မြန်မာ့စီးပွားရေးတိုးတက်ဖို့ ဂျပန်ဆက်ကူညီမည်

24-Nov-2020

မြန်မာ့ရွေးကောက်ပွဲအပြီး လက်ရှိအကူအညီပေးနေတဲ့ ဂျပန်အစိုးရအနေနဲ့ ဘယ်လိုဆက်လက် ပူးပေါင်းဆောင်ရွက်ဖို့ရှိတာကို မြန်မာနိုင်ငံမှာ တာဝန် ငါး ကြိမ်အတွက် စုစုပေါင်း ၂၅ နှစ်တိုင်အောင် ထမ်းဆောင်လာတဲ့ လက်ရှိ ဂျပန်သံအမတ်ကြီး Ichiro Maruyama ကို ကိုဝင်းမင်းကမေးရာမှာ အခုဒုတိယအကျော့ ရွေးကောက်ပွဲရဲ့ ထူးခြားမှုကို အခုလိုစရှင်းပြပါတယ်။

ဂျပန်သံအမတ်ကြီး Ichiro Maruyama။ ။ ဒီအစိုးရက ပြည်သူလူထုအများစုရဲ့ မျှော်လင့်ချက်၊ ထောက်ခံမှုကို ရနေတဲ့ အစိုးရလည်း ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ကျနော်တို့ လုံးဝ အောင်မြင်စေချင်တယ်။ ပြီးတော့ နောက်တခုကတော့ NLD အစိုးရက ၂၀၁၆ ခုနှစ်နောက်ပိုင်း ဖွဲ့စည်းလာတဲ့ အစိုးရနဲ့ အခု ဖွဲ့စည်းမယ့် အစိုးရ မတူတာက လွန်ခဲ့တဲ့ ၅ နှစ် အတွေ့ အကြုံတွေ ရနေပြီ။ ဒါကြောင့်မို့လို့ ပိုပြီးတော့ ပေါ်လစီ အောင်အောင်မြင်မြင် ဖွဲ့စည်းနိုင်တယ်လို့ ကျနော်မျှော်လင့်နေပါတယ် ခင်ဗျ။

ကိုဝင်းမင်း။ ။ ဟုတ်ကဲ့၊ အခုလိုအောင်မြင်ဖို့ အတွက်ပေါ့နော်... အဓိက သတိထား ကိုင်တွယ်ရမယ့် စိန်ခေါ်မှုကြီးတွေရော ဘယ်လို ရှိနေပါသလဲ သံအမတ်ကြီးခင်ဗျ။

ဂျပန်သံအမတ်ကြီး Ichiro Maruyama။ ။ ပထမတချက်က စီးပွားရေး။ စီးပွားရေးဟာ အခု COVID 19 ကြောင့် ထိခိုက်မှု နည်းမှာတင် မဟုတ်ပါဘူး။ ပြီးတော့ COVID 19 ကြောင့် အလုပ်လုပ်ပိုင်ခွင့်ရဖို့လည်း ပိုပြီးတော့ အရေးကြီးပါတယ် ခင်ဗျ။ နောက်တခုက ငြိမ်းချမ်းရေး၊ အမျိုးသား ပြန်လည် သင့်မြတ်ရေး ဖြစ်ပါတယ် ခင်ဗျာ။ အများစုနဲ့ ငြိမ်းချမ်းမှု ရတော့ ရခဲ့ပေမဲ့ လက်နက်ကိုင်နဲ့ တိုင်းရင်းသား အဖွဲ့အစည်းများနဲ့ ယုံကြည်မှု အချင်းချင်း ရှိမှာ မဟုတ်သေးပါဘူး ခင်ဗျာ။

ကိုဝင်းမင်း။ ။ ဟုတ်ကဲ့၊ အဲဒီတော့ ပထမတခု ဖြစ်တဲ့ COVID 19 စီးပွားရေး ပြဿနာကို ရင်ဆိုင်ဖို့အတွက် ဂျပန်အစိုးရအနေနဲ့ ဘယ်လိုမျိုး အခန်းကဏ္ဍကနေပြီးတော့ ကူညီပေးဖို့ရှိလဲ။

ဂျပန်သံအမတ်ကြီး Ichiro Maruyama။ ။ မြန်မာ့နိုင်ငံစီးပွားရေး ထူးချွန်တိုးတက်ဖို့အတွက် အဓိက အကူအညီပေးမယ်ဆိုတာက ကျနော်တို့ ဂျပန်အစိုးရည်ရွယ်ချက်ပဲ ဖြစ်ပါတယ်။ အဲဒီ ရွေးကောက်ပွဲကျင်းပပြီး ၂ နှစ် လောက်အကြာမှာ ကျနော်တို့ (ဦးစီးချုပ်) ဝန်ကြီးချုပ် Mr. Suga သူ့ကိုယ်တိုင် နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ရွေးကောက်ပွဲအနိုင်ရတဲ့အတွက် ဂုဏ်ပြုတဲ့ သဝဏ်လွှာကိုပေးခဲ့ပါတယ်။

အဲဒီအထဲမှာပဲ ကျနော်တို့ ဂျပန်အစိုးရအနေနဲ့ မြန်မာနိုင်ငံ ထူးချွန်တိုးတက်ဖို့အတွက် ဆက်ပြီးတော့ အပြည့်အဝ အကူအညီပေးပါမယ်ဆိုတဲ့ အဲ့ဒါကို ရေးထားပါတယ်။

ကိုဝင်းမင်း။ ။ ဟုတ်ကဲ့၊ ပြီးခဲ့တဲ့ တခေါက်တုန်းကတော့ ၂၀၁၅ အပြီးမှာပေါ့နော်.... ဂျပန်နိုင်ငံကနေ စီးပွားရေးကူညီမှုအတွက် ယမ်း ဘီလီယံ ၈၀၀ ထင်တယ်။ အကူညီပေးဖို့ ဂတိပေးခဲ့ပါတယ်။ ဒီတခေါက်မှာရော။

ဂျပန်သံအမတ်ကြီး Ichiro Maruyama။ ။ ဟုတ်ကဲ့ပါခင်ဗျ။ အဲဒီလို ၂၀၁၅ မှာ ရွေးကောက်ပွဲအပြီးမှာ ၂၀၁၆ ခုနှစ်က ခုနကပြောတဲ့အတိုင်းပေါ့... နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တရားဝင် ဂျပန်ပြည် ခရီးစဉ်ကို သွားခဲ့ပါတယ်။ ကျနော်တို့ ဝန်ကြီးချုပ် Mr. Abe သူ့ကိုယ်တိုင် ဒီ NLD အစိုးရ သက်တမ်း ၅ နှစ်မှာ အမေရိကန် ဒေါ်လာနဲ့ ပြောမယ်ဆိုရင် ၈ ဘီလီယံ အကူအညီပေးမယ်ဆိုတာကို တိုက်ရိုက်အတည်ပြုပါတယ်။ အတည်ပြုတဲ့အတိုင်း ကျနော်စာရေးခဲ့ပါတယ် ခင်ဗျ။ အခု အဲဒီတက်မယ့် သက်တမ်းမှာ ကျွန်တော်တို့ အဲဒီသတ်မှတ်ထားတဲ့ ဂဏန်းတွေမရှိပေမဲ့ အဲဒီထက်ပိုပြီး အကူအညီပေးဖို့ သေချာတယ်လို့ ကျနော်ပြောနိုင်ပါတယ်။

ကိုဝင်းမင်း။ ။ ဟုတ်ကဲ့၊ အထူးဝမ်းသာမိပါတယ် မြန်မာပြည်အတွက်။ အထူးလည်း ကျေးဇူးတင်ပါတယ် သံအမတ်ကြီးခင်ဗျ။

ဂျပန်သံအမတ်ကြီး Ichiro Maruyama။ ။ ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်။

ကိုဝင်းမင်း။ ။ စီးပွားရေး ဖွံ့ဖြိုးမှုလုပ်ဖို့ ဂျပန်နိုင်ငံရဲ့ အကူအညီအပြင်ပေါ့နော်.... မြန်မာနိုင်ငံအစိုးရဘက်ကရော ဘာတွေ လုပ်ဖို့ လိုလည်းခင်ဗျ။

ဂျပန်သံအမတ်ကြီး Ichiro Maruyama။ ။ အခုတော့ အတွေ့အကြုံတွေ ရှိနေပါပြီ။ ဒါကြောင့် လက်ရှိအစိုးရ ဒုတိယအကြိမ်မှာ ဖွံ့ဖြိုးရေးစီမံကိန်းကို ဆွေးနွေးတဲ့အခါမှာ ဘာမှ အခက်အခဲ မရှိဘူးလို့ ကျနော် ထင်ပါတယ် ခင်ဗျ။ နောက်တခုက ကျနော်တို့ ဂျပန်အစိုးရအနေနဲ့ မြန်မာ့နိုင်ငံ စီးပွားရေး ထူးချွန်တိုးတက်ဖို့အတွက် ကဏ္ဍအကုန်လုံး အမျိုးစုံမှာ ပူးပေါင်းဆောင်ရွတ်ဖို့ အပြည့်ရှိပါတယ်။ ဟို အခြေခံ အဆောက်အဦး ဥပမာ လမ်းဖောက်ဆက်သွယ်ရေး၊ လျှပ်စစ်မီး၊ ဆေးခန်းတို့ လေဆိပ်တို့ အဲဒါတွေကို ဆက်ပြီးတော့ အကူအညီပေးပါမယ်။ အဲဒါတွေမက .. ဆင်းရဲမှု ပပျောက်ရေးဆိုပြီးတော့ အထူးသဖြင့် ကျေးလက်ဒေသ ကျန်းမာရေးကဏ္ဍရော၊ ပညာရေးကဏ္ဍရော လူ့စီမံဖွံ့ဖြိုးရေး ကဏ္ဍရော အဲဒါတွေကို ပူးပေါင်းဆောင်ရွက်ပေးပါမယ်။ ဒါကြောင့် မြန်မာ့အစိုးရအနေနဲ့ ဘာအကူညီများလိုအပ်သလဲ ကျနော်တို့နဲ့ ညှိလိုက်တယ်ဆိုရင် ကျနော်တို့ ချက်ချင်းထိရောက်စွာပေးနိုင်အောင် ဆောင်ရွက်ပါမယ် ခင်ဗျ။

Crd VOA News