“အားနည်းချက်က အင်အားကိုမချိနဲ့စေဘူး
အားငယ်စိတ်ကသာ အားနည်းစေတာပါ”
ဆင်တွေထဲမှာ အစွယ်နှစ်ချောင်းပါတဲ့ဆင်ကို စွယ်စုံဆင်လို့ခေါ်တယ်။ အစွယ်မပါတဲ့ဆင်ကို ဟိုင်းဆင်လို့ခေါ်တယ်။ ဟိုင်းဆင်ကအစွယ်မပါတော့
ဘာလုပ်ရလဲဆိုတော့ နှာမောင်းကိုသန်အောင်လုပ်
ရတယ်။သူ့မှာနှာမောင်းပဲ အားကိုစရာရှိတော့တာကိုး။
တောထဲမှာ စွယ်စုံဆင်နဲ့ဟိုင်းဆင်နဲ့တွေ့ရင် စွယ်စုံဆင်က ဟိုင်းဆင်ကို အစွယ်နဲ့ပြေးထိုးတယ်။
အဲ့ဒီမှာဟိုင်းဆင်က စွယ်စုံဆင်ရဲ့အစွယ်ကိုနှာမောင်းနဲ့လိမ်ချိူးပစ်လိုက်တယ်။ သစ်လုပ်သားတွေကပြောဖူးတယ်။တောထဲမှာ အဲ့ဒီဟိုင်းဆင်တွေနဲ့တွေ့ရင်ကျွန်တော်တို့ဆင်တွေကပြေးတာပေါ့။ ပြေးတာမလွတ်လို့ အရိုက်ခံရရင် အရိုးတောင်ထင်တယ်တဲ့။ ဆင်ကိုအရိုးထင်အောင်ရိုက်နိုင်တယ်ဆိုမှတော့ သူ့ရဲ့နှာမောင်းအားကို ခန့်မှန်းသာကြည့်။
ပြောချင်တာက မင်းတို့မှာ ဘာချိူ့ယွင်းချက်ပဲရှိရှိ
အားမငယ်နဲ့။ တစ်ဖက်မှာအားနည်းရင် တစ်ဖက်ဖက်မှာ အားသာလာအောင်ကြိုးစားကြ ။
အထက်ပါစကားသည်
ဆရာကြီးဦးအောင်သင်း၏သြဝါဒဖြစ်သည်။
...................&...........................
အားနည်းချက်တွေရှိပေမယ့်
လောကကြီးရဲ့ ဘုရင်တစ်ဆူဖြစ်ခဲ့သူတွေ
အများကြီးပါ။အနည်းငယ် ထုတ်ပြချင်ပါတယ်။
မီးသီးကိုစတင်တီထွင်ခဲ့တဲ့ သောမတ်အက်ဒီဆင်ဟာ ကျောင်းစာအရမ်းညံ့တယ်။ဆရာတွေကတောင်
ညဏ်တုံးတဲ့သူလို့သတ်မှတ်ခံခဲ့ရတယ်။
နောက်ဆုံးမှာ စာလည်းမလိုက်နိုင်တာကတစ်ကြောင်း
ကျောင်းကဆရာတွေရဲ့ဖိအားတွေကတစ်ကြောင်းနဲ့
သူ ကျောင်း မလိုက်ချင်တာနဲ့ထွက်လိုက်တယ်။
အသက်ဆယ်နှစ်ကျော်မှာ နားပါထိုင်းသွားတယ်။
ဒါပေမယ့် သူဝါသနာထုံတဲ့ တီထွင်မှုကို
တစ်စိုက်မတ်မတ်ကြိုးစားအားထုတ်ရင်း
သိပ္ပံလောကရဲ့ဆရာတစ်ဆူဖြစ်ခဲ့တယ်။
နီကိုလပ်စ်ဂျိမ်းဗျူဂျက်ဆစ်
သူကမွေးကတည်းက ခြေလက်လေးဘက်စလုံးမပါဘူး။လူစင်မမှီတဲ့ခြေထောက်အတိုလေးပါတယ်။
အဲ့ခြေထောက်နဲ့ ကွန်ပြူတာကိုင်တယ်။စာရေးတယ်။
အသက် ၂၁မှာ စီးပွားရေးကုန်သွယ်ဘွဲ့ကိုရတယ်။
စာအုပ် ၇အုပ်တိတိလည်းရေးသားထုတ်ဝေခဲ့တယ်။
လူငယ်တွေအတွက်လည်း ဟောပြောပွဲတွေမှာ ဟောပြောမှုတွေလုပ်ခဲ့တယ်။
ဘရားဇီးသမ္မတဟောင်း လူလာဒါဆီလ်ဗား
သူများဖိနပ်ကိုအငှါးတိုက်ပေးတဲ့ကလေးဘဝကနေ
သမ္မတဖြစ်ခဲ့တယ်။
အမေရိကန်နိုင်ငံသူ ဂျက်ဆီကာလော့ပ်ဟာ
လက်နှစ်ဖက်မပါဘူး။ သူရဲ့အားထုတ်မှုကြောင့်
ခြေထောက်နှစ်ဖက်ကလက်နှစ်ဖက်လိုပဲ အသုံးပြုလို့
ရခဲ့တယ်။သိပ္ပံဘွဲ့ရတယ်။ အံ့အားသင့်စရာအကောင်းဆုံးက လေယဉ်မှုးဖြစ်သွားတာပဲ။
လက်မပါတဲ့ လေယာဉ်မှူးတဲ့ဗျာ။
သူ ဘယ်လောက်တောင် အားထုတ်ခဲ့သလဲ
ပြေတီဦးစကားငှါးပြောရရင် ရူးတောင်သွားဦးမယ်။
လွယ်လွယ်နဲ့တော့ စံပယ်မပွင့်နိုင်ဘူး။
လူတွေရဲ့တံတွေးခွက်ထဲကနေ
သူတို့တွေကြိုးစားခဲ့ရပုံတွေကတော့
သူတို့တွေရဲ့ အထုပ္ပတ္တိသာဖတ်ကြည့်ပါ။
ကျွန်တော်ပြောချင်တာက အားနည်းချက်ကိုယ်စီ
ရှိပေမယ့် ပြည့်စုံတဲ့ဘဝကိုတည်ဆောက်ခဲ့သူတွေ
လောကကြီးမှအများကြီးပါပဲ။လွယ်လွယ်နဲ့မရပါဘူး။
သူများခြေတစ်လှမ်း လှမ်းရင် သူတို့နှစ်လှမ်း
လှမ်းရတယ်။ အားနည်းချက်၊ ချိူ့ယွင်းချက်ကြောင့်
စိတ်ပျက်အားငယ်နေမယ်ဆိုရင် အင်အားချိနဲ့နေယုံပဲရှိမှာပါ။ အစွယ်မပါတဲ့ ဟိုင်းဆင်ဟာ အားကိုးစရာအစွယ်မရှိပေမယ့် နှာမောင်းကိုသန်အောင်လုပ်ရသလို
ခင်ဗျား အားနည်းချက်ဆိုတာမေ့ထားပြီး
ကြိုးစားကြည့်ပါ။
ခင်ဗျားအတွက်နေရာကောင်းတစ်ခုရှိပါတယ်။
“အားနည်းချက်က အင်အားကိုမချိနဲ့စေဘူး
အားငယ်စိတ်ကသာ အားနည်းစေတာပါ”
“ပြဿနာက ပြဿနာမဟုတ်ဘူး။ပြဿနာကို
မဖြေရှင်းတတ်တာ ဖြေရှင်းနိုင်မယ့်နည်းလမ်း
မရှာတာက ပြဿနာအစစ်ပါ”
ထိပ်တန်းကိုရောက်နေသူတိုင်းဟာ ဥုံဖွဆိုပြီး
ဖြစ်လာတာမဟုတ်ဘူး။ သူတို့လည်းအခက်အခဲတွေကြားက ကုန်းရုန်းထခဲ့တဲ့သူတွေချည်းပါပဲ။
ဘဝမှာအောင်မြင်သူဖြစ်ချင်ရင် ရိုးရိုးကန်မရရင် ရုန်း၍သာကန်ပစ်လိုက်ပါ။ခင်ဗျားအောင်မြင်မှာပါ။
ခင်ဗျားရဲ့ဘဝကို ဘယ်သူကမှ အဆုံးအဖြတ်
မပေးနိုင်ဘူး။ပွဲတစ်ပွဲရဲ့အဖြေဟာ
ခင်ဗျားလက်ထဲမှာပဲရှိတယ်ဆိုတာယုံပါ။
စကားတစ်ခွန်းလက်ဆောင်ပေးခဲ့ချင်ပါတယ်။
“ဓားတိုနေရင် ဓားရှည်မတောင့်တနဲ့ ရှေ့တစ်လှမ်းတိုးခုတ်ပါ”