် အချိန်မတိုင်မီ ကြွေလွင့်သွားရတဲ့ အထဲမှာ စာပေ၊ ဂီတ၊ ရုပ်ရှင်၊ ပန်းချီစတဲ့ ဘက်ပေါင်းစုံက အနုပညာရှင်များလည်း ပါဝင်ပါတယ်။

ဇူလိုင် ၁ ရက်ကနေ သြဂုတ် ၁၃ ရက်နေ့အထိ ၁ လကျော် (ရက်ပေါင်း ၄၀ ကျော်) ကာလအတွင်း နယ်ပယ်အသီးသီးက အနုပညာရှင်ပေါင်း ၁၀၀ ကျော် ကွယ်လွန်အနိစ္စရောက်ခဲ့တာဟာ မြန်မာနိုင်ငံ သမိုင်းမှာတော့ စံချိန်တင် အဖြစ်အပျက်လို့ မှတ်တမ်းတင်ရမယ့် အခြေအနေပါ။

စာပေ၊ ဂီတ၊ ရုပ်ရှင်၊ ဇတ်သဘင်ပညာရှင်ကြီးတွေထဲမှာ ဆရာကြီး ဆင်ဖြူကျွန်းအောင်သိန်း၊ ကဗျာဆရာကြီး မင်းယုဝေ၊ ရုပ်ရှင်သရုပ်ဆောင် ဦးစံမတူ၊ ပါဠိနှင့် ပိဋကတ်စာပေ၊ ပေပုရပိုက်စာပေ ပညာရှင် ဆရာကြီး ဦးမောင်မောင်ညွန် စာရေး ဆရာကြီး ဦးအံ့မောင် တို့လို သက်ကြီးရွယ်အိုတွေ ပါသလို ကွယ်လွန်သွားသလို အသက် ၇၀နှင့် ၈၀ တန်း စာပေနှင့် ဂီတ အနုပညာရှင် များဖြစ်သည့် မော်ဒန်ကဗျာဆရာ အောင်ချိမ့်၊ မောင်သင်းခိုင်၊ ရွှေမြိတ်သောင်းတင်၊ မောင်ကြည်သော် (ကောလင်း)၊ အဏ္ဏဝါစိုးမိုး၊ ဆရာမကြီး ခင်စောတင့်၊ နန္ဒမိုးကြယ်၊ မောင်ပုဆိုးကြမ်း၊ ဒေါက်တာခင်မောင်ဝင်း(သင်္ချာ)စတဲ့ စာရေးဆရာကြီးတွေလည်း ပါဝင်ပါတယ်။

အလားတူ တေးဂီတနဲ့ ဇတ်သဘင်ဘက်မှာလည်း တေးသံရှင် တက္ကသိုလ် အေးမောင်၊ စိန်သစ်၊ ရာဇာဝင်းတင့်၊ ပန်တျာ တင်တင်မြင့်၊ ဟာသ သရုပ်ဆောင် မေတ္တာ၊ ရုပ်ရှင်နဲ့ ပန်းချီ ပန်းပုဘက်မှာ သရုပ်ဆောင်လူမုန်း၊ ပန်းချီဆရာတင်မောင်ဦး၊ ယခင်ရုပ်ပြ များရေးဆွဲသည့် ပန်းချီခိုင်တင် စသည့် အနုပညရှင်များလည်း ကွယ်လွန်သွားကြပါတယ်။

ထို့အတွက် ဘဝတလျှောက်လုံး မိမိတို့ မြတ်နိုးရာ အနုပညာကို ဖက်တွယ်ရင်း ကြွေလွင့်သွားခဲ့ရတဲ့ အနုပညာရှင်ကြီး တချို့ ကို အောက်မေ့ သတိရဖွယ် ကောက်နုတ် ဖော်ပြလိုက်ပါတယ်။

တသက်တာစာပေဆုရ စာရေးဆရာကြီး ဆင်ဖြူကျွန်းအောင်သိန်း

စာရေးဆရာကြီး ဆင်ဖြူကျွန်းအောင်သိန်း(၉၃နှစ်)ဟာ ပြီးခဲ့တဲ့ ဇူလိုင်လ ၁၅ရက်နေ့က ရန်ကုန်မြို့ရှိ သူ့ရဲ့နေအိမ်မှာပဲ လူကြီးရောဂါ နဲ့ ကွယ်လွန်သွားခဲ့ပါတယ်။

ဦးကြည်အေး(ခ) ဆင်ဖြူကျွန်းအောင်သိန်းဟာ မကွေးတိုင်း၊ ဆင်ဖြူကျွန်းမြို့နယ် ယမ်းဖိုကျွန်းရွာ ဇာတိဖြစ်ပြီး ၁၉၅၁ ခုနှစ် မှာ ရွှေဇင် အမည်နဲ့ တိုင်းသစ် ဂျာနယ်မှာ ကဗျာတွေ ရေးသားခဲ့ပြီး ၁၉၅၂ ခုနှစ်မှာတော့ ဆင်ဖြူကျွန်းအောင်သိန်း ဆိုတဲ့ ကလောင်နာမည်ကို ပြောင်းလဲခဲ့ ပါတယ်။

ထို့နောက်ပိုင်းမှာတော့ ရုပ်ရှင်ပဒေသာ မဂ္ဂဇင်းအယ်ဒီတာ၊ ရုပ်ရှင်လောက၊ ယနေ့ရုပ်ရှင်နဲ့ နတ်သျှင်နောင် စာစောင်တို့မှာ တာဝန်ခံအယ်ဒီတာ၊ တံခွန်ဂျာနယ် အယ်ဒီတာအဖွဲ့ဝင်၊ ကာနယ်ဇင်းမှာ တာဝန်ခံအယ်ဒီတာအဖြစ် တာဝန်ယူခဲ့ပါတယ်။

ဆရာကြီးဟာ သူ့ဘဝသက်တမ်းတလျှောက် စာရေးခြင်းနဲ့ပဲ အချိန်ကုန်လွန်စေခဲ့တယ်ဆိုတာကို ဆရာရေးသားပြုစုခဲ့တဲ့၊ ပုံ နှိပ်ထုတ်ဝေခဲ့ပြီးတဲ့ စာအုပ်မျိုးစုံ ၂၀၀ ကျော်၊ ဝတ္ထု၊ ဆောင်းပါး ပုဒ်ရေပေါင်း ၃၀၀၀ ကျော်က မီးမောင်းထိုးပြနေပါတယ်။

ဆရာရေးသားခဲ့တဲ့ စာပေလက်ရာတွေအနက် ကိုဆေးရိုးဝတ္ထုတွေဟာ အထင်ရှားဆုံးနဲ့ လူကြိုက်အများဆုံး ဖြစ်ပါတယ်။

၁၉၉၀ ပြည့်နှစ်မှာ ကိုဆေးရိုးဝတ္ထု အမှတ် (၄)၊ ၁၉၉၇ မှာ ကိုဆေးရိုးဝတ္ထု အမှတ် (၆)နဲ့ အမျိုးသားစာပေဆုတွေ ချီးမြှင့် ခံခဲ့ရပြီး ၁၉၉၈ ခုနှစ် ၂၀ ကြိမ်မြောက် အရှေ့တောင်အာရှစာပေဆု ချီးမြှင့်ခြင်း ခံခဲ့ရပါတယ်။

ထို့ပြင် ၂၀၀၅ အတွက် အမျိုးသားစာပေ ဝတ္ထုရှည်ဆုကို နေမင်းတထောင် (၈) တွဲဖြင့် ရရှိခဲ့သလို ၂၀၀၈ မှာလည်း အမျိုး သားစာပေ တသက်တာဆုကိုလည်း ရရှိခဲ့ပါတယ်။ အမည်ရင်း ဦးကြည်အေးဖြင့်လည်း စာအုပ်တွေ ရေးခဲ့သလို တခြား ထင်ရှားတဲ့ ကလောင်အမည်ပွား တခုကတော့ ‘ဇင်အောင်’ ဖြစ်ပါတယ်။

 

အမျိုးသားစာပေ တသက်တာဆုရှင် ကဗျာဆရာကြီး မင်းယုဝေ

မြန်မာစာပေ လောကကို မီးရှူးတန်ဆောင်ပမာ များစွာထွန်းလင်းစေခဲ့သူ အသက် ၉၃ နှစ်အရွယ် စာရေးဆရာကြီး မင်းယုဝေဟာ ဇူလိုင်လ ၂၉ ရက်နေ့မှာ ကွယ်လွန် သွားခဲ့ပါတယ်။

ခေတ်စမ်းစာပေရဲ့ ဒုတိယမျိုးဆက်လို့ သတ်မှတ်ရမယ့် ဆရာမင်းယုဝေဟာ အမည်အရင်း ဦးဝင်းမောင်ဖြစ်ပြီး ဇနီးသည် က ထင်ရှားတဲ့ ကဗျာဆရာမကြီး ငွေတာရီပါ။ ကဗျာဆရာ စာရေးဆရာများဖြစ်သည့် ဂုဏ်ဝင်း၊ နောင်၊ ဗန်းမော်ညိုနွဲ့ ၊ ထွန်းနေ နွယ်၊ တက္ကသိုလ်မင်းမော်၊ တက္ကသိုလ် ဝင်းမွန် စသည့် ဆရာများမှာ ဆရာမင်းယုဝေနှင့် ခေတ်ပြိုင်များလို့ ဆိုနိုင်ပါတယ်။

ဆရာကြီး မင်းယုဝေဟာ ဧရာဝတီတိုင်း၊ ကန်ကြီးထောင့်မြို့ ဇာတိဖြစ်ပြီး ရန်ကုန်တက္ကသိုလ်မှ ၁၉၄၆ ခုနှစ်မှ ၁၉၅၁ ခုနှစ် အထိ ပညာသင်ခဲ့ပြီးနောက် လန်ဒန်တက္ကသိုလ်မှာ အဘိဓာန်ပညာရပ်ကို သင်ယူကာ ရန်ကုန်တက္ကသိုလ် ဘာသာ ပြန် ဌာနမှာ လက်ထောက်စာတည်း လုပ်ခဲ့ပါတယ်။

မြန်မာ့စာပေလောကမှာ ထင်ရှားတဲ့ ငွေတာရီ မဂ္ဂဇင်းမှာ လက်ထောက်စာတည်း၊ မြဝတီမဂ္ဂဇင်းကြီးမှာ အယ်ဒီတာချုပ် တာဝန်ကိုယူခဲ့သလို ကျောင်းသုံး စာအုပ်ကော်မတီဝင်၊ ပညာရေးဝန်ကြီးဌာန မြန်မာစာ အဖွဲ့ဝင်၊ စာပေဗိမာန်စာပေဆုနှင့် အမျိုးသားစာပေဆု ရွေးချယ်ရေး အဖွဲ့ဝင် အဖြစ်လည်း တာဝန်ယူလုပ်ကိုင်ခဲ့သူ ဖြစ်ပါတယ်။

ဆရာရဲ့ ဤလက်များဖြင့် ကဗျာဟာ အလယ်တန်း မြန်မာကဗျာ လက်ရွေးစင်အဖြစ် ပြဋ္ဌာန်းခံရသလို ၁၉၈၀ ခုနှစ် တဝိုက်က ရှု့မဝမဂ္ဂဇင်းမှာ ပန်းချီသရုပ်ဖော် ဆရာကြီး ဦးစိန်၏ လက်ရာများဖြင့် ဖော်ပြခဲ့တဲ့ ဆရာမင်းယုဝေရဲ့ ဗုဒ္ဓဝင် ကဗျာများဟာ လူကြီးလူငယ်မရွေး နားလည်လွယ်ကာ နှစ်သက်မှုများစွာ ရခဲ့ပါတယ်။

၁၉၅၄ မှာ အီစွတ်ပုံပြင် များ စာအုပ်နဲ့ စာပေဗိမာန် ဘာသာပြန်စာပေဆု၊ ၁၉၇၂ မှာ “ရေခပ်ချိန်ကဗျာများ” စာအုပ်နဲ့ အမျိုးသားစာပေဆု (ကဗျာဆု) ရရှိခဲ့ပြီး ၂၀၁၂ ခုနှစ်မှာ အမျိုးသား စာပေ တသက်တာဆု ချီးမြှင့်ခြင်း ခံခဲ့ရသလို တသက်တာ ဓမ္မစာပေဆုနဲ့ သုတစွယ်စုံ တသက်တာ စာပေဆုတွေလည်း ချီးမြှင့်ခံခဲ့ရပါတယ်။

ဆရာကြီး တိုက်စိုး(ဦးသန်းထွတ်)နှင့် တွဲဖက် ရေးသားခဲ့တဲ့ မြန်မာစာမိတ်ဖွဲ့ စာအုပ်မှာ ထင်ရှားပြီး မြန်မာစာနှင့် ပတ်သက် လျှင် လက်စွဲထားရသည့် စာအုပ်ဖြစ်သလို၊ ပထမမြန်မာများ အီစွတ်ပုံပြင်များ၊ ဂရင်းပုံပြင်များ စာအုပ်မှာလည်း ထင်ရှားပါ တယ်။

နောက်ပိုင်းမှာ ကလေးသူငယ်တွေကို ယဉ်ကျေးလိမ္မာဖို့ ရည်ရွယ်ကာ မင်္ဂလာမောင်မယ် စာစောင်ကို ကြီးမှူးဆောင်ရွက် ခဲ့သလို မင်္ဂလာရောင်ခြည် ဗုဒ္ဒဝင် ရုပ်ရှင်၊ သုံးဆယ့်ရှစ်ဖြာ မင်္ဂလာ ပုံပြင်များ၊ ဇာတ်ကြီး ဆယ်ဘွဲ့ အနှစ်ချုပ်တို့မှာ စာဖတ် သူကို စွဲထင်ကျန်ရစ်သည့် စာအုပ်များဖြစ်ပါတယ်။

မင်္ဂလာမောင်မယ် စာစောင်ရဲ့ အယ်ဒီတာချုပ်အဖြစ် ၁၉၈၉ ကနေ ယခု ကွယ်လွန်ချိန်ထိ တာဝန်ယူ ဆောင်ရွက်ခဲ့ပါတယ်။

ဆရာကြီးမှာ မင်းယုဝေဆိုတဲ့ ကလောင်အပြင် ကလောင်အမည်ကွဲ ၁၉ ခု ရှိပါတယ်။

 

အမျိုးသားစာပေ တသက်တာစာပေဆုရှင်(ပညာရှင်)ဦးမောင်မောင်ညွှန့်

၂၀၁၉ ခုနှစ် အမျိုးသားစာပေ တသက်တာစာပေဆုရှင်(ပညာရှင်) ဦးမောင်မောင်ညွှန့်(မန်းတက္ကသ်ိုလ်) ၉၂နှစ်ဟာလည်း ဇူလိုင် ၂၈ရက် နေ့လည် ၁နာရီ ၅ မိနစ်က လူကြီးရောဂါနဲ့ ကွယ်လွန်ခဲ့ပါတယ်။

အမည်အရင်း ဦးညွှန့်မောင်ဖြစ်ပြီး၊ စာကြည့်တိုက်ပညာရှင် ပေစာပုရပိုက်စာ ပညာရှင်လည်း ဖြစ်ကာ အမျိုးသားစာပေ တသက်တာဆု၊ စာပေဗိမာန်စာမူဆု(ပထမဆု) ၊ ပခုက္ကူဦးအုန်းဖေစာပေဆု(ပထမဆု)၊ ထွန်းဖောင်ဒေးရှင်းစာပေဆုများ ရရှိထားသူဖြစ်ပါတယ်။

ဆရာကြီးရေးသားခဲ့တဲ့ စာအုပ်များမှာ မြန်မာတို့၏ ယဉ်ကျေးမှု အမွေ ပေစာပုရပိုက်၊ မြန်မာနိုင်ငံ ပါဠိနှင့် ပိဋကတ်စာပေ သမိုင်းသစ်၊ ရှေးခေတ် မြန်မာစာပေဆိုင်ရာ ကျမ်းများလေ့လာမှုတို့မှာ ထင်ရှားပါတယ်။

 

ဝါရင့်ဟာသသရုပ်ဆောင် ဦးစံမတူ

မြန်မာ့ရုပ်ရှင်လောကရဲ့ ထင်ရှားကျော်ကြားတဲ့ ဝါရင့် လူရွှင်တော်တဦးသာမက ဟာသသရုပ်ဆောင်လည်း ဖြစ်သူ အသက် ၉၀ နှစ်အရွယ် ဦးစံမတူဟာ လူကြီးရောဂါနဲ့ ရန်ကုန်မြို့၊ ရွှေဂုံတိုင်ရှိ သူ့အိမ်နေမှာ သြဂုတ် ၃ ရက်နေ့က ကွယ်လွန်သွားခဲ့ပါ တယ်။

၁၉၃၂ ခုနှစ်ဖွား သူဟာ ရန်ကုန်ဇာတိဖြစ်ပြီး အမည်ရင်းကတော့ မောင်မြင့်သိန်း ဖြစ်ပါတယ်။

ငယ်စဉ်ကတည်းက အငြိမ့်ဇာတ်သဘင်ကို နှစ်သက်သဘောကျတဲ့သူဟာ အသက် ၁၈ နှစ် အရွယ်လောက်မှာ တခေတ် တခါက နာမည်ကြီး မြဒဂုံဇာတ်အဖွဲ့မှာ လူရွှင်တော်အဖြစ် စတင်ကပြရာကနေ အနုပညာလောကထဲ ဝင်ရောက်ခဲ့သူ ဖြစ်ပါ တယ်။

ထိုမှတဆင့် ဇာတ်သဘင်လောကမှ ရုပ်ရှင်နယ်ပယ်အတွင်း ရောက်ရှိလာတဲ့ ဦးစံမတူဟာ ဟာသဇာတ်ရုပ် အများစုနဲ့ ရုပ်ရှင်ကားများစွာမှာ သရုပ်ဆောင်ခဲ့ပြီး လက်တွဲမှုအများဆုံး ဒါရိုက်တွေကတော့ ဦးသုခနဲ့ ဝင်းဦးတို့ ဖြစ်ပါတယ်။

ဦးစံမတူနဲ့အတူ ပလာတာ၊ သော်တာ အတွဲဟာ ပရိသတ်ကြိုက်နှစ်သက် ထင်ရှားတဲ့ ဟာသအတွဲအဖွဲ့ ဖြစ်သလို ဂျော် လီဆွေ၊ နွဲ့နွဲ့စန်းတို့အပြင် ရွှေအိုးစည် တုတ်တုတ် စတဲ့ အနုပညာရှင်တွေနဲ့လည်း လက်တွဲသရုပ်ဆောင် ထင်ရှားခဲ့သူ ဖြစ်ပါ တယ်။

သြော်မိန်းမ၊ ချစ်သူရွေးမယ် ချစ်ဝဲလည်၊ ရဟန်းစားရသော ဆွမ်းတနပ်နဲ့ ဃောသကသူဌေးသားအကြောင်း စတဲ့ ရုပ်ရှင် ဇာတ်ကားတွေဟာ ဦးစံမတူရဲ့ ထင်ရှားတဲ့ ဇာတ်ကားတွေ ဖြစ်ပါတယ်။

 

တသက်တာအမျိုးသားစာပေဆုရ စာရေးဆရာကြီး ဦးအံ့မောင်

ကမ္ဘာကျော် အန်ဒါဆင်ပုံပြင်များကို မြန်မာဘာသာသို့ ပြန်ဆိုရေးသားခဲ့တဲ့ ကဗျာဆရာ၊ စာရေးဆရာကြီး ဦးအံ့မောင်ဟာ ပြီးခဲ့တဲ့ သြဂုတ်လ ၁၂ ရက်နေ့ကပဲ ကွယ်လွန်သွားခဲ့ပါတယ်။ ကွယ်လွန်ချိန်မှာ အသက် ၈၉ နှစ် ရှိပြီ ဖြစ်ပါတယ်။

ဆရာဦးအံ့မောင်ဟာ ၁၉၄၈ မှ ၁၉၅၃ ထိ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂ အမှုဆောင်အဖြစ် ဆောင်ရွက်ခဲ့ပြီး ဝိဇ္ဇာဘွဲ့၊ ဥပဒေဘွဲ့၊ သတင်းစာဒီပလိုမာ၊ ယဉ်ကျေးမှုဝန်ကြီးဌာန စာကြည့်တိုက်ပညာ ပထမဆင့် ရရှိထားသူ ဖြစ်ပါတယ်။

ရန်ကုန်တက္ကသိုလ် မြန်မာစာဌာနနဲ့ အင်္ဂလိပ်စာဌာနမှာ နည်းပြ၊ မော်ကွန်းသတင်းမဂ္ဂဇင်း အယ်ဒီတာချုပ်၊ ဆင်ဟွာ သတင်းဌာနမှာ ဘာသာပြန်အဖြစ်လည်း လုပ်ကိုင်ခဲ့ပါတယ်။

၁၉၇၃ မှာ ဒိန်းမတ်စာရေးဆရာ ကဗျာဆရာ ဟန်ခရစ်ရှန် အန်ဒါဆင်ရဲ့ ရေသူမလေးပုံပြင် ဘာသာပြန်စာအုပ်နဲ့ အမျိုးသား စာပေဆု ရခဲ့ပြီးနောက်မှာ သဲကုန်းမို့မို့ လွမ်းမို့မို့၊ မိုးမခပင်ကြီးအောက်မှာ၊ အင်းတော်ရှင်သမီး၊ ရေခဲနတ်ဒေဝီ၊ ခင်စိတ္တ၊ တံခါးမှူးသား စတဲ့ အန်ဒါဆင်ရဲ့ ပုံပြင်တွေကို ဆက်လက် ဘာသာပြန်ခဲ့ပါတယ်။

ဆရာကြီး သခင်ကိုယ်တော်မှိုင်းနဲ့ အတူလက်တွဲကာ ပြည်တွင်းငြိမ်းချမ်းရေး လှုပ်ရှားမှုတွေ လုပ်ဆောင်ခဲ့သလို လက်ပံတောင်းတောင် ကယ်ဆယ်ရေး ကော်မတီမှာလည်း နာယကအဖြစ် ဆောင်ရွက်ခဲ့ပါတယ်။

ထို့ပြင် ဆရာကြီး သခင်ကိုယ်တော်မှိုင်း ဂူဗိမာန်ထိန်းသိမ်းရေးနဲ့ ငြိမ်းချမ်းရေးကွန်ရက် နာယက၊ ဒဂုန်တာရာ ဂူဗိ မာန်ကော်မတီ ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံ စာရေးဆရာများသမဂ္ဂရဲ့ နာယကအဖြစ်လည်း တာဝန်ယူ ဆောင်ရွက်ခဲ့ပါတယ်။

၂၀၁၉ မှာ တသက်တာ အမျိုးသားစာပေဆုကို ရရှိခဲ့တဲ့ ဆရာကြီး ဦးအံ့မောင်ဟာ ကဗျာ၊ ဆောင်းပါး၊ ဘာသာပြန် စာအုပ် စုစုပေါင်း ၄၆ အုပ် ရေးသားခဲ့ပါတယ်။

 

မော်ဒန်ပန်းချီဆရာ ဒေါက်တာကိုကိုကြီး(စိတ်ပညာ)

မန္တလေးမြို့ဂုဏ်ဆောင် Abstract expressionist မော်ဒန်ပန်းချီဆရာ ဒေါက်တာကိုကိုကြီး (၈၅နှစ်)ဟာ သြဂုတ်လ ဒေါက်တာကိုကိုကြီး၉ရက်နေ့က ကွယ်လွန်သွားခဲ့ပါတယ်။

ဒေါက်တာကိုကိုကြီးဟာ Abstract ပန်းချီကို အသက် ၈၀ ကျော်တဲ့အထိ တစိုက်မတ်မတ်ရေးဆွဲလာခဲ့သူ စိတ်ဒဏ်ရာ ရခဲ့တဲ့ နိုင်ငံရေးအကျဉ်းသားတွေကို စိတ်ပညာနဲ့ပြန်လည်ကုသပေးနေတဲ့စိတ်ကု ဆေးခန်းပညာရှင်များအဖွဲ့မှာလည်း ပါဝင်ခဲ့သူ ပန်းချီဆရာလည်းဖြစ် စိတ်သရုပ်ခွဲပညာရှင်လည်း ဖြစ်ပါတယ်။

မော်ဒန်ပန်းချီဆရာကြီး ဦးကိုကိုကြီးဟာ ဟန်ဂေရီနိုင်ငံက စိတ်ပညာပါရဂူဘွဲ့ရ ဒေါက်တာတယောက်ဖြစ်သလို မန္တလေး တက္ကသိုလ် စိတ်ပညာဌာနရဲ့ ပါမောက္ခဟောင်းတဦးလည်းဖြစ်သလို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မန္တလေးတိုင်းရဲ့ နာယကတဦးလည်းဖြစ်ပါတယ်။

 

အနုပညာကို ဘာနဲ့မှ မလဲနိုင်ခဲ့သူ ကဗျာဆရာအောင်ချိမ့်

သက်ရှိကဗျာလို့ အသိအမှတ်ပြုထားကြတဲ့ ကဗျာဆရာအောင်ချိမ့်ဟာ သူချစ်မြတ်နိုးတဲ့ ကဗျာတွေ ချန်ထားရစ်ခဲ့ပြီး သူ ကတော့ လူ့လောကကြီးကို အပြီးတိုင် စွန့်ခွာသွားခဲ့ပြီ ဖြစ်ပါတယ်။

ကျန်းမာရေးမကောင်းလို့ ဆေးရုံတက်ရောက် ကုသမှုခံယူခဲ့ပြီးနောက် ပြန်ဆင်းလာချိန် ရက်သတ္တပတ် အတွင်းမှာပဲ ကဗျာ ဆရာအောင်ချိမ့်ဟာ ကွယ်လွန်သွားခဲ့ပါတယ်။

သြဂုတ်လ ၉ ရက်၊ ၎င်းကွယ်လွန်ချိန်မှာ အသက် ၇၃ နှစ် ရှိပြီ ဖြစ်ပါတယ်။

အောင်ချိမ့်ဟာ သုခမိန်လှိုင်(သိဒတ္တလှိုင်)၊ မောင်ချောနွယ်၊ ဖော်ဝေး အပါအဝင် အခြားသော ကဗျာဆရာတွေနဲ့အတူ ခေတ်ပေါ် မြန်မာကဗျာအရွေ့ကို ဦးဆောင်ခဲ့သူတဦး ဖြစ်ပါတယ်။

မောင်ချောနွယ်၊ ဖော်ဝေးတို့နှင့် တွဲကာ “သစ်ရွက်သေများပေါ်မှ ရက်စက်သော ဂီတ” ကဗျာစာအုပ်ကို ရေးသားခဲသလို သူ့ရဲ့ အကောင်းဆုံးလက်ရာ ကဗျာတွေကတော့ ဂန္တဝင်မမ၊ ခင်ခင်ပျိုရေ စောင့်ခဲ့တယ်၊ အသဲစွဲကဗျာဆရာတို့မှာ ထင်ရှားပါတယ်။

သူဟာ ကဗျာတွေကို ဘယ်လောက်တောင်ချစ်ပြီး ကဗျာဆရာဘဝကို ဘယ်လောက် မြတ်နိုးသလဲဆိုရင် “ကဗျာမရှိဘဲ ကျနော် မနေနိုင်ဘူး။ အသက်ရှူသလို ရေသောက်သလို ထမင်းစားသလိုပဲ ကဗျာက ကျနော်ရဲ့ အစိတ်အပိုင်း တခုပဲ။ ကဗျာရေးဖို့ တကူးတက ကြိုးစားမနေရဘူး။ ကဗျာတွေကသာ သူ့အလိုလို ကျနော့်ခေါင်းထဲကို ရောက်လာတာ။ အဲဒါက ကံဆိုးတာလား ကံကောင်းတာလားတော့ မသိဘူး။ ကျနော့်ရဲ့ ကြမ္မာပဲ။ ကျနော်အရင်ဘဝက ကဗျာဆရာ ဖြစ်ခဲ့လိမ့်မယ်။ နောက်ဘဝလည်း ကဗျာဆရာပဲ ဖြစ်ချင်တယ်” လို့ အင်တာဗျူးတခုမှာ ဖြေခဲ့ဖူးပါတယ်။

ကဗျာနဲ့ ပတ်သက်ရင် တော်လှန်ပုန်ကန်လိုစိတ် အမြဲရှိသူ ဖြစ်တဲ့အတွက် သူ့ရဲ့ ပြင်းရှတဲ့ ကဗျာတွေထဲမှာ မရိုးဖြောင့်တာ သရဲဘောကြောင်တာတွေကို တွေ့ရမှာမဟုတ်ပါဘူး။

မြန်မာကဗျာ ဆရာတွေ အားလုံးက အတုယူ အားကျရတဲ့ ကဗျာဆရာအောင်ချိမ့် တယောက် သေခြင်းတရားကို မလွန် ဆန်နိုင်ခဲ့ပေမယ့် သူ့ရဲ့ ကဗျာတွေနဲ့ သူ့ရဲ့နာမည်ကတော့ ရှင်သန်ကျန်ရစ်နေမှာ ဖြစ်ပါတယ်။

 

တော်လှန်ကဗျာတွေ ရေးခဲ့တဲ့ ကဗျာဆရာမောင်သင်းခိုင်

မြန်မာ့ကဗျာလောကမှာ ထင်ရှားတဲ့၊ အသက် ၈၁ နှစ်အရွယ် ရှိပြီဖြစ်တဲ့ ကဗျာဆရာမောင်သင်းခိုင်ဟာ ဇူလိုင် ၃၀ ရက်နေ့ က နှလုံးရောဂါနဲ့ နေပြည်တော်၊ ပျဉ်းမနားရှိ သူ့နေအိမ်မှာပဲ ကွယ်လွန်သွားခဲ့ပါတယ်။

ကဗျာဆရာ မောင်သင်းခိုင်ရဲ့ အမည်အရင်းက ဦးမြင့်ဦး ရင်းနှီးသူတွေကတော့ ဗိုလ်ကြီးလို့ ခေါ်ပါတယ်။ စာရေးဆရာ လယ်တီပဏ္ဍိတ ဦးမောင်ကြီး ရဲ့ မြေးပါ။

၁၉၅၈ မှာ တကြိမ်၊ ၁၉၆၆ မှာ တကြိမ်၊ ၁၉၇၈ မှာ တကြိမ် စုစုပေါင်း ၃ ကြိမ်တိုင်တိုင် ရမည်းသင်းထောင်၊ မန္တလေး ထောင်နဲ့ အင်းစိန်ထောင်တွေမှာ နိုင်ငံရေးအမှုတွေနဲ့ အကျဉ်းကျခံခဲ့ရတဲ့ နိုင်ငံရေးအကျဉ်းသားဟောင်း တဦးလည်း ဖြစ်ပါတယ်။

မိုးဝေခေတ်မှာ စာပေလောကကို စတင်ဝင်ရောက်လာခဲ့တဲ့ ကဗျာဆရာ မောင်သင်းခိုင်ဟာ မောင်ချောနွယ်၊ မောင်စိမ်းနီ၊ မောင်သွေးသစ်၊ မောင်ပြုပြင်(ကျုံပျော်)၊ ရွှေရတောင်ကုတ်၊ အောင်ဇင်မင်း၊ စိုးမြင့်သိန်း၊ နီအောင်တို့နဲ့ တွဲကာ တော်လှန်ကဗျာ စာအုပ်မှာ ရေးသားခဲ့ပါတယ်။

ဆရာမောင်သင်းခိုင်ဟာ ပျဉ်းမနား ကဗျာဆရာအသင်း အတွင်းရေးမှူး၊ မြန်မာနိုင်ငံ ကဗျာဆရာသမဂ္ဂ ဗဟိုကော်မတီဝင်၊ မိုးဝေမဂ္ဂဇင်း ကဗျာအယ်ဒီတာ၊ ရုပ်ရှင်တေးကဗျာမဂ္ဂဇင်း ကဗျာအယ်ဒီတာ စသဖြင့်လည်း တာဝန်ယူ လုပ်ဆောင်ခဲ့ဖူးပါ တယ်။

ရုပ်ရှင်တေးကဗျာမှာ သူ့ရဲ့ ကဗျာဆရာတွေနဲ့ အင်တာဗျူးဟာ လူကြိုက်များပါတယ်။

သူ့ရဲ့ တကိုယ်တော် ကဗျာစာအုပ်တွေဖြစ်တဲ့ “ချစ်သူများကို တမ်းတခြင်း၊ မမြင်ရတဲ့မြစ် (ဘာသာပြန်ကဗျာများ)၊ အဖြူအ မည်း သမိုင်းဘိုင်စကုတ်” စာအုပ်တွေဟာ ထင်ရှားတဲ့ ကဗျာစာအုပ်တွေ ဖြစ်ပါတယ်။

အခုတော့ ကဗျာဆရာမောင်သင်းခိုင်လည်း ကွယ်လွန်သလို ရုပ်ရှင်တေးကဗျာကို ဦးစီးထုတ်ဝေခဲ့တဲ့ ဦးချစ်မောင် (အဝကျွန်း) မရှေးမနှောင်း ကွယ်လွန်ခဲ့ပါတယ်။

 

စာရေးဆရာမကြီး ဒေါ်ခင်စောတင့်

အသက် ၈၄ နှစ်အရွယ် အမျိုးသမီး စာရေးဆရာမကြီး တဦးဖြစ်တဲ့ ဒေါ်ခင်စောတင့်ဟာ ပြီးခဲ့တဲ့ သြဂုတ်လ ၈ ရက်နေ့က ကွယ်လွန်သွားခဲ့ပါတယ်။

ဒေါ်ခင်စောတင့်ဟာ အိန္ဒိယပဋိညာဉ်ခံဝန်ထမ်း (ICS) အရာရှိကြီး ဦးဘတင့်နဲ့ ခေတ်စမ်းစာရေးဆရာမကြီး ဒေါ်ခင်မြမူတို့ရဲ့ သမီး ဖြစ်ပါတယ်။

ဆရာမကြီး ဒေါ်ခင်စောတင့်ဟာ ရန်ကုန်တက္ကသိုလ်ကနေ ဘွဲ့ရပြီးနောက် ရန်ကုန်စက်မှုတက္ကသိုလ်၊ ဆေးတက္ကသိုလ် (၁) နဲ့ တက္ကသိုလ် စာပေးစာယူသင်တန်း အင်္ဂလိပ်စာဌာနမှာ ဆရာမအဖြစ် လုပ်ကိုင်ခဲ့ပါတယ်။

၁၉၉၈ ခုနှစ်မှာ မဂ္ဂဇင်း စာမျက်နှာတွေကနေတဆင့် ဘာသာရေးဆောင်းပါးတွေ၊ ဘာသာပြန်ဆောင်းပါးတွေ၊ ပင် ကိုယ်ရေး ဆောင်းပါးတွေနဲ့ စာပေလောကထဲကို ဝင်ရောက်လာခဲ့ပါတယ်။

ကိုယ်မှာပင် နာသော်လည်း စိတ်မှာမနာရအောင်၊ အမေ့ခေတ်စမ်းစာနှင့် သမီး၏အလွမ်းစာ၊ အမေဆောက်ခဲ့သော ရဲ တိုက်ကြီးများ၊ သာသနာ့အာဇာနည် ရွှေပါရမီစိတ်၏ အေးငြိမ်းရာ၊ စွန့်စားမှုဆီသို့ ခြေတလှမ်းနှင့် အတွေးအမြင် စာစုများ၊ စိတ်ကွန်းခိုရာ စာအုပ်တွေကို ရေးသားခဲ့ပါတယ်။

 

စာရေးဆရာဆင်တဲဝမြတ်ဖုန်း

အသက် ၇၄ နှစ်အရွယ် ဦးအောင်ရွှေ (ခ) ဆင်တဲဝမြတ်ဖုန်းဟာ သြဂုတ်လ ၉ ရက်နေ့မှာ ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပ မြို့နယ်ရှိ နေအိမ်မှာ ကွယ်လွန်ခဲ့ပါတယ်။

မန္တလေးတိုင်း၊ တောင်သာမြို့နယ် ဇာတိဖြစ်တဲ့ ဦးအောင်ရွှေဟာ မြင်းခြံမြို့ အမှတ် (၁) အစိုးရ အထက်တန်းကျောင်းနဲ့ မန္တလေး ဝိဇ္ဇာသိပ္ပံတက္ကသိုလ်၊ ရန်ကုန်တက္ကသိုလ်တို့မှာ ပညာသင်ယူခဲ့ပြီး သိပ္ပံဘွဲ့ (ဘူမိဗေဒ) နဲ့ ဘွဲ့လွန်အသုံးချ ဘူမိဗေဒ ဒီပလိုမာတွေ ရရှိခဲ့ပါတယ်။

သတ္တုတွင်းဝန်ကြီးဌာန လက်အောက်ရှိ အမှတ် (၁) သတ္တုတွင်းလုပ်ငန်း၊ သတ္တုတွင်းဦစီးဌာန၊ ဘူမိဗေဒလေ့လာရေးနှင့် ဓာတ်သတ္တု ရှာဖွေရေးဦးစီးဌာနတွေမှာ ဘူမိဗေဒအလုပ်သင်ရာထူးနဲ့ အလုပ်စတင်ဝင်ရောက်ခဲ့ပြီး ဒုတိယညွှန်ကြားရေးမှူး ရာထူးဖြင့် အငြိမ်းစား ယူခဲ့ပါတယ်။

ဆင်တဲဝမြတ်ဖုန်း ဆိုတဲ့ ကလောင်နာမည်နဲ့ သမိုင်းပါမောက္ခ ဒေါက်တာသန်းထွန်း ဦးစီးထုတ်ဝေခဲ့သော မန္တလေး တက္ကသိုလ် နှစ်လည်မဂ္ဂဇင်းတွေမှာ ကဗျာနဲ့ ဝတ္ထုတိုတွေ ရေးသား ကလောင်သွေးခဲ့ပြီးနောက် ၁၉၇၄ ဒီဇင်ဘာလထုတ် ရှုမဝမဂ္ဂဇင်းပါ “မှုန်ဝါးသော အညတြရက်များ” ဝတ္ထုတိုဖြင့် စာပေလောကကို ခြေချခဲ့ပါတယ်။

ငွေတာရီ၊ မိုးဝေ၊ စာပေလုပ်သား၊ မြားနတ်မောင်၊ မဟေသီ၊ ပန်းအလင်္ကာ၊ ပိတောက်ပွင့်သစ်၊ ရနံ့သစ်(ခေတ်ရနံ့)၊ ပေဖူး လွှာ၊ နဘယံ၊ ပိတောက်နွယ်၊ ရုပ်ရှင်တေးကဗျာ၊ Treasure Land၊ နှင်းဆီဖြူ၊ Faces၊ The Earth၊ ကလျာ၊ Journalist၊ အောင်ပင်လယ် စတဲ့ မဂ္ဂဇင်းတွေနဲ့ ဂျာနယ်အချို့တို့မှာ ဝတ္တုတို၊ ဝတ္တုရှည်နဲ့ ဆောင်းပါး၊ ရသစာတမ်းတွေ ရေးသားခဲ့ပြီး ယနေ့အချိန်ထိ စုစုပေါင်း ဝတ္ထုတို/ရှည်နဲ့ ဆောင်းပါး ၂၀၀ ကျော် ရေးသားခဲ့ပါတယ်။

၂၀၁၁ က ရသဝတ္ထုတိုများ စုစည်းမှုအဖြစ် “ခြေရာတို့၏အသံ” စာအုပ်၊ ၂၀၁၅ တွင် ကျောက်စိမ်းလောကနောက်ခံအဖြစ် “ကျောက်စိမ်းမှော် ခေတ်ပြိုင်ဝတ္ထုများ” စာအုပ်၊ ၂၀၁၈ တွင် ဘူမိဗေဒသမားတယောက်၏ ကိုယ်တွေ့ မှတ်တမ်းများအဖြစ် “ဓာတ်သတ္တုတောထဲ တိုးဝင်ခြင်း” စာအုပ်၊ ၂၀၂၁ တွင် “ဟိုတုန်းက ရှုမဝ ဝတ္တုတိုများ” စာအုပ် (စီစဉ်ဆောင်ရွက်ဆဲ) ရေး သား ထုတ်ဝေခဲ့ပါတယ်။

ဆင်တဲဝမြတ်ဖုန်း ကလောင်အမည်အပြင် မောင်မြေပွင့်၊ ပြင်သူ၊ အောင်ရွှေ(ဘူမိဗေဒ)၊ နေထူးပိုင် စတဲ့ ကလောင်ခွဲတွေနဲ့ လည်း ရေးသားခဲ့ပြီး ၁၉၉၄ မှာ မိုးမိုး(အင်းလျား)အထိမ်းအမှတ် ဝတ္တုတိုဆုနဲ့ ၂၀၁၆ မှာ ရွှေအမြုတေ ဆောင်းပါးဆုတွေ လည်း ရရှိခဲ့ပါတယ်။

စာရေးဆရာဆင်တဲဝမြတ်ဖုန်းဟာ ဘော်တွင်းသတ္တုတွင်း စာစောင်နဲ့ မဂ္ဂဇင်းတွေကို ဦးစီးထုတ်ဝေခဲ့ပြီး တောင်သာမြို့နယ် မဂ္ဂဇင်းစာတည်းအဖွဲ့ဝင်အဖြစ် မကွယ်လွန်မီ အချိန်ထိ ဆောင်ရွက်ခဲ့သူ ဖြစ်ပါတယ်။

 

စာရေးဆရာ ညီစေမင်း

လူထုကြီးပွားရေးစာအုပ်တိုက် အယ်ဒီတာ စာရေးဆရာ ညီစေမင်း (၇၂ နှစ်) ဟာ ကိုဗစ်ရောဂါနဲ့ ပြီးခဲ့တဲ့ သြဂုတ် ၉ ရက်နေ့က မန္တလေးဆေးရုံကြီးမှာ ကွယ်လွန်သွားခဲ့ပါတယ်။

သူ ကျောင်းဆရာဖြစ်စ ၁၉၆၇-၆၈ ပညာသင်နှစ်ထုတ် ဆရာအတတ်သင် နှစ်ပတ်လည်မဂ္ဂဇင်းမှာ ဆောင်းပါးရေးရာကနေ စာပေနယ်ကို ခြေချခဲ့ပါတယ်။

ရှုမဝမဂ္ဂဇင်းနဲ့ ရုပ်ရှင်မျက်မှန်မဂ္ဂဇင်းတို့မှာ မောင်ငြိမ်းခိုင်အမည်နဲ့ ကဗျာတွေ စတင်ရေးသားခဲ့ပြီး ပန်းတိုင်၊ မြန်မာ့ဓန၊ ဗြူး တီး၊ ရုပ်ရှင်သစ္စာ၊ စံပယ်ဖြူ စတဲ့မဂ္ဂဇင်းတွေမှာလည်း ဆောင်းပါးတွေ၊ ဘာသာပြန်ဝတ္ထုတွေ ရေးခဲ့ပါတယ်။

မန္တလေးအခြေစိုက် ပန်မဂ္ဂဇင်းရဲ့ အယ်ဒီတာချုပ် လုပ်ခဲ့ဖူးသလို မြန်မာ့ဓန စီးပွားရေးမဂ္ဂဇင်းမှာလည်း ၁၉၉၈ ဇန်နဝါရီလ ထုတ်ကနေ ၂၀၁၂ အထိ ပင်တိုင်ဆောင်ပါးရှင်အဖြစ် ရေးသားခဲ့ပါတယ်။

နိုင်ငံရေးလှုပ်ရှားမှုအဖြစ် ၁၉၆၃-၆၄ မှာ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂမှာ မြင်းခြံမြို့နယ် အထွေထွေအုပ် ချုပ်ရေးမှူးအဖြစ် ဆောင်ရွက်ခဲ့သလို ရန်ကုန်ပညာရေး တက္ကသိုလ်မှာ ပညာသင်နေစဉ်ကလည်း နိုင်ငံရေး လှုပ်ရှားမှုတွေ မှာ ပါဝင်ခဲ့ပါတယ်။

အဲဒီလို ပါဝင်မှုတွေ၊ ဒီမိုကရေစီရေး လှုပ်ရှားမှုတွေကြောင့် သူဟာ ၁၉၇၈-၁၉၈၀ ကာလမှာ အင်းစိန်ထောင်၊ ၁၉၈၉-၉၄ ကာလမှာ မန္တလေး အိုးဘိုထောင်တွေထဲ ဖြတ်သန်းခဲ့ရတဲ့ နိုင်ငံရေးအကျဉ်းသားဟောင်း တဦးလည်း ဖြစ်ပါတယ်။

ဟယ်လင်ကဲလား (ဘာသာပြန်)၊ စန္ဒာရှင်မနဲ့ ခေတ်သစ်ပုံပြင်များ၊ သတင်းသမားကောင်းဖြစ်ဖို့၊ နပိုလီယံကို ခြောက်တဲ့ တစ္ဆေနဲ့ အခြားဘာသာပြန်ဝတ္ထုတွေ၊ ဒေါ်ခင်မျိုးချစ်မှသည် ဒေါ်အောင်ဆန်းစုကြည်ထိ (ဘာသာပြန်)၊ ဝိရောဓိများ စုဆုံရာ၊ ခေတ်နှစ်ခေတ် ထောင်နှစ်ထောင် စတဲ့ စာအုပ်တွေကို ရေးသားခဲ့ပါတယ်။

 

ဝတ္တုတို စာရေးဆရာ သိုက်ထွန်းသက်

ဂျီသြမေတြီ ဂေါဝိန်၊ ကရွတ်ခွေနဲ့ ရေခဲသေတ္တာ၊ ဆိုင်ကယ်တစီးနဲ့ အမျိုးသမီး စတဲ့ ဝတ္ထုတိုတွေ ရေးသားခဲ့တဲ့ စာရေးဆရာ သိုက်ထွန်းသက် (၆၉ နှစ်) ဟာ ကိုဗစ်ရောဂါနဲ့ ဇူလိုင် ၂၈ ရက်နေ့ နံနက်ပိုင်းက မန္တလေး ပြည်သူ့ဆေးရုံကြီးမှာ ကွယ်လွန် သွားခဲ့ပါတယ်။

မန္တလေးအုပ်စုရဲ့ ဝတ္တုတို ရွှေခေတ်မှာတော့ ဆရာသိုက်ထွန်းသက်ဟာ အတွေးအားကောင်းကောင်းနဲ့ ဝတ္တုလေးတွေရေး မြန်မာစာပေ ကွက်လပ်ကို ဖြည့်ဆည်းခဲ့သူပါ။

အမည်ရင်း ဦးသိန်းဇော်ဖြစ်တဲ့ ဆရာသိုက်ထွန်းသက်ကို ၁၉၅၂ မေလ ၃၀ ရက်မှာ မွေးဖွားခဲ့ပြီး ဇာတိကတော့ မန္တလေးမြို့၊ စိန်ပန်းရပ် ဖြစ်ပါတယ်။

၁၉၆၉ ကစလို့ မန္တလေးမြို့ထုတ် ထူးစာစောင်မှာ ‘ထွဏ်းကနောင်’ ကလောင်အမည်နဲ့ ဝတ္ထုကဗျာတွေ စတင်ရေးသားခဲ့ပြီး ရန်ကုန်မြို့ထုတ် ဂျာနယ်၊ မဂ္ဂဇင်းတွေမှာလည်းပဲ ကဗျာတွေ ရေးသားခဲ့ပါတယ်။

၁၉၇၉ ဇူလိုင်လထုတ် မိုးဝေစာပေမဂ္ဂဇင်းမှာ ‘နွားခြေရာခွက်ကလေးများ’ ဝတ္ထုတိုဖြင့် မဂ္ဂဇင်းဝတ္ထုတို ရေးသားမှု စတင်ခဲ့ပြီး ၁၉၉၀ ပြည့် မေလမှ ၂၀၀၃ မတ်လအထိ မဟေသီမဂ္ဂဇင်းမှာ ဇန်မြင့်ကလောင်ခွဲနဲ့ “ရွှေပါးစပ် ငွေပါးစပ်” ကဏ္ဍကို ပင်တိုင် ယူပြီး စာပေရေးရာ ဆောင်းပါးတွေ ရေးသားခဲ့ပါတယ်။

ဆရာသိုက်ထွန်းသက်ဟာ ၁၉၉၇ မှာ ပန်းတိုင်မဂ္ဂဇင်း အယ်ဒီတာ၊ ၁၉၉၇ စက်တင်ဘာ ၂၄ ရက်ကနေ ၂၀၀၃ မတ် ၁၇ ရက်ထိ နံနက်ခင်း သတင်းစာမှာ အယ်ဒီတာ၊ အဲဒီနောက်ပိုင်းမှာ မန္တလေးအခြေစိုက် ရွှေမန္တလေးဂျာနယ် အယ်ဒီတာချုပ် အဖြစ် ဂျာနယ်ရပ်နားတဲ့အထိ လုပ်ကိုင်ခဲ့ပါတယ်။

မြန်မာစာပေလောကမှာ ၁၉၈၅ ခုနှစ်တဝိုက် စာပေဝေဖန်ရေး ဆရာများက ရည်ညွှန်းတဲ့ ဝတ္ထုတို ရွှေခေတ်မှာ ဆရာ ဆူးငှက်၊ ဆရာ ညီပုလေး၊ ဆရာ ကျော်ရင်မြင့်၊ ကိုရိုးကွန်၊ ဆရာ ညိုထွန်းလူတို့နဲ့အတူ ဝသုန္ဒြေလက်ရေး၊ ၁၂ မျက်နှာ နာရီစင် ဝတ္ထုတိုများ၊ ခရမ်းနုရောင်ပွင့် စတဲ့ ဝတ္ထုတိုကောင်းတွေကို စုပေါင်း ထုတ်ဝေခဲ့ပါတယ်။

 

စိန်မျောက်မျောက်၊ စိတ်ပေါက်ပေါက်တို့ရဲ့ ဖန်တီးသူ ကာတွန်းမြေဇာ

ကလေးဘဝမှာ အသည်းစွဲဖြစ်ခဲ့ကြရတဲ့၊ နာမည်ကျော် ကာတွန်းဇာတ်ကောင်တွေဖြစ်တဲ့ “စိန်မျောက်မျောက်၊ စိန်ပေါက်ပေါက်” ၊ “နှင်းနှင်းလေးနဲ့ ရေမြင်းလေး” ဇာတ်ကောင်တွေရဲ့ ဖန်တီးသူ ကာတွန်းမြေဇာဟာ ဇူလိုင် ၂၇ နေ့က ကွယ်လွန်သွားခဲ့ပါတယ်။

ကွယ်လွန်ချိန် အသက် ၇၆ နှစ်အရွယ် ရှိပြီဖြစ်တဲ့ ကာတွန်း(ဦး)မြေဇာဟာ ရန်ကုန်မြို့၊ တာမွေမြို့နယ်ရှိ သူ့ရဲ့ နေအိမ်မှာပဲ လူကြီးရောဂါနဲ့ ဆုံးပါးသွားတာ ဖြစ်ပါတယ်။

ဆင်ဖြူကျွန်း ဇာတိသားဖြစ်တဲ့ ဆရာမြေဇာဟာ ရန်ကုန် ပန်းချီပန်းပု ကျောင်းဆင်းတဦးဖြစ်ပါတယ်။ မန္တလေး လူထုတိုက် မှာ သတင်းစာပညာနဲ့ စာပေပညာရပ်တွေကို သင်ကြားလေ့လာခဲ့ပြီး ၁၉၆၈ ခုနှစ်၊ ကြေးမုံသတင်းစာမှာ ကာတွန်းတွေ စ တင် ရေးဆွဲခဲ့ပါတယ်။

၁၉၈၀ ခုနှစ်တဝိုက် “ချယ်ရီ” စာပေမဂ္ဂဇင်းမှာ ဆရာမြေဇာ လစဉ် ရေးဆွဲခဲ့တဲ့ ခေတ်အခြေအနေကို သရော်တဲ့ ကာတွန်းတွေဟာ လူကြိုက်များလှသလို စာနယ်ဇင်းတွေမှာလည်း ကိုယ်ပိုင်ဟန်ရေးဟန်အသစ်နဲ့ ကာတွန်းအမြောက် အမြား ရေးဆွဲအောင်မြင်ခဲ့ပါတယ်။

 

ပန်းချီပန်းပုပညာရှင် ဆန်နီညိမ်း

ပန်းချီပန်းပု စာပေအနုပညာလောကမှာ လူသိများထင်ရှားတဲ့ မော်ဒန်ပန်းပုပညာရှင်၊ ပန်းချီဆရာတဦးဖြစ်တဲ့ ဆန်နီညိမ်း ဟာ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ဇူလိုင် ၂၀ ရက်နေ့မှာ ကွယ်လွန်သွားခဲ့ပါတယ်။

ဆန်နီညိမ်းကို ဖခင် မြန်မာ့လက်ဝှေ့ကျော် ဦးကျားဘညိမ်းနဲ့ အမိ ဒေါ်ကြည်ကြည်တို့က ၁၉၄၉ ခုနှစ်၊ မန္တလေးမြို့မှာ မွေးဖွား ခဲ့ပြီး ကွယ်လွန်ချိန်မှာ အသက် ၇၂ နှစ်ရှိပြီ ဖြစ်ပါတယ်။

ဆန်နီညိမ်းဟာ ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်မှာ Tiger Gallery အမည်နဲ့ အနုပညာပြခန်းတခု ဖွင့်လှစ်ထားသလို အခြေခံ ဂရပ်ဖစ်အနုပညာ၊ ပျူဒီဇိုင်းများကပြောသော ပျူအတွေးများဆိုတဲ့ စာအုပ်တွေကိုလည်း ရေးသားခဲ့ပါတယ်။

သူဟာ ရန်ကုန်မြို့က အမေရိကန်သံရုံး ပြန်ကြားရေး၊ ပြပွဲနဲ့ ပုံနှိပ်ထုတ်ဝေရေးဌာနမှာ ဂရပ်ဖစ်အနုပညာရှင် တဦးအဖြစ် စာအုပ်ထုတ်ဝေရေးနဲ့ ပြပွဲများ ခင်းကျင်းပြသခြင်းတွေကို နှစ်ပေါင်း ၂၀ ဆယ် လုပ်ကိုင်ခဲ့ပါတယ်။

မြန်မာနိုင်ငံ တနံတလျား ခရီးသွားရင်း မှတ်တမ်းဓာတ်ပုံတွေ ရိုက်ကူးခဲ့တဲ့အပြင် မဂ္ဂဇင်းတွေမှာလည်း သရုပ်ဖော် ပန်းချီနဲ့ စာအုပ်မျက်နှာဖုံး ပန်းချီတွေ ရေးဆွဲပြီး အနုပညာဆောင်းပါးတွေလည်း ရေးသားခဲ့သူတဦး ဖြစ်ပါတယ်။

၁၉၈၈ အရေးအခင်းမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပထမဆုံး မိန့်ခွန်းပြောနေတဲ့ ဓာတ်ပုံကို ရိုက်ကူး မှတ်တမ်းတင်ခဲ့သူ ဖြစ် ပြီး အရေးအခင်း လှုပ်ရှားမှုတွေကို ရုပ်သံရိုက်ကူးကာ အမေရိကန် သံရုံးမှတဆင့် ကမ္ဘာကို ချပြခဲ့သူ တယောက်လည်း ဖြစ် ပါတယ်။

သူ မကွယ်လွန်ခင် တရက်အလို၊ ဇူလိုင် ၁၉ ရက်နေ့မှာ သူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာကနေတဆင့် “ဆန်နီညိမ်း တောင်း ဆိုသည်” ဆိုပြီး စစ်ကောင်စီကို ရည်ညွန်းတဲ့ပုံနဲ့ “ရပ်ကြတော့” ဆိုတဲ့ တုန်ရီချိနဲ့နေတဲ့ လက်ရေးနဲ့ စာလုံးမပီမသ ရေးသား ခဲ့ပါသေးတယ်။

 

ဒေါက်တာမြင့်ဦး (ခ) မြင့်ဦး (GP)

ကလောင်နာမည် မြင့်ဦး (GP) လို့ လူသိများတဲ့ အသက် ၆၈ နှစ် အရွယ် အထွေထွေရောဂါကု ဆရာဝန်ကြီး ဒေါက် တာမြင့်ဦးဟာ ဇူလိုင် ၃၀ ရက်နေ့မှာ ကိုဗစ်ရောဂါနဲ့ ကွယ်လွန်သွားခဲ့ပါတယ်။

ဒေါက်တာမြင့်ဦးဟာ ကိုဗစ်ရောဂါ ကူးစက်မခံရခင် အချိန်အထိ ရန်ကုန်မြို့၊ အလုံမြို့နယ် ဆင်မင်းရပ်ကွက် ဆန္ဒန်လမ်းမှာ ရှိတဲ့ “ဝင်း” ဆေးကုခန်းမှာ ကိုဗစ်ရောဂါ ဝေဒါနာရှင်တွေကို ဆေးကုသပေးနေခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

Save Myanmar Children Foundation ရဲ့ ဥက္ကဋ္ဌ တဦးလည်းဖြစ်တဲ့ သူဟာ ဒေါက်တာစေတနာ ကလောင်နာမည်နဲ့ ကျန်းမာရေး၊ လူမှုရေးဆိုင်ရာ အသိပညာပေး ဆောင်းပါးတွေ ရေးသားသလို ဆေးပညာဆိုင်ရာ ဗဟုသုတွေကို လည်း ဟောပြောမျှဝေပေးနေသူ တဦးလည်း ဖြစ်ပါတယ်။

ထို့ပြင် နိုင်ငံရေး၊ လူမှုရေးဆိုင်ရာများကိုလည်း ဘက်ပေါင်းစုံ ဟောပြော ဆွေးနွေးနိုင်သူတဦး ဖြစ်ပါတယ်။

ဒေါက်တာမြင့်ဦးဟာ ရန်ကုန်ဆေးတက္ကသိုလ် (၁) ကနေ ဘွဲ့ရရှိခဲ့ပြီး အမေရိကန်နိုင်ငံက Hubert Humphrey Fellowship ပညာသင်ဆုကိုပါ ရရှိခဲ့ပါတယ်။

ဒေါက်တာမြင့်ဦးဟာ အမေရိကန်နိုင်ငံ မြောက်ကယ်ရိုလိုင်းနား ပြည်နယ်က Medicine & Beyond အဖွဲ့မှာလည်း မြန်မာ နိုင်ငံဆိုင်ရာ ညှိနှိုင်းရေးမှူးတာဝန် ထမ်းဆောင်ခဲ့ဖူးပါတယ်။

 

ပန်းချီ၊ သရုပ်ဆောင် ခိုင်တင်

ရုပ်ပြလောကမှာ နာမည်ကြီးပြီး ပန်းချီလည်းရေး၊ သရုပ်ဆောင်လည်းလုပ်တဲ့ ပန်းချီ သရုပ်ဆောင် ဦးခိုင်တင်ဟာ ဇူလိုင် ၃၀ ရက်နေ့မှာ ကွယ်လွန်ခဲ့ပါတယ်။

ရောဂါအခံရှိသူ တဦးဖြစ်တဲ့ အသက် ၇၀ အရွယ် ဦးခိုင်တင် အနေနဲ့ ကိုဗစ်-၁၉ ကပ်ရောဂါကို အရှုံးပေးခဲ့ရပါတယ်။

ပန်းချီခိုင်တင်ဟာ ကလေးဘဝအရွယ်မှာ ဖင်ဖြစ်သူ ဝယ်ပေးတဲ့ ပန်းချီ ဦးဘကြည်ရဲ့ လက်ရာ ဗုဒ္ဓဝင်ရုပ်ပြ စာအုပ်ကို လက်ဝယ် ပိုင်ဆိုင်ခွင့် ရကတည်းက ပန်းချီကို စိတ်ဝင်စားခဲ့သူ ဖြစ်ပါတယ်။

အရွယ်ရောက်လာတဲ့ အချိန်မှာ ပန်းချီပညာကို ပြည်တွင်း၊ ပြည်ပ ပန်းချီပညာရှင်တွေဆီကနေ မြင်ဆရာပြုပြီး လေ့လာခဲ့ သလို လူငယ်ဘဝမှာ ပန်းချီ မောင်မောင်သိုက်ကို ကူညီပေးရင်း ပန်းချီပညာကို လေ့လာခဲ့ပြီး နောက်ပိုင်းမှာတော့ သူ ရုပ်ပြတွေ ရေးခဲ့ပါတယ်။

ဇာတ်ကောင် တကောင်ချင်းစီကို အသေးစိတ်၊ အနုစိတ် ရေးဆွဲထားတဲ့ သူ့ရဲ့ ပန်းချီဆန်တဲ့ ရုပ်ပြလက်ရာတွေကို မြန် မာပြည်မှာ ရုပ်ပြတခေတ် ကောင်းချိန် ရုပ်ပြချစ်သူ ပရိသတ်တွေ မှတ်မိကြမယ်ထင်ပါတယ်။

ထို့အတူပဲ မြန်မာရုပ်ရှင် ဗီဒီယိုဇာတ်ကားတွေမှာ လူကြီးခန်းကနေ ဟာသဇာတ်ရုပ် အများစုကို သရုပ်ဆောင်တဲ့ လူ တယောက်၊ မျက်မှန်နဲ့ အပြုံးချိုချို၊ သူ့ဟန်၊ သူ့သရုပ်ဆောင်မှုတွေကိုလည်း ပရိသတ်တွေက အမှတ်ရနေကြမှာ ဖြစ်ပါ တယ်။

ဟာသသရုပ်ဆောင် လူရွှင်တော် မေတ္တာ

ဝါရင့် လူရွှင်တော်တဦး ဖြစ်သလို သရုပ်ဆောင်လည်း ဖြစ်သည့် မေတ္တာ (ခေါ်) ဦးခင်မောင်မြင့်ဟာ သြဂုတ်လ ၂ ရက်မှာ ကွယ်လွန်သွားခဲ့ပါတယ်။ သူကွယ်လွန်ချိန်တွင် အသက် ၆၇ နှစ်ရှိပါပြီ။

မေတ္တာဟာ စီးပွားရေးတက္ကသိုလ်မှ ဘွဲ့ရရှိထားသူဖြစ်ပြီး တက္ကသိုလ်အငြိမ့်မှာ လူရွှင် တော်အဖြစ် စတင် ပါဝင်ခဲ့ပြီးနောက် အငြိမ့်များစွာမှာ ပါဝင်ခဲ့ကာ၊ မေတ္တာ၊ ချစ်စရာ၊ ဂရုဏာ၊ သစ္စာ ဆို၍ လူရွှင်တော်လေးဦး အငြိမ့်မှာလည်း ကျော်ကြားလှပါ တယ်။ နှစ်ဦးတွဲ တင်ဆက်မှု အဖြစ် ကွမ်းသီး၊ မေတ္တာ စုံတွဲမှာလည်း လူကြိုက်များ ထင်ရှားခဲ့ပါတယ်။

၁၉၉၆ ခုနှစ်တွင် စတင် တင်ဆက်ခဲ့သည့် ဆိုကြမယ်၊ ပျော်ကြမယ် အစီအစဉ်မှာလည်း လူကြိုက်များခဲ့ပြီး၊ “ဆယ်တန်းပြီး ရင် ကျောင်းပြီးပြီ”လို့ ထည့်သွင်း ကျီစယ်တင်ဆက်ခဲ့တာကြောင့် အဲဒီအစီအစဉ်ကနေ ၁၉၉၈ ခုနှစ်မှာ နုတ်ထွက်ခဲ့ရသူ တဦးလည်း ဖြစ်ပါတယ်။

အဲဒီနောက် ရုပ်ရှင်နဲ့ ဗီဒီယို ဇာတ်ကားများမှာ ဟာသ သရုပ်ဆောင်အနေနဲ့နဲ့လည်း ပါဝင်ခဲ့သလို အစီအစဉ်တင်ဆက်သူ၊ ဘိသိတ်ဆရာ၊ အခမ်းအနားမှူးအဖြစ်လည်း ပွဲပေါင်းများစွာမှာ ပါဝင်ဆောင်ရွက်ခဲ့သူ တဦးလည်း ဖြစ်ပါတယ်။

 

ပန်တျာတင်တင်မြင့်

အငြိမ့်တခေတ်ရဲ့ “ဂန္ထဝင် မင်းသမီးကြီး”လို့ တင်စားရလောက်တဲ့ အငြိမ့်မင်းသမီးကြီး ပန်တျာတင်တင်မြင့်ဟာ သြဂုတ်လ ၆ ရက်နေ့က အဆုတ်ကင်ဆာ ရောဂါကြောင့် ဘဝတပါးသို့ ကူးပြောင်းသွားခဲ့ပါတယ်။

ကွယ်လွန်ချိန်မှာ အသက် ၇၆ နှစ်အရွယ်ရှိပြီဖြစ်တဲ့ မင်းသမီးကြီး ပန်တျာတင်တင်မြင့်ဟာ လွန်ခဲ့တဲ့ ၂ နှစ်ခန့် ကတည်းက အဆုတ်ကင်ဆာရောဂါကို ခံစားနေရသူ ဖြစ်ပါတယ်။

“လက်ကြိုးကောက်တော့ လက်မြှောက်၊ ခြေကြိုးရုတ်တော့ ခြေလှုပ်၊ ဘဝ မိုးမသောက်ခင် ကကြိုးလေးတွေ မပျောက်တဲ့ ရွှေမင်းသမီးလေးရယ်”လို့ တင်စားခံရတဲ့ ဂန္ထဝင် အငြိမ့်မင်းသမီးကြီး ပန်တျာ တင်တင်မြင့်ဟာ “ပါးမှာနံ့သာ ခါးမှာပဝါ”ဆိုတဲ့ အငြိမ့်သီချင်းနဲ့ လူသိများပါတယ်။

ပန်တျာတင်တင်မြင့်ဟာ အသက် ၁၀ နှစ်သမီး အရွယ်ကတည်းက အနုပညာကို ဝါသနာပါခဲ့ပြီး၊ အနုပညာမျိုးရိုး မရှိခဲ့ပါဘူး။ မိခင်ဟာ သူ့ကို ပညာတတ်တယောက် ဖြစ်စေချင်ပြီး၊ မိဘများ မသိအောင် ခိုးကြောင် ခိုးဝှက် အနုပညာကို သင်ယူခဲ့ရသူ ဖြစ်ပါတယ်။

ခင်ပွန်းဖြစ်သူဟာ မင်းသားကြီး ပန်တျာကြည်လင်ဖြစ်ပြီး သားသမီး ၅ဦးထွန်းကားခဲ့ပါတယ်။

 

မိုးကြိုးငှက်ငယ်လေးများရဲ့ ပဲ့ကိုင်ရှင် စောနန္ဒ

တခေတ်တခါက နာမည်ကျော်ကြားခဲ့တဲ့ မိုးကြိုးငှက်ငယ်လေးများအဖွဲ့ရဲ့ ခေါင်းဆောင်ဖြစ်သူ စောနန္ဒာ (ခ) ဒေး ဗစ်ကျော်အေးဟာ ဇူလိုင် ၂၉ ရက်နေ့မှာ ကိုဗစ်ရောဂါနဲ့ ရန်ကုန်မြို့၊ လမ်း ၄၀ နေအိမ်မှာ ကွယ်လွန်သွားခဲ့ပါတယ်။

မြန်မာနိုင်ငံရဲ့ နာမည်အကြီးဆုံး အကအဖွဲ့တဖွဲ့ဖြစ်တဲ့ မိုးကြိုးငှက်ငယ်ကလေးများအဖွဲ့ရဲ့ ခေါင်းဆောင်မင်းသမီးလည်းဖြစ်၊ တည်ထောင်သူလည်းဖြစ်တဲ့ စောနန္ဒာ ကွယ်လွန်ချိန်မှာ အသက် ၇၂ နှစ်ရှိပြီ ဖြစ်ပါတယ်။

စောနန္ဒာဟာ မိုးကြိုးငှက်ငယ်ကလေးများအဖွဲ့ ဆိုတာကို အလယ်တန်းကျောင်းသား ဘဝကတည်းက သူငယ်ချင်းတွေ နဲ့ ပွဲတော်တွေမှာ စုပြီးကခဲ့ရာကနေ စတင်ခဲ့တာပါ။

တဖြည်းဖြည်းနဲ့ လူသိများလာပြီးနောက်တဲ့မှာ နိုင်ငံအနှံ့ ခြေဆန့်ကာ ကပြဖျော်ဖြေခဲ့ကြပြီး ၁၉၇၅ ကနေ ၁၉၈၂ ကာ လတွေဟာ သူတို့အဖွဲ့ရဲ့ လျှမ်းလျှမ်းတောက်ဖြစ်ခဲ့တဲ့ အချိန်တွေလို့ ဆိုရမှာ ဖြစ်ပါတယ်။

မိုးကြိုးငှက်ငယ်လေးများရဲ့ ပဲ့ကိုင်ရှင် စောနန္ဒဟာ အနှိမ်ခံ မိန်းမလျာတွေဘဝကနေ ဘုရားပွဲအလှူပွဲတွေမှာ ဇာတ် ရုံနဲ့ ကပြဖျော်ဖြေနိုင်တဲ့ ခေတ်ဖြစ်အောင် စတင်ကြိုးစားခဲ့တဲ့သူ ဖြစ်ပါတယ်။

စိတ်ရင်းစေတနာ ကောင်းသလို ဘဝတူချင်းတွေကိုလည်း ကူညီရိုင်းပင်းတတ်သူ၊ အနေအထိုင် ပိရိသေသပ်သူဖြစ် လို့ အများက ချစ်ခင်လေးစားရတဲ့သူ တဦးလည်း ဖြစ်ပါတယ်။

 

တက္ကသိုလ်အေးမောင်

စတီရီယိုခေတ်ဦး အဆိုတော်ကြီးဖြစ်သည့် စွယ်စုံရ ဂီတပညာရှင် တက္ကသိုလ်အေးမောင်(၇၂နှစ်) သြဂုတ် ၉ရက်နေ့က ကွယ်လွန်သွားကြောင်း သိရပါတယ်။

တက္ကသိုလ် အေးမောင်၏ မိဘမေတ္တာကို ဖော်ကျူးသည့် “ဘယ်ပန်းချီရေးလို့ မမီ” တေးသီချင်းဟာ လူတိုင်းပါးစပ်ဖျားမှာ ရေပန်းစားခဲ့သလို ၊ ကဗျာဆရာမျိုးမြင့်ဆွေ၏ ဂျိန်းဖော်ပွဲတော် ကဗျာကို သံစဉ်ထည့်ထားတဲ့ သီချင်းမှာလည်း လူကြိုက်များခဲ့ပါတယ်။

ညီအကို မောင်နှမများဖြစ်တဲ့ တက္ကသိုလ်အေးမောင်၊ တင်အောင်မိုး၊ စိန်လွင်၊ သန်းနိုင်၊ ပုလဲတို့နဲ့အတူ ဦးလေးဖြစ်သူ ဦးအံ့ကြီးရဲ့ သီချင်းများကို တသစ်ဆန်းတေးအဖြစ် ပြန်လည်သီဆိုထားရာမှာ တက္ကသိုလ်အေးမောင် သီဆိုတဲ့ သုံးရာသီသီချင်းမှာ လူအများကြိုက်နှစ်သက်တဲ့ သီချင်းပါ။

သူတည်ထောင်ခဲ့တဲ့ The Elf တေးဂီတ အဖွဲ့မှာလည်း အင်းယားလိတ်ဟိုတယ်ရဲ့ ပင်တိုင်တီးဝိုင်း တခုဖြစ်ခဲ့ပါတယ်။

အဆိုတော်ကြီး ဘိုဘိုဟန်က တက္ကသိုလ်အေးမောင်ကဲ့သို့ တူရိယာ ပစ္စည်း အစုံတီးနိုင်စွမ်းရှိသည့် ပုဂ္ဂိုလ်မှာ ရှားပါး ကြောင်း ချီးကျူးခဲ့ဖူးသည်။

 

ပန်းချီဆရာကြီး တင်မောင်ဦး

မြန်မာမှုအကြောင်းအရာတွေနဲ့ ခေတ်ပြိုင်လူမှုဘဝတွေကို ကျူဗစ်ဇင်ရေးဟန်နဲ့ ပေါင်းစပ်ရေးဆွဲရာမှာ ကျော်ကြားသူ တဦးဖြစ်တဲ့ ပန်းချီတင်မောင်ဦးဟာ ဇူလိုင်လ ၇ရက်နေ့က ကွယ်လွန်ခဲ့ပါတယ်။

အသက် ၇၃ နှစ်မှာ ကွယ်လွန်ခဲ့တဲ့ ပန်းချီတင်မောင်ဦးဟာ နှစ်ပေါင်း ၃၀ ကျော် ကျူဗစ်ဇင်ပန်းချီကို တစိုက်မတ်မတ် ရေးဆွဲခဲ့သူဖြစ်ပြီး လှပတဲ့ အရောင်တွဲ၊ တုံးအနုအရင့်တွေ ပေါင်းစပ် ရေးဆွဲထားတဲ့ ကျူဗစ် ပန်းချီကားကိုမြင်ရင် ဒါ ပန်းချီတင်မောင်ဦးလို့ ပြောရလောက်အောင် ပိုင်ဟန်ကို ထူထောင်နိုင်ခဲ့သူ ဖြစ်ပါတယ်။

ပြည်တွင်း၊ ပြည်ပ ပရိသတ်တွေရဲ့ နှစ်ခြိုက်အားပေးမှုကို ခံရတဲ့ ပန်းချီ တင်မောင်ဦးဟာ မြန်မာရှေ့ဆောင် မော်ဒန် ပန်းချီ ဆရာတွေဖြစ်တဲ့ ကိုရွှေအောင်သိမ်း၊ ပေါ်ဦးသက်၊ ဘိုကြည်တို့ထံမှာ ပန်းချီပညာကို ဆည်းပူးခဲ့သူ ဖြစ်ပါတယ်။ ၁၉၇၀ ခုနှစ် ရန်ကုန် ပန်းချီပန်းပု ညကျောင်း တက်ရောက်ခဲ့သူလည်း ဖြစ်ပါတယ်။ သူ့ရဲ့လက်ရာသစ်တွေကို မြင်တွေ့ခွင့်ရတော့မှာ မဟုတ်လို့ မြန်မာ့အနုပညာလောကအတွက် အစားထိုးမရတဲ့ ဆုံးရှုံးမှုတခုပဲ ဖြစ်ပါတယ်။

Source by ဧရာဝတီ