ရှေးဟောင်းသမိုင်းဝင်မွေတော်ကက္ကူစေတီ

17-Sep-2020

        ရှေးဟောင်းသမိုင်းဝင် မွေတော်ကက္ကူဘုရားများသည် ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးခရိုင်၊ကျောက်တလုံးကြီးမြို့နယ်ခွဲ၊ နောင်ခိုင်ကျေးရွာအုပ်စု၊ မွေတော်ကျေးရွာအနီးတွင် ဘုရားစေတီများ တစ်နေရာတည်း၌ တစ်စုတဝေးတည် တွေ့မြင်ဖူးမြော်နိုင်သော စေတီစုများဖြစ်သည်။ မွေတော်ကက္ကူတွင် အသောကမင်းကြီး၏ ကောင်းမှုတော် စေတီပေါင်း ၈၄၀၀၀ တွင် တစ်ဆူဖြစ်သည့် ဆုတောင်းပြည့်စေတီတော်ကြီးနှင့် နရပတိစည်သူမင်းကြီး ၏ ကောင်းမှုဖြစ်သော ဖောင်တော်ဆိုက်စေတီ နှစ်ဆူသည် အရံစေတီဘုရားပေါင်း ၂၄၇၈ ဆူ၏ အလယ်တွင် တင့်တယ်သပ္ပာယ်စွာ တည်ရှိနေကြသည်။ မြန်မာသက္ကရာဇ် ၁၁၅၅ ခုနှစ်၊ ခရစ်သက္ကရာဇ် ၁၇၉၃ ခုနှစ်တွင် ညောင်ရွှေစော်ဘွားကြီးမှ ကြီးမှူး၍ လှူဒါန်းခဲ့သော ရှေးဟောင်းခေါင်းလောင်းကြီးတစ်လုံး ရှိသည်။ ရှေးအခါက မွေတော်ကက္ကူဘုရားစေတီများကို ဖျက်ဆီးမည့်ရန်စွယ်များ ကင်းဝေးစေရန်အတွက် ရွှေဝက်မင်းတစ်ကောင်မှ ကာကွယ်ခဲ့ကြောင်း၊ ဘုရားကြီးနှင့် အရံစေတီတော်များပြန်လည် ဖူးမြော်မြင်တွေ့နိုင်ရန် ရွှေဝက်မင်းမှ ကူညီလမ်းညွှန်ပြသခဲ့သည်ကို အစွဲပြု၍ အသောကစေတီတော်၏ မြောက်ဘက်စောင်းတန်းအနီးတွင် ရွှေဝက်မင်းရုပ်တုကို အမှတ်တရထုလုပ်ထားရှိခဲ့သည်။ ထို့ကြောင့် မွေတော်ကက္ကူကို ရွှေဂူကြီးဘုရား၊ သက်တူဘုရား၊ ရွှေဝက်ဂူဘုရား၊ ရွှေဝက်ကူးဘုရား၊ ကက္ကူမွေတော်ဘုရား ဟူ၍ အဆင့်ဆင့်ခေါ်ဝေါ်ခဲ့ကြပါသည်။

          မွေတော်ကက္ကူစုဘုရားများကို အမျိုးအစားများခွဲပါက စေတီပေါက်ဂူဘူရားများ၊ စေတီရိုးများ၊ ဇေတဝန်ကျောင်းတော်ပုံစံပြဿဒ်ဆောင်စေတီများနှင့် မုဒြာဟန်အမျိုးမျိုးဖြင့် ရုပ်ပွားတော်များကို ဖူးမြော်မြင်တွေ့ရပါမည်။ ခေတ်အဆက်ဆက် ပညာရှင်များမှ မိမိတို့တတ်ကျွမ်းသည့် ဗိသုကာပညာဖြင့် ခန့်ညားမှု ပိုမိုပေါ်လွင်အောင် ကုသိုလ်ပြု ဖန်တီးတည်ဆောက်ခဲ့သဖြင့် အနုပညာပန်းတောကြီးဟုပင် တင်စားခေါ်ဝေါ်နိုင်ပါသည်။

          သီရိဓမ္မာသောကမင်းကြီး၏ ဆုတောင်းပြည့်စေတီတော်ကြီးသည် စောင်းတန်းလေးသွယ်၏ အလယ်တွင် တင့်တယ်သပ္ပာယ်စွာ တည်ရှိသည်။ စေတီတော်ရှိ မုခ်လေးမုခ်တွင် ဗုဒ္ဓရုပ်ပွားတော် လေးဆူထည့်သွင်း ပူဇော်ထားရှိပါသည်။ ထိုရုပ်ပွားတော်များထဲတွင် မြောက်ဘက်မုခ်ရှိ ဆုတောင်းပြည့် ဗုဒ္ဓရုပ်ပွားတော်မှာ ရှေးအကျဆုံးသော ဆင်းတုတော်ဖြစ်ပြီး ကျန်ရုပ်ပွားတော်သုံးဆူမှာ ရတနာပုံခေတ် လက်ရာ ကျောက်ဆင်းတုတော် များဖြစ်ကြပါသည်။ ဆုတောင်းပြည့် ရုပ်ပွားတော်၏ လက်ယာဘက်တွင် သီရိလင်္ကာနိုင်ငံမှ ပင့်ဆောင်လာသော ဗုဒ္ဓသရီရဓာတ်တော်များကို ပူဇော်ထားရှိပါသည်။ ရာဟုထောင့်မှ ပင်မစေတီဂန္ဓကုဋီတိုက်ပေါ်တွင် ကြာမှောက်ကြာလှန်အထက် ငှက်ပျောဖူးပေါ်ထီးတော်ဖြင့် ဆုတောင်းပြည့် စေတီတစ်ဆူကိုလည်း ထူးခြားစွာ ဖူးမြော်မြင်တွေ့နိုင်ပါသည်။ ထိုစေတီကို ဖူးမြှော်၍ လိုရာဆုကိုသီလမြဲစွာ တောင်းပန်လျှောက်ထားလျှင် တောင်းဆုပြည့်သည်ဟု ဒေသခံများထံမှ သိရသည်။ တနင်္ဂနွေထောင်တွင် ဆင်ခံဘုရားစေတီ၊ ရာဟုထောင့်တွင် လှေကြီးတစ်စင်းပေါ်၌ မုခ်ပေါက် လေးပေါက်ဖြင့်ပြသာဒ်စေတီ၊ တောင်ဘက်တွင် နဂါးရုံစေတီ၊ အရှေ့ဘက်စောင်းတန်းတွင် စေတီတော်အား ဦးခိုက်နေသည့် မြင်းရုပ်တုကြီး နှစ်ခုနှင့် မြင်းရုပ်တု၏ တောင်ဘက်တွင် ညောင်ရွှေစော်ဘွားကြီး လှူဒါန်းခဲ့သော ရှေးဟောင်းခေါင်းလောင်းကို တွေ့မြင်ရပါမည်။

          စေတီတော်ကြီးသည် ရှေးဟောင်းကို ပြန်လည်ပြုပြင်၍ ထီးတော်အသစ်တင် လှူဒါန်းထားခြင်းဖြစ်သည်။ စေတီစုများကို အင်္ဂလိပ်အက္ခရာ (A) မှ (I) အထိခွဲကာ ထိန်းသိမ်းထားလျက်ရှိသည်။

         (A) အုပ်စုဝင် စေတီစုများမှာ အသောကစေတီသို့သွားရာ အနောက်ဘက်စောင်းတန်းဝင် ဘယ်ဘက်တွင် တည်ရှိပြီး စေတီ စုစုပေါင်း ၈၇ ဆူရှိကာ ကုန်းဘောင်ခေတ်နှောင်းနှင့် ရတနာပုံခေတ်တို့တွင် ဒေသခံများမှ တည်ထားခဲ့ကြသည်။ ဉာဏ်တော် အနိမ့်အမြင့်တူ မုခ်ပေါက် (၁) ပေါက်ပါစေတီများ၊ ဇေတဝန်ကျောင်းဆောင်ပုံစံဘုံ လေးဆင့်စေတီများ၊ မုခ်ပေါက်အပိတ် ပြသာဒ်ဆောင်စေတီများ၊ ကြာရွက်များရစ်ပတ်ထားသကဲ့သို့ အင်္ဂတေအနုစိတ်ဖြင့် လက်ရာစုံစေတီများတို့ ပါဝင်သည်။ (B) အုပ်စုဝင် စေတီများတွင် စေတီပေါင်း ၇၇၂ ဆူပါဝင်ပြီး ရုပ်စုံစေတီများဖြစ်ကြသည်။ စေတီများ၏ အပြင်ဘက် ပစ္စယံအနိမ့်အမြင့်များတွင် ပန်းပုရုပ်များဖြင့် အသွင်ကွဲပြားစွာ အလှဆင်ထားသော စေတီများကို မြင်တွေ့ရပါမည်။ (C) အုပ်စုဝင် စေတီများတွင် စေတီပေါင်း ၂၂၃ ဆူပါဝင်ပြီး ရုပ်စုံစေတီများဖြစ်ကာ စေတီတိုင်းတွင် လက်ရာဟန်ပန်နွဲ့နောင်း၍ ပြုံးရွှင်သောမျက်နှာပေးအမူအယာတို့ဖြင့် အရုပ်မျိုးစုံကို ထူးခြားစွာ ဖူးမြော်မြင်တွေ့နိုင်သည်။ (C) အုပ်စုဝင်စေတီများရှိရာ မြောက်ဘက်အခြမ်းတွင် စေတီအရွယ်အစား အမျိုးမျိုးစုပေါင်းပါဝင်သော ၅၈ ဆူသော (D) အုပ်စုဝင် စေတီများ ရှိပါသည်။ (E) အမှတ်စေတီများမှာ စေတီပေါင်း ၇၄ ဆူပါဝင်သည်။ ရုပ်စုံနည်းပါးသော စေတီစုများ ဖြစ်ကြပြီး ပုံစံဆင်တူသော စေတီများ၊ ဇေတဝန်ကျောင်းဆောင်ပုံစံစေတီများ ပါဝင်ကြသည်။ (F) အမှတ်စေတီစုများသည် စေတီတော်ကြီးသို့ အဝင်လမ်းမကြီး၏ တောင်ဘက်တွင် တည်ရှိကြသည်။ စေတီ ၄၅၉ ဆူရှိပြီး ထူးခြားသော ရုပ်စုံစေတီများနှင့် အလောင်းစည်သူမင်းကြီး၏ကောင်းမှု ဖောင်တော်ဆိုက်စေတီ ပါဝင်သော စေတီစုဖြစ်သည်။ (G) စေတီစုများမှာ စေတီပေါင်း ၂၇၉ ဆူရှိပြီး ဇေတဝန်ကျောင်းပုံစံအမျိုးမျိုးသော စေတီများဖြင့် ဖွဲ့စည်းထားပါသည်။ (H) စေတီစုသည် ရှေးကျသောလက်ရာ ရုပ်စုံများဖြင့် ဘုရားစေတီများ ပါဝင်ကာ အနုပညာလက်ရာမြောက် အရုပ်ကြီးများပါဝင်သော စေတီစုဖြစ်ပါသည်။ ပင်မအသောကစေတီကြီး၏ အင်္ဂါထောင့်တွင် တည်ရှိသော (I) စေတီစုတွင် စေတီ ၆၂ ဆူ ပါဝင်သည်။

          ရှေးဟောင်းသမိုင်းဝင်မွေတော်ကက္ကူစု၏ ဗုဒ္ဓပူဇနိယပူဇော်ပွဲကို တော်သလင်းလပြည့်နေ့၊ တန်ဆောင်မုန်းလပြည့်နေ့နှင့် တပေါင်းလပြည့်နေ့တို့၌ နှစ်စဉ် သုံးကြိမ်သုံးခါ စည်ကားသိုက်မြိုက်စွာ ပူဇော်ကျင်းပကြပါသည်။