အာဆီယံ-ကုလသမဂ္ဂ ထိပ်သီးတွေ ရခိုင်အရေးဆွေးနွေး

16-Nov-2020

အရှေ့တောင်အာရှနိုင်ငံများအသင်း အာဆီယံနဲ့ ကုလသမဂ္ဂ ထိပ်သီးဆွေးနွေးပွဲမှာ ရိုဟင်ဂျာ ဒုက္ခသည်တွေ အပါအဝင် ရခိုင်ပြည်နယ်အရေး ဆွေးနွေးခဲ့ကြပါတယ်။

မကြာခင်က ကျင်းပခဲ့တဲ့ မြန်မာ့ရွေးကောက်ပွဲဟာဆိုရင် မြန်မာ့ဒီမိုကရေစီ အသွင်ကူးပြောင်းရေး ပိုပြီး တိုးတက်ကောင်းမွန်လာစေဖို့ နောက် ရိုဟင်ဂျာ ဒုက္ခသည်တွေ ဌာနေပြန်နိုင်ရေးအတွက် အထောက်အကူဖြစ်ဖို့ မျှော်လင့်ကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က အာဆီယံ-ကုလသမဂ္ဂ ထိပ်သီးဆွေးနွေးပွဲမှာ တိုက်တွန်းသွားပါတယ်။ ရခိုင်ပြဿနာ ဖြေရှင်းရေးက အစိုးရ ဒုတိယသက်တမ်းမှာလည်း ဦးစားပေးကိစ္စအဖြစ် ဆက်ပြီးရှိနေကြောင်း မြန်မာဘက်ကလည်း ကတိပြုခဲ့တာပါ။

၁၁ ကြိမ်မြောက် အာဆီယံ-ကုလသမဂ္ဂ ထိပ်သီးဆွေးနွေးပွဲကို COVID-19 အခြေအနေကြောင့် ဗွီဒီယိုကွန်းဖရင့်နဲ့ ကျင်းပခဲ့တာပါ။ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် Antonio Guterres က ထိပ်သီးဆွေးနွေးပွဲမှာ ဒုက္ခသည်တွေ ဌာနေပြန်ရေးကိစ္စကို အခုလို ထည့်သွင်း ပြောဆိုခဲ့ပါတယ်။

“မကြာခင်က ကျင်းပခဲ့တဲ့ မြန်မာ့ရွေးကောက်ပွဲဟာဆိုရင် နိုင်ငံတွင်း ဒီမိုကရေစီ အသွင်ကူးပြောင်းရေး တိုးတက်မှုအတွက် အထောက်အပံ့ဖြစ်မယ်လို့ မျှော်လင့်ပါတယ်။ နောက် ဒုက္ခသည်တွေ ဘေးကင်းလုံခြုံမှုရှိရှိ၊ လူ့ဂုဏ်သိက္ခာနဲ့ အညီ ဌာနေပြန်နိုင်မယ့် အခြေအနေမျိုး ဖန်တီးပေးနိုင်ရေး အထောက်အကူဖြစ်ဖို့ မျှော်လင့်ပါတယ်။ ပြန်လည်ရင်ကြားစေ့ရေးအတွက် တာဝန်ယူမှု တာဝန်ခံမှုက သိပ်ပြီး အရေးကြီးသလိုပဲ ပြဿနာရဲ့ အရင်းခံ အကြောင်းရင်းကို ဖြေရှင်းနိုင်ရေး ပိုပြီး အားထုတ်ကြိုးပမ်းဖို့နဲ့ လူသားချင်း စာနာထောက်ကူမှုဆိုင်ရာ ဝင်ရောက်လုပ်ကိုင်ခွင့်တို့လည်း တိုးတက်လာစေဖို့ မျှော်လင့်ပါတယ်။”

မြန်မာအစိုးရရဲ့ ဒုတိယသက်တမ်း ကာလမှာလည်း ဒုက္ခသည်တွေအရေး အပါအဝင် ရခိုင်အရေး ဖြေရှင်းရေးကို ဦးစားပေး လုပ်ငန်းတခုအဖြစ် ဆက်လက် ထားရှိမယ့်အကြောင်း ဝန်ကြီး ဦးကျော်တင်က ဆွေးနွေးခဲ့ပါတယ်။ ရခိုင်အရေးအတွက် အာဆီယံ နောက် ကုလသမဂ္ဂတို့နဲ့ မြန်မာဘက်က ပူးပေါင်းဆောင်ရွက်မယ်လို့လည်း ကတိပြုခဲ့ပါတယ်။

ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကိုတော့ မြန်မာဘက်က လက်မခံထားပါဘူး။ ဒါပေမယ့်လည်း ဘင်္ဂလားဒေ့ရှ်ဘက် ထွက်ပြေးရသူတွေကို စိစစ်လက်ခံဖို့ ကတိကဝတ် ပြုထားတဲ့အကြောင်း ဝန်ကြီး ဦးကျော်တင်က ဆွေးနွေးသွားပါတယ်။

ပြီးခဲ့တဲ့ အစိုးရသက်တမ်း ၅ နှစ်တာကာလ အတွင်းမှာတော့ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ခိုလှုံနေကြရတဲ့ ဒုက္ခသည်တွေ ဌာနေပြန်ရေး အကောင်အထည် မပေါ်ခဲ့သလို ရခိုင်ပြည်နယ်တွင်း ဒုက္ခသည်စခန်းတွေမှာ ခိုလှုံနေကြရသူတွေ အရေးလည်း မဖြေရှင်းနိုင်သေးပါဘူး။ အရှေ့တောင်အာရှနိုင်ငံများအသင်း အာဆီယံနဲ့ ကုလသမဂ္ဂ ထိပ်သီးဆွေးနွေးပွဲမှာတော့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကိုယ်စား ပြည်ထောင်စုဝန်ကြီး ဦးကျော်တင် တက်ရောက်ခဲ့တာ ဖြစ်ပါတယ်။

Crd VOA News