ကိုဗစ်ကာကွယ်ဆေးဝယ်ယူရေး အလှူငွေထည့်မှုကြောင့် အားရဖွယ်ရှိ

08-Jan-2021

ကိုဗစ်ကာကွယ်ဆေး ဝယ်ယူဖို့ ပြည်သူတွေ ပါဝင်လှူဒါန်းမှု များပြားလာနေတဲ့အတွက် အစိုးရအနေနဲ့ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍကနေ ကာကွယ်ဆေး ဝယ်ယူထိုးနှံဖို့ အကူအညီရယူရန် မလိုအပ်တော့ဘဲ အလုံအလောက် ဆောင်ရွက်နိုင်မယ့် အခြေအနေကို ရောက်ရှိလာနေတယ်လို့ ကာကွယ်ဆေးထိုးနှံမှု အကြံပေးအဖွဲ့ဝင် ဆရာဝန်ကြီးတဦးက ပြောပါတယ်။

ကိုဗစ် ၁၉ ကာကွယ်ဆေးဝယ်ယူဖို့ အစိုးရက ရန်ပုံငွေတရပ် ထူထောင်ခဲ့ပြီးနောက် ပြည်တွင်းပြည်ပ အလှူရှင်တွေ များပြားလာနေပါတယ်။ အစိုးရရဲ့ မတည်ငွေရော လှူဒါန်းငွေတွေပါ များပြားလာနေတဲ့ ကာကွယ်ဆေး ဝယ်ယူရေးကိစ္စမှာ ပုဂ္ဂလိကကျန်းမာရေးကဏ္ဍရဲ့ အကူအညီ မလိုတော့ဘဲ အစိုးရက အလုံအလောက် ဝယ်ယူထိုးနှံပေးနိုင်ဖွယ် ရှိတယ်လို့ အမျိုးသားကာကွယ်ဆေးထိုးနှံမှု အကြံပေးအဖွဲ့ဝင် ဆရာဝန်ကြီး ပါမောက္ခဦးသိန်းအောင်က RFA ကို ပြောကြားပါတယ်။

“ကျနော်တို့ တိုင်းပြည်က ကျန်းမာရေးဝန်ကြီးဌာနအနေနဲ့တော့ ကာကွယ်ဆေးထိုးတဲ့ အလေ့အကျင့်က တော်တော်လေး ရှိပြီးသားပေါ့နော်။ ကျန်းမာရေးဝန်ကြီးဌာန အောက်မှာရှိတဲ့ အခြေခံကျန်းမာရေး ဝန်ထမ်းတွေက လေ့ကျင့်ပြီးသားလူတွေ ရှိတယ်။ သူများတွေထက်စာရင်တော့ ကျနော်တို့က လွယ်လွယ်ကူကူ အောင်အောင်မြင်မြင် လုပ်နိုင်မယ်လို့ ယူဆတယ်။ ကာကွယ်ဆေးကတော့ အခု မြန်လိမ့်မယ်လို့ ယူဆတယ်။ မူလကတော့ သိပ်မသေချာဘူးပေါ့နော်။ သင်္ကြန်မှ ဧပြီနောက်ပိုင်းမှ ဖြစ်မယ်လို့ စောစောပိုင်းက ထင်ထားကြတယ်။ အစိုးရက အဲလောက် များများသွင်းမယ်လို့ မူလက ကျနော်တို့ မသိဘူး။ ဒါပေမဲ့ အခု အားရစရာ ကောင်းတာက အစိုးရက ပိုက်ဆံတော်တော်အသုံးပြုမယ်။ လှူတဲ့သူတွေကလည်း စိတ်အားထက်သန်စွာလှူတယ်ဆိုတော့ ဒါတွေက ဒီအပတ်အတွင်းမှာ ဖြစ်လာတာ။ အဲလို လှူတာနဲ့ဆိုတော့ ကျနော်တို့က ချမ်းသာတဲ့နိုင်ငံစာရင်းမှာ မပါပေမယ့် တော်တော့်ကို တိုင်းပြည်အတွက် အားရစရာကောင်းပါတယ်။ အစိုးရကပဲ နိုင်နိုင်နင်းနင်း လုပ်နိုင်လိမ့်မယ် ထင်တယ်။ ကံကောင်းရင်တော့ ဖေဖော်ဝါရီလအတွင်းမှာ ပထမအသုတ် စထိုးနိုင်တာ ဖြစ်သွားနိုင်တယ်။”

မြန်မာ့တပ်မတော်ကလည်း ကာကွယ်ဆေးဝယ်ယူဖို့အတွက် ကျပ်ငွေ သန်း ၁ဝဝဝ ကို မနေ့က လှူဒါန်းခဲ့ပြီး လိုအပ်သလို ထပ်မံလှူဒါန်းမယ်လို့ ကြေညာခဲ့ပါတယ်။ ကာကွယ်ဆေးဝယ်ယူဖို့ အမေရိကန်ဒေါ်လာ ၁ သန်းခွဲ လှူဒါန်းခဲ့တဲ့ မြန်မာ့ရှေ့ဆောင်ဘဏ် ဥက္ကဋ္ဌ ဦးချစ်ခိုင်က ကိုဗစ်ကြောင့် အများပြည်သူတွေ ကိုယ်ရောစိတ်ပါ ဆင်းရဲနေကြပြီး အသက်တွေပါ ဆုံးရှုံးနေရတာကို လေးလေးနက်နက် ခံစားမိတဲ့အတွက် အခုလို လှူဒါန်းခဲ့တာ ဖြစ်တယ်လို့ RFA ကို မနေ့ညက ပြောပါတယ်။

“ဒီကပ်ရောဂါ စဖြစ်ကတည်းက နိုင်ငံတကာမှာ ကာကွယ်ဆေးတွေ ထုတ်ပြီဆိုကတည်းက ဘာပဲဖြစ်ဖြစ် ဆေးဝါးတွေ ပေါ်လာလို့ ရှိရင်တော့ ကိုယ့်နိုင်ငံသားတွေရဲ့ ပြည်သူပြည်သားတွေရဲ့ အသက်ကို ကာကွယ်ပေးနိုင်သလောက် ကာကွယ်ပေးချင်တယ်ဆိုပြီး ကျနော့်စိတ်ထဲမှာ ဆုံးဖြတ်ထားခဲ့တာပါ။ အဲဒီ ဇန်နဝါရီ ၅ ရက်နေ့က ကျနော့်ရဲ့မွေးနေ့ပါ။ ည ၇ နာရီမှာ ဆရာတော်ကြီးတပါး တရားအလှူလုပ်ပါတယ်။ တရားနာနေတဲ့အခါကျတော့ နိုင်ငံတော်က ကြေညာသွားတဲ့ အလှူထည့်ဝင်နိုင်ပြီ ဆိုတဲ့ သတင်းကို ကျနော် နားမထောင်လိုက်ရဘူး။ တရားနာပြီးတဲ့အချိန်မှာ ဒီနေ့တော့ လှူဖြစ်အောင် လှူချင်တယ်ဆိုပြီး ဒေါက်တာဇော်မြင့်မောင်ဆီ လှမ်းပြီး ခွင့်တောင်းပါတယ်။ ကဲ လှူပါဆိုတာနဲ့ပဲအဲဒီနေ့မှာ လှူဖြစ်ပါတယ်။ တိုက်ဆိုင်သွားတာပေါ့နော်။ နောက်နေ့မနက်မှာ ကျနော် နိုင်ငံတော်က အလှူခံတယ်ဆိုတာ သိရပါတယ်။”

ကိုဗစ်ကြောင့် ထိခိုက်ခဲ့ရတဲ့ အခြေခံလူတန်းစားတွေ စီးပွားရေးလုပ်ငန်းတွေ ပြန်လည် နာလန်ထူရေး အတွက်လည်း သူတတ်နိုင်သမျှ ဆောင်ရွက်မယ်လို့ ဦးချစ်ခိုင်က ပြောပါတယ်။

ဒီအတောအတွင်းမှာပဲ ပုသိမ်ဆေးရုံအုပ်ကြီး ဒေါက်တာ သန်းမင်းထွဋ်က အခုအချိန်မှာ တပြည်လုံး အတိုင်းအတာနဲ့ ကိုဗစ်ကူးစက်မှု ကျဆင်းလာနေတယ်ဆိုပေမယ့် ပေါ့ဆနေလို့ မဖြစ်ဘဲ ကြိုတင်ပြင်ဆင်မှုတွေ လုပ်ရမယ့်အချိန် ဖြစ်ပါတယ်လို့ တိုက်တွန်းလိုက်ပါတယ်။

“ကျနော်တို့ဆေးရုံတွေက အခု ကျနော်တို့ ဒုတိယလှိုင်း နားနေပြီပေါ့နော်။ ကျနော်တို့က ကြိုတင်ပြင်ရမယ့် အနေအထား ရောက်နေပြီ။ တချို့ဆေးရုံတွေက Tent တွေနဲ့ ဆောက်ထားတာ။ အဲဒီ Tent တွေက နောက် ၁ နှစ် ၂ နှစ် ၊ နောက် မိုးတွေရွာရင် ခံမလား မခံဘူးလား။ ဒါတွေက ကျနော်တို့ ပြန်ပြီး စဉ်းစားရမှာ။ အခုတော့ ကျနော်တို့ဘက်က ကြိုတင်ပြင်ဆင်စရာရှိတာ လုပ်စရာရှိတာ ကြိုပြီးလုပ်ထားရမှာပေါ့နော်။ ကျနော်တို့က ဆေးရုံ သုံးရုံ ပြင်ထားတာ ခုလောလောဆယ်နှစ်ရုံ သုံးတယ်၊ တစ်ရုံကို ပိတ်ထားတာပေါ့နော်။ ကျနော်တို့ နယ်တွေမှာ ရန်ကုန်လိုတော့ ကူးစက်မှုက ကျမလာသေးဘူး။ ပိုးတွေ့တာ နေ့တိုင်းရှိနေတုန်းပဲ။ ၁၅ ယောက် ၂ဝ လောက် ပုံမှန်ရှိနေတုန်းပဲ။”

ဒီအတွင်းမှာပဲ ဗြိတိန်နိုင်ငံရောက် မြန်မာပြည်သူတွေက ကိုဗစ်ကာကွယ်ဆေးအတွက် အလှူငွေတွေကို ဆက်လက် ကောက်ခံနေရာမှာ မနေ့ကညအထိ ပေါင်ငွေ ၄၄ဝဝဝ ကျော် ရရှိပြီလို့ သိရပါတယ်။

RFA Burmese