ကိုဗစ် - ၁၉ ဗိုင်းရပ်စ် ဆိုသည်မှာ....

14-Oct-2020

SAR – Covid - 2 ဆိုပြီး ဆေးပညာရှင်တွေကခေါ်ဆိုနေကြတဲ့ ကိုဗစ် - ၁၉ ဗိုင်းရပ်စ်ဟာ ထင်ထားတာထက်ပိုပြီး အသက်ပြင်းတဲ့ ဗိုင်းရပ်စ်ဖြစ်တယ်ဆိုတာကို ဩစတြေးလျ အမျိုးသားသိပ္ပံအေဂျင်စီရဲ့ တွေ့ရှိချက်တွေကဖော်ပြနေတယ်လို့ သိရပါတယ်။ အမျိုးသားသိပ္ပံအေဂျင်စီက စမ်းသပ်လေ့လာမှုကို အမှောင်ထဲမှာ လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။ လေ့လာမှုအတွင်းမှာ ခရမ်းလွန်ရောင်ခြည်ဟာ ဗိုင်းရပ်စ်ကို သေစေနိုင်တယ်ဆိုတာကို တွေ့ရှိခဲ့ပြီးပြီဖြစ်ပါတယ်။ ကျွမ်းကျင်သူပညာရှင်တချို့ကတော့ မျက်နှာပြင်လိုအရာတွေကနေ ကိုဗစ်-၁၉ ဗိုင်းရပ်စ် အမှန်တကယ်ကူးစက်နိုင်တဲ့ အန္တရာယ်နဲ့ပတ်သက်ပြီး သံသယရှိခဲ့ကြပါတယ်။

လေထဲရှိ အမှုန်အမွှားတွေကနေ ကူးစက်နိုင်

ကိုဗစ် - ၁၉ ဗိုင်းရပ်စ်ဟာ များသောအားဖြင့် လူတွေ စကားပြောဆိုတဲ့အခါနဲ့ နှာချေချောင်းဆိုးတဲ့အခါ ကူးစက်တယ်ဆိုတာကို လူတိုင်းသိရှိထားပြီးဖြစ်ပါတယ်။ ဒါ့အပြင် နောက်ထပ်တွေ့ရှိလိုက်ရတဲ့ သက်သေ အထောက်အထားတစ်ခုကတော့ ဒီဗိုင်းရပ်စ်ဟာ လေထုထဲမှာလွင့်နေတဲ့ အမှုန်အမွှားတွေကနေလည်းပဲ ကူးစက်ပျံ့နှံ့သွားနိုင်တယ်ဆိုတဲ့အချက်ပါပဲ။

လူတစ်ယောက်ဟာ ရောဂါပိုးရှိနေတဲ့ သတ္တု သို့မဟုတ် ပလတ်စတစ်နဲ့ပြုလုပ်ထားတဲ့ မျက်နှာပြင် တွေကို ထိကိုင်လိုက်ခြင်းအားဖြင့်လည်း အဲဒီအရာဝထ္ထု တွေကနေ ရောဂါကူးစက်နိုင်တယ်လို့ ဆိုထားပေမယ့် ဒီနည်းအားဖြင့်ကူးစက်တာဟာ အဖြစ်နည်းတယ်လို့ ယူဆရပါတယ်။

၂၈ ရက်ကြာ အသက်ရှင်နိုင်

ယခင်တွေ့ရှိရတဲ့ ဓာတ်ခွဲစမ်းသပ်လေ့လာမှုတွေမှာ ကိုဗစ် - ၁၉ ဗိုင်းရပ်စ်ဟာ ငွေစက္ကူတွေနဲ့ ဖန်ထည်ပစ္စည်း တွေပေါ်မှာ နှစ်ရက်ကနေ သုံးရက်အထိ အသက်ရှင်နိုင် ပြီး ပလတ်စတစ်နဲ့ သံမဏိသတ္တုပစ္စည်းတွေပေါ်မှာ ခြောက်ရက်နဲ့အထက် အသက်ရှင်နိုင်စွမ်းရှိတာကို တွေ့ရှိခဲ့ရတယ်လို့ သိရပါတယ်။ ဩစတြေးလျ သုတေသန အေဂျင်စီဖြစ်တဲ့ CSIRO က ကိုဗစ် - ၁၉ ဗိုင်းရပ်စ်ဟာ အင်မတန်အသက်ပြင်းတဲ့ ဗိုင်းရပ်စ်ဖြစ်ပြီး မိုဘိုင်းဖုန်း မျက်နှာပြင်တွေပေါ်နဲ့ ပလတ်စတစ်မျက်နှာပြင်တွေပေါ် မှာသာမက ငွေစက္ကူတွေပေါ်မှာပါ အပူချိန် ၂၀ ဒီဂရီ ဖာရင်ဟိုက်ရှိနေရင် ၂၈ ရက်ကြာတဲ့အထိ ကောင်းကောင်း အသက်ရှင်နေနိုင်တာကို တွေ့ရတယ်လို့ သိရပါတယ်။

အပူချိန်မြင့်ရင် အသက်ရှင်နိုင်စွမ်းနည်းပါး

အလားတူအခြေအနေမျိုးမှာ ကိုဗစ် - ၁၉ မဟုတ်ဘဲ တုပ်ကွေးဗိုင်းရပ်စ်ဆိုရင် ၁၇ ရက်ကြာတဲ့အထိ အသက် ရှင်နိုင်တယ်လို့ ဆိုပါတယ်။Virology ဂျာနယ်မှာ ပုံနှိပ်ဖော်ပြခဲ့တဲ့လေ့လာမှုတစ်ရပ်မှာ ကိုဗစ် - ၁၉ ဗိုင်းရပ်စ်ဟာ အေးတဲ့အခြေအနေထက် အပူချိန်မြင့်တဲ့အခြေအနေမှာ အသက်ရှင်နိုင်စွမ်း ပိုနည်းတယ်လို့ ဖော်ပြထားပါတယ်။ အပူချိန် ၄၀ ဒီဂရီစင်တီဂရိတ်ရှိနေချိန် တချို့မျက်နှာပြင် တွေပေါ်မှာ ၂၄ နာရီကျော်သွားရင် ကူးစက်နိုင်ခြင်းမရှိတော့ ဘူးလို့ ဆိုပါတယ်။

စိမ့်ပေါက်ပါတဲ့၊ လေဝင်နိုင်တဲ့ အဝတ်အစားလို ပစ္စည်းတွေဟာ ဗိုင်းရပ်စ်ကို အချိန်ကြာကြာ သယ်ဆောင် နိုင်ခြင်းမရှိတဲ့အတွက် ရောဂါကူးစက်မှု နည်းတယ်၊ ညီညာချောမွတ်ပြီး စိမ့်ပေါက်မရှိတဲ့ မျက်နှာပြင်လိုအရာမျိုးမှာဆိုရင် ဗိုင်းရပ်စ်က ကြာကြာအသက်ရှင်နေနိုင် တယ်လို့ သိရပါတယ်။

အကြောက်တရားဖြစ်စေနိုင်သလား

ကာဒစ်ဖ်တက္ကသိုလ်က ကျွမ်းကျင်သူပညာရှင် တစ်ဦးဖြစ်တဲ့ ပါမောက္ခ ရွန်အက်ကယ်လ်စ်ကတော့ အဲဒီလေ့လာမှုကို ဝေဖန်ထားပြီး ကိုဗစ် - ၁၉ဗိုင်းရပ်စ် ဟာ ၂၈ ရက်ကြာတဲ့အထိ အသက်ရှင်နိုင်တယ်ဆိုတဲ့ ဖော်ပြချက်က ပြည်သူလူထုအတွင်းမှာ မလိုလားအပ်တဲ့ အကြောက်တရားကိုဖြစ်စေနိုင်တယ်လို့ ၎င်းက ပြောပါ တယ်။

ဗိုင်းရပ်စ်တွေဟာ နှာချေချောင်းဆိုးရာက ထွက်လာ တဲ့ အရည်တွေနဲ့ သန့်ရှင်းမှုမရှိတဲ့လက်ချောင်းတွေ မျက်နှာပြင်တွေဆီ ပျံ့နှံ့သွားတာဖြစ်ပြီး ဖော်ပြခဲ့တဲ့ လေ့လာမှုမှာ လူဆီကနေ ပူပူနွေးနွေးရရှိထားတဲ့ အဲဒီ အရည်အစက်တွေကို ဗိုင်းရပ်စ်သယ်ဆောင်တဲ့ အရာ တစ်ခုအနေနဲ့ မသုံးထားဘူးလို့ ၎င်းကထောက်ပြခဲ့ ပါတယ်။

ဗိုင်းရပ်စ်ကို ဖျက်ဆီးနိုင်တဲ့အင်ဇိုင်းပါရှိ

နှာချေချောင်းဆိုးတဲ့အခါ လောလောလတ်လတ် ထွက်ပေါ်လာတဲ့ အရည်တွေမှာ အဖြူရောင်ဆဲလ်တွေ အများအပြားပါရှိပြီး အဲဒီဆဲလ်တွေက ဗိုင်းရပ်စ်တွေကိုဖျက်ဆီးနိုင်တဲ့ အင်ဇိုင်းတွေကို ထုတ်ပေးတဲ့အတွက် ဗိုင်းရပ်စ်တွေပေါက်ဖွားဖို့ အခြေအနေသိပ်မကောင်းတဲ့ ဝန်းကျင်တစ်ခုဖြစ်တယ်လို့ သိရပါတယ်။ ပြီးတော့ အဲဒီ အရည်ထဲမှာ ဗိုင်းရပ်စ်တွေရဲ့ ကူးစက်နိုင်စွမ်းကို လျော့ကျသွားစေနိုင်တဲ့ ပဋိဇီဝပစ္စည်းတွေနဲ့ တခြား သော ဓာတ်ပစ္စည်းတွေလည်း ပါဝင်သေးတယ်လို့ ဆိုပါ တယ်။

ပိုမိုကာကွယ်နိုင်မည်ဖြစ်

ပါမောက္ခရွန်က ၎င်းရဲ့ထင်မြင်ချက်အရဆိုရင် ကိုဗစ် - ၁၉ ဗိုင်းရပ်စ်ဟာ နှာချေချောင်းဆိုးရာမှ ထွက်လာပြီး မျက်နှာပြင်တွေပေါ်မှာကပ်နေတဲ့ အရည်မှာ ရက်နဲ့ချီပြီး နေနိုင်ဖို့ထက် နာရီပိုင်းလောက်သာနေနိုင် မယ်လို့ ယူဆတယ်လို့ ၎င်းကပြောပါတယ်။

ဗိုင်းရပ်စ်တွေ မျက်နှာပြင်ပေါ်မှာ ဘယ်လောက် ကြာကြာ အသက်ရှင်နိုင်တယ်ဆိုတာကို ဖော်ထုတ်နိုင်ခြင်း က ဗိုင်းရပ်စ်ပျံ့နှံ့မှုကို တိတိကျကျခန့်မှန်းတွက်ချက်နိုင် ပြီး ဗိုင်းရပ်စ်ကူးစက်မှုကို လျော့ပါးအောင် လုပ်ဆောင် နိုင်စေတဲ့အပြင် ကျွန်ုပ်တို့ရဲ့ ပြည်သူတွေကိုလည်း ပိုမိုကာကွယ်နိုင်စေမှာဖြစ်တယ်လို့ CSIRO ရဲ့အမှုဆောင် ချုပ်ဖြစ်တဲ့ ဒေါက်တာ လာရီမာရှယ်လ်က ပြောကြား ခဲ့ပါတယ်။

အေးပြီးစိုထိုင်းတဲ့ပတ်ဝန်းကျင်

အသားစက်ရုံနဲ့ အအေးခန်းတွေမှာ ကိုဗစ် - ၁၉ ကူးစက်ဖြစ်ပွားမှုအခြေအနေတွေကိုကြည့်ရင် ဗိုင်းရပ်စ် ဟာ ပိုအေးတဲ့အခြေအနေမှာ သံမဏိမျက်နှာပြင်ပေါ်မှာ ကြာကြာအသက်ရှင်နိုင်စွမ်းရှိတယ်ဆိုတာကို ဖော်ပြ လျက်ရှိပါတယ်။ ကမ္ဘာတစ်ဝန်းက အသားစက်ရုံတွေနဲ့ သားသတ်ရုံတွေမှာ လုပ်ကိုင်နေကြတဲ့ အလုပ်သမားထောင်ပေါင်းများစွာတို့ဟာ ကိုဗစ် - ၁၉ ကူးစက်ခံ ခဲ့ရပါတယ်။

တစ်ဦးနဲ့တစ်ဦး နီးကပ်စွာ အလုပ်လုပ်ရတဲ့အနေ အထားကြောင့်ရယ်၊ အေးပြီးစိုထိုင်းတဲ့ ပတ်ဝန်းကျင် အခြေအနေတွေရယ်၊ ပြီးတော့ ကျယ်လောင်တဲ့ စက်သံ တွေကြားမှာ တစ်ဦးနဲ့တစ်ဦး ကျယ်ကျယ်လောင်လောင် အော်ဟစ်ပြောဆိုရတာတွေကလည်း ရောဂါကူးစက်မှု ဖြစ်ပွားရတဲ့ တခြားအကြောင်းတွေ ဖြစ်နိုင်တယ်လို့ ဆေးပညာရှင်တွေက ထောက်ပြခဲ့တာကိုတွေ့ရပါတယ်။ လတ်တလောအချိန်အထိတော့ ကိုဗစ်-၁၉ ဟာ အစား အသောက်နဲ့ အစားအသောက်ထုပ်ပိုးမှုတွေကနေ ကူးစက်ရတယ်ဆိုတဲ့ တွေ့ရှိချက်မရှိသေးဘူးလို့ ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ကြီးက ဆိုထားပါတယ်။ ။

ကလျာမိုးမြင့်

ကိုးကား-ဘီဘီစီ