ကျောက်ဖြူဒေသဘက် တပ်မတော်လှုပ်ရှားမှုကြောင့် ဒေသခံတွေ နေရပ်မပြန်နိုင်သေး

13-Nov-2020

လက်နက်ကိုင် ပဋိပက္ခတွေ ဖြစ်ပွားနေတဲ့ ရခိုင်ပြည်နယ်မှာ လုံခြုံရေးစိုးရိမ်တာကြောင့် တိမ်းရှောင်နေကြရတဲ့ ဒေသခံတွေ နေရပ်ပြန်ဖို့ ခက်ခဲနေတဲ့အကြောင်း ပြောပြပါမယ်။

AA ရခိုင်လက်နက်ကိုင် တပ်ဖွဲ့နဲ့ စစ်ရေးတင်းမာနေတဲ့ တပ်မတော်က ကျောက်ဖြူမြို့နယ် ကျေးရွာအုပ်စုတချို့မှာ ဝင်ရောက် စစ်ဆေးနေတာကြောင့် ကြောက်လန့်ပြီး တိမ်းရှောင်နေကြရတဲ့ ဒေသခံတွေ နေရပ်ကိုပြန်ဖို့ ခက်ခဲနေသလို အဆက်အသွယ်တွေ ပြတ်တောက်နေတယ်လို့လည်း ဒေသခံတွေနဲ့ လွှတ်တော် ကိုယ်စားလှယ်တွေက ပြောကြပါတယ်။

ကျောက်ဖြူမြို့က စစ်ရှောင်စခန်းမှာ ရောက်နေတဲ့ သိုင်းချောင်းဒေသခံ တစ်ဦးကတော့ စပါးရိတ်သိမ်းရမယ့် ရာသီရောက်လာချိန်မှာ နေရပ်မပြန်နိုင်သေးတာကြောင့် အခက်ကြုံနေရတယ်လို့ ပြောပါတယ်။

“ကျနော်တို့ ဒေသခံလယ်သမားတွေဆိုတာ ကောင်းကောင်းမွန်မွန်လုပ်စားနေကြတာ။ ကျနော်တို့ ဒီစပါးတွေကို ရိတ်သိမ်းချင်ပါတယ်။ ဒီစပါးတွေကို ရိတ်သိမ်းခွင့်မရတဲ့အတွက် ကျနော်တို့မှာ ဆုံးရှုံးမှုတွေ တအားများတာပေါ့နော်။ ဒီဟာကို အားကိုးတကြီးနဲ့ လုပ်ကိုင်စားသောက်နေကြတာ ဆိုတော့ ဒီဟာကို မရလိုက်ရင် ကျနော်တို့က သေတာနဲ့ မထူးပါဘူး။ စပါးတွေ ရိတ်သိမ်းချင်တယ်။ အကုန်လုံးကလည်း ကိုယ့်ရပ်ကိုယ့်ရွာကို ပြန်ချင်နေကြပါတယ်။”

ကျောက်ဖြူမြို့ကနေ ၁၂ မိုင်လောက်ဝေးတဲ့ ဇိုင်ချောင်းကျေးရွာမှာဆိုရင်လည်း တပ်မတော်စစ်ကြောင်း နေရာယူထားတာ တပတ်ကျော်ကြာ ရှိနေပြီး လွှတ်တော်ကိုယ်စားလှယ်တွေတောင် သွားရေးလာရေး ခက်ခဲနေတယ်လို့လည်း ကျောက်ဖြူမြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးကျော်လွင်ကပြောပါတယ်။

“အခုက ကျနော် ဇိုင်ချောင်းကို ဝင်ဖို့ တော်တော်လေးကို ကြိုးစားနေတယ်။ ဒါပေမဲ့ ဝင်လို့က မရဘူးဖြစ်နေတယ်။ မကြာသေးခင်ကတော့ ဘုန်းတော်ကြီးတစ်ပါးကတော့ အဲဒီနေရာကို သွားခဲ့တယ်လို့ ပြောတယ်။ ပါသွားတဲ့ ဖုန်းတွေကို အကုန်လုံးအပြင်မှာ ထားခဲ့ရတယ်လို့ သတင်းတော့ ကြားတယ်။ ကျနော်တို့ လွှတ်တော်ကိုယ်စားလှယ်တစ်ယောက်အနေနဲ့ ဝင်ဖို့ကျတော့ သူတို့က ဘယ်လိုသဘောမျိုးမြင်နေမလဲ မသိဘူး။ ဒေသခံတွေကို မေးကြည့်တဲ့ အခါကျတော့လည်း ဘယ်သူ့ကိုမှ ဝင်ခွင့်မပေးဘူးလို့ ကြားတယ်။ အဲဒါကြောင့် ကျနော်တို့ အနေနဲ့ ဝင်ဖို့ တော်တော်လေး ခက်ခဲနေတယ်။”

မြန်မာနိုင်ငံမှာ ကိုဗစ်ကပ်ရောဂါ တကျော့ပြန်ကူးစက်မှုတွေ စတင်ခဲ့တဲ့ ရခိုင်ပြည်နယ်မှာ နေရာတော်တော်များများ အိမ်ပြင်မထွက်ရ အမိန့်ထုတ်ထားတာပါ။ စစ်ဘေးဒဏ် သာမက ကိုဗစ်ကပ်ရောဂါ ကြုံနေရတဲ့ အတွက်လည်း သွားရေးလာရေး အခက်အခဲတွေ ကြုံနေရတယ်လို့ ကျောက်ဖြူမြို့နယ် အုပ်ချုပ်ရေးမှူး ဦးစိုးမိုးကျော်က ပြောပါတယ်။

“သွားကြည့်လို့ ရတာ၊ မရတာထက် ကျနော်တို့ကတော့ ဒီမှာလည်း ကိုဗစ်ကလည်း ရွေးကောက်ပွဲပြီး ဖြစ်ပွားတဲ့ ရာခိုင်နှုန်း နည်းနည်းပြန်တက်လာတော့ အဲဒါကိုပဲ အားစိုက်ပြီးတော့ လုပ်နေရတယ်။ ပြီးသွားလို့ရှိရင် ရန်ကုန်မှာရောက်နေတဲ့ ကျောက်ဖြူက ဒေသခံတွေကို ပြန်ခေါ်ဖို့အတွက်ရယ်နဲ့ ရွေးကောက်ပွဲကာလ အားစိုက်ပြီးလုပ်နေရတော့ အဲဒီဘက်ကို ကျနော်တို့ သွားကြည့်ဖြစ်တာ ဘာညာတော့ မရှိသေးဘူး။”

ကျောက်ဖြူမြို့နယ်မှာ လက်ရှိအချိန်ထိ စစ်ရှောင်ဦးရေ ၁,၀၀၀ ကျော်လောက်ရှိနေပြီး AA အဖွဲ့နဲ့ တပ်မတော်ကြား လက်နက်ကိုင် ပဋိပက္ခတွေကြောင့် တိမ်းရှောင်နေရသူ ၁၀၀,၀၀၀ ကျော် ရှိမယ်လို့လည်း ဒေသခံအကူအညီပေးရေး အဖွဲ့တွေက ခန့်မှန်းထားကြပါတယ်။

ရခိုင်ပြည်နယ်မှာ လက်နက်ကိုင် ပဋိပက္ခတွေကြောင့် အရပ်သားတွေ သေကြေထိခိုက်မှုတွေနဲ့ ထွက်ပြေးတိမ်းရှောင်နေကြရတဲ့အပေါ် စိုးရိမ်ကြောင်းနဲ့ စစ်ပွဲတွေ ရပ်ဆိုင်းဖို့လည်း ကုလသမဂ္ဂနဲ့ ပြည်တွင်းပြည်ပက လူ့အခွင့်အရေး အဖွဲ့တွေကလည်း တိုက်တွန်းထားကြပါတယ်။

Crd VOA News