မြန်မာနိုင်ငံ၏ အရှေ့တောင်ဘက်တွင်တည်ရှိသည့် ကရင်ပြည်နယ်ကို ခရိုင်လေးခု၊ မြို့နယ် ခုနစ်ခုဖြင့် ဖွဲ့စည်းထားပြီး ဘားအံခရိုင်တွင် ဘားအံမြို့နယ်၊ လှိုင်းဘွဲ့မြို့နယ်နှင့် သံတောင်ကြီးမြို့နယ်၊ ကော့ကရိတ်ခရိုင်တွင် ကော့ကရိတ် မြို့နယ်နှင့် ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဖာပွန်ခရိုင်တွင် ဖာပွန်မြို့နယ်၊ မြဝတီခရိုင်တွင် မြဝတီမြို့နယ်တို့ပါဝင်သည်။
ကော့ကရိတ်ခရိုင်သို့
ကော့ကရိတ်မြို့သည် ရန်ကုန်မြို့မှ အရှေ့တောင် ဘက်ယွန်းယွန်းသို့ ၃၈၅ ကီလိုမီတာနှင့် ဘားအံမြို့မှ အရှေ့တောင်ဘက်သို့ ၈၉ မိုင်ကွာဝေး၍ ဘားအံမြို့နှင့် မြဝတီမြို့အကြားတွင် တည်ရှိသည်။
ပထမအင်္ဂလိပ်-မြန်မာစစ်ပွဲ ပြီးဆုံးပြီးနောက် ကော့ကရိတ်သည် အင်္ဂလိပ်လက်အောက်သို့ ရောက်ရှိ ခဲ့ပြီး ကျိုက္ခမီခရိုင်တွင် ပါဝင်ခဲ့သည်။ ယခင်က ကော့ကရိတ်မြို့နှင့် ကြာအင်းဆိပ်ကြီးမြို့ကို ဟောင်သရောမြို့နယ်ဟု ဖွဲ့စည်းခဲ့ကာ မြို့အုပ်တစ်ဦးစီ က အုပ်ချုပ်ခဲ့ပြီးနောက် ၁၉၀၁ ခုနှစ်တွင် သီးခြားမြို့နယ် များဖြစ်လာခဲ့ကြသည်။
ကော့ကရိတ်ဟူသည့် အမည်သည် မွန်စကား ကအ်ကြိုက်(မွန် အသံထွက် ကော့ကရိတ်)မှ ဆင်းသက် လာကာ ကော့သည် ကုန်း၊ ကြိုက်သည် လက်ပံပင်ဟု အဓိပ္ပာယ် ရှိသဖြင့် လက်ပံပင်ကုန်းဟု ဆိုလိုသည်။
ကော့ကရိတ်မြို့နယ်သည် ၆၈၈ ဒသမ ၆၈၄ စတုရန်းမိုင် ကျယ်ဝန်းလျက် ပင်လယ်ရေမျက်နှာပြင် အထက် ၅၅ ပေမြင့်သည်။ မြို့နယ်၏ အမြင့်ဆုံးနေရာ သည် ပေ ၃၇၀၀ မြင့်သည့် ဒေါနတောင်တန်းဖြစ်သည်။ အရှေ့ဘက်တွင် ဘားအံမြို့နယ် ၊ အနောက်ဘက်တွင် ကျိုက်မရောမြို့နယ်၊ တောင်ဘက်တွင် ကြာအင်းဆိပ်ကြီး မြို့နယ်နှင့် မြောက်ဘက်တွင် ဘားအံမြို့နယ်၊ လှိုင်းဘွဲ့ မြို့နယ်တို့နှင့် ထိဆက်နေသည်။
ကော့ကရိတ်မြို့နယ်၏ ၄၂ ဒသမ ၂၄ ရာခိုင်နှုန်းကို သစ်တောများက ဖုံးလွှမ်းနေကာ ကျွန်းနှင့် ပျဉ်းကတိုး အပါအဝင် သဘာ၀ပေါက်ပင်များ ပေါက်ရောက်၍ တောရိုင်းတိရစ္ဆာန်များ ရှင်သန်နေထိုင်ကြသည်။
ကော့ကရိတ်မြို့နယ်ကို မြို့ နှစ်ခု(ကော့ကရိတ်နှင့် ကျုံဒိုး) ၊ရပ်ကွက် ၁၁ ခု၊ ကျေးရွာအုပ်စု ၅၃ ခု၊ ကျေးရွာ ၂၆၀ ဖြင့် ဖွဲ့စည်းထားသည်။ ၂၀၁၈ ခုနှစ် စက်တင် ဘာလတွင် ထုတ်ပြန်သည့် စာရင်းများအရ ကော့ကရိတ် မြို့နယ်တွင် လူဦးရေ ၂၄၅၃၅၆ ဦးနေထိုင်၍ ကရင် လူမျိုး ၉၂၄၅၅ ဦး (၃၇ ဒသမ ၆၈ ရာခိုင်နှုန်း) နှင့် မွန် လူမျိုး ၅၉၈၉၁ ဦး (၂၄ ဒသမ ၄ ရာခိုင်နှုန်း) ပါဝင်သည်။ ပြည်သူအများစုသည် ဗုဒ္ဓဘာသာကို ကိုးကွယ်၍ ခရစ်ယာန်၊ အစ္စလာမ်နှင့် ဟိန္ဒူဘာသာတို့ကို ကိုးကွယ် သူများလည်း ရှိသည်။
ကော့ကရိတ်မြို့နယ်သည် ဘားအံ - မြဝတီ ပြည်ထောင်စုလမ်းမပေါ်တွင်ရှိသဖြင့် လမ်းပန်းဆက် သွယ်ရေး အထူးကောင်းမွန်သည်။ မြို့နယ်၏ အဓိက ထွက်ကုန်သည် ဆန်စပါးဖြစ်၍ အသားတင်စိုက်ပျိုးမြေ ၁၉၃၇၄၄ ဧကတွင် စပါး၊ မြေပဲ၊နှမ်း၊မတ်ပဲ၊ ပဲတီစိမ်း၊ ကြံနှင့် အစေ့ထုတ်ပြောင်းကို စိုက်ပျိုးသည်။ ထို့အတူ ဒူးရင်း၊ ကျွဲကော၊သရက်၊ ရှောက်၊ သံပရာ၊ မန်ကျည်း၊ သီဟိုဠ် စသည့် နှစ်ရှည်ပင်များကို စိုက်ပျိုးသည်။
မြို့နယ်အတွင်း၌ ကျွဲ၊ နွား၊ ဝက်၊ ဆိတ်၊ သိုး၊ ကြက်၊ ဘဲ၊ ကြက်ဆင်၊ ငါး၊ ပုစွန်တို့ကို မွေးမြူသည်။ စက်မှု ကဏ္ဍတွင် စက်ရုံ၊ အလုပ်ရုံများမရှိဘဲ အိမ်တွင်းစက်မှု လက်မှုလုပ်ငန်း ၁၄၆ ခုရှိသည်။ သစ်တောကဏ္ဍတွင် သစ်တောထွက်ပစ္စည်းများဖြစ်သည့် ထင်း၊ မီးသွေး၊ ဝါး၊ သစ်ခေါက်၊ ဖာလာစေ့၊ ပျားရည်၊ ဘုမ္မရာဇာနှင့် ဓနိတို့ကို ထုတ်လုပ်သည်။
ကော့ကရိတ်မြို့နယ်၌ ပေ ၁၈၀ အထက်တံတား ရှစ်စင်း နှင့် ပေ၁၈၀ အောက်တံတား အစင်း ၂၀ ရှိသည့် အနက် ပေ ၁၂၀၀ ရှည်သည့် ဂျိုင်း(ကော့ကရိတ်တံတား)ကို ၁၉၉၇ ခုနှစ်၊ ဇွန်လ ၂၆ ရက်နေ့တွင် ဖွင့်လှစ်ခဲ့သည်။
အခြေခံပညာကဏ္ဍတွင် အစိုးရအထက်တန်းကျောင်း ကိုးကျောင်း၊ အထက်တန်းကျောင်းခွဲ ၁၅ ကျောင်း၊ အလယ် တန်းကျောင်း ၁၉ ကျောင်း၊ အလယ်တန်းကျောင်း ခွဲ ၂၈ ကျောင်း၊ မူလတန်းလွန်နှင့် မူလတန်းကျောင်း ၂၈၆ ကျောင်းဖွင့်လှစ်ထားသည်။
ထို့အတူ ဒေသနေပြည်သူများကို ကျန်းမာရေး စောင့်ရှောက်မှုပေးနိုင်ရန် ခုတင် ၁၀ဝ ဆံ့ မြို့နယ်ပြည်သူ့ ဆေးရုံ၊ ၂၅ ခုတင်ဆံ့ ကျုံဒိုးတိုက်နယ်ဆေးရုံ၊ ၁၆ ခုတင် ဆံ့ တိုက်နယ်ဆေးရုံ သုံးရုံ နှင့် ကျေးလက်ကျန်းမာရေးဌာန ရှစ်ခု၊ ကျေးလက်ကျန်းမာရေး ဌာနခွဲ ၃၂ ခု ကို ဖွင့်လှစ် ထားသည်။
ကော့ကရိတ် မြို့နယ်၌ ဘုရားစေတီ ၆၈ ဆူ၊ ခရစ် ယာန်ဘာသာရေးအဆောက်အအုံ ၁၄ ခု၊ အစ္စလာမ်ဘာသာ ရေးဆိုင်ရာ အဆောက်အအုံ ၁၀ ခု၊ ဟိန္ဒူဘုရားကျောင်း ငါးခုနှင့် တရုတ်ဘုရားကျောင်း တစ်ခုရှိသည်။
ကြာအင်းဆိပ်ကြီး
ရန်ကုန်မြို့မှ အရှေ့တောင်ဘက်သို့ ၃၉၄ ကီလို မီတာနှင့် ဘားအံမြို့မှ အရှေ့တောင်ဘက်သို့ ကီလိုမီတာ ၁၄၀ ကွာဝေးသည့် ကြာအင်းဆိပ်ကြီးမြို့နယ်သည် ၁၈၂၆ ခုနှစ်တွင် အင်္ဂလိပ်လက်အောက်သို့ ရောက်ရှိခဲ့ကာ ကျိုက္ခမီ ခရိုင်တွင် ပါဝင်ခဲ့သည်။ ကြာအင်းဆိပ်ကြီးမြို့နယ်သည် ၁၉၀၁ ခုနှစ်တွင် ဟောင်သရောမြို့နယ်မှ ခွဲထွက်ကာ သီးခြားမြို့နယ်ဖြစ်လာခဲ့ပြီး ၁၉၅၅ ခုနှစ် ဇူလိုင်လ ၁ ရက် နေ့တွင် ဘားအံခရိုင် အောက်သို့ ရောက်ရှိခဲ့သည်။ ၁၉၆၂ ခုနှစ် နိုဝင်ဘာလ ၆ ရက်နေ့မှစ၍ ကော့ကရိတ်ခရိုင်တွင်ပါဝင် ခဲ့သည်။
ဇမိချောင်းကမ်းနဖူးတွင်ရှိသည့် သစ်ဆိပ်နှင့် ယခု အမှတ်(၂)ရပ်ကွက်ရှိ ပဒုမ္မာ ကြာအင်းကြီးကို ပေါင်းစပ်၍ ကြာအင်းဆိပ်ကြီးဟု ခေါ်ဝေါ်ခဲ့သည်။
ကြာအင်းဆိပ်ကြီးမြို့နယ်သည် ၃၀၃၁ စတုရန်းမိုင် ကျယ်ဝန်း၍ ပင်လယ်ရေမျက်နှာပြင်အထက် ၃၇ ပေမြင့် သည်။ မြို့နယ် ၏ အမြင့်ဆုံးနေရာသည် ပေ ၃၇၀၀ မြင့် သည့် ဒေါနတောင်တန်းဖြစ်သည်။
အရှေ့ဘက်တွင် မြဝတီမြို့နယ် ၊ အနောက်ဘက်တွင် မုဒုံမြို့နယ်နှင့် သံဖြူဇရပ်မြို့နယ်၊ တောင်ဘက်တွင် ရေးမြို့ နယ်၊ မြောက်ဘက်တွင် ကော့ကရိတ်မြို့နယ်၊ ကျိုက်မရော မြို့နယ်တို့နှင့် ထိဆက်နေသည်။
မြို့နယ်၏ ၅၁ ဒသမ ၆၄ ရာခိုင်နှုန်းကို သစ်တောများက ဖုံးလွှမ်းနေကာ ကျွန်းနှင့် ပျဉ်းကတိုးအပါအဝင် သစ်မာပင် များ ပေါက်ရောက်၍ တောရိုင်းတိရစ္ဆာန်များ ရှင်သန် နေထိုင်ကြသည်။
ယခုအခါ ကြာအင်းဆိပ်ကြီးမြို့နယ်ကို မြို့သုံးခု (ကြာအင်းဆိပ်ကြီး၊ ကျိုက်ဒုံနှင့် ဘုရားသုံးဆူ)၊ ရပ်ကွက် ၁၆ ခု၊ ကျေးရွာ အုပ်စု ၅၁ ခု၊ ကျေးရွာ ၂၈၆ ရွာဖြင့် ဖွဲ့စည်း ထားသည်။ ၂၀၁၈ ခုနှစ် စက်တင်ဘာလတွင် ထုတ်ပြန် သည့်စာရင်းများအရ ကြာအင်းဆိပ်ကြီးမြို့နယ်တွင် လူဦးရေ ၂၅၂၀၃၄ ဦးရှိ၍ ကရင်လူမျိုးဦးရေ ၁၃၂၃၈၉ ဦး (၅၂ ဒသမ ၅၃ ရာခိုင်နှုန်း) အပါအဝင် တိုင်းရင်းသား လူမျိုးပေါင်းစုံနေထိုင်သည်။ မြို့နယ် ပြည်သူအများစုသည် ဗုဒ္ဓဘာသာကို ကိုးကွယ်၍ ခရစ်ယာန်၊ အစ္စလာမ်နှင့် ဟိန္ဒူ ဘာသာတို့ကို ကိုးကွယ်သူများလည်း ရှိသည်။
မြို့နယ်၏ အဓိကထွက်ကုန်သည် ဆန်စပါးဖြစ်သည်။ မြို့နယ်၏ အသားတင်စိုက်ပျိုးမြေ ၂၂၀၇၀၇ ဧကတွင် စပါး၊ မြေပဲ၊ နှမ်း၊ နေကြာ၊ မတ်ပဲ၊ ပဲတီစိမ်း၊ပဲစင်းငုံ၊ကြံ၊ အစေ့ထုတ်ပြောင်းနှင့် နှစ်ရှည်ပင်များဖြစ်သည့် ရော်ဘာ၊ ငရုတ်ကောင်း၊ ကော်ဖီ၊ ကွမ်းသီး၊ အုန်း၊ သစ်သီးပင်တို့ကို စိုက်ပျိုးသည်။ မွေးမြူရေးကဏ္ဍ၌ ကျွဲ၊ နွား၊ ဝက်၊ သိုး၊ ဆိတ်၊ ကြက်၊ ဘဲနှင့်ငါးတို့ကို မွေးမြူကာ စက်မှုကဏ္ဍတွင် စက်ရုံ အလုပ်ရုံများမရှိဘဲ အိမ်တွင်းစက်မှုလက်မှုလုပ်ငန်း ၁၄၀ က လုပ်ငန်းများလည်ပတ်နေသည်။
သစ်တောကဏ္ဍတွင် သစ်တောထွက်ပစ္စည်းများ ဖြစ်သည့် ထင်း၊ မီးသွေး၊ ဝါး၊ ဖာလာစေ့၊ ပျားရည်နှင့် ဓနိတို့ ကို ထုတ်လုပ်၍ ဘုရားသုံးဆူတွင် ခနောက်စိမ်းကို ထုတ်လုပ်သည်။
ကော့ကရိတ်မြို့နယ်၌ ပေ ၁၈၀ အထက်တံတား ခုနစ်စင်းနှင့် ပေ ၁၈၀ အောက်တံတား ၂၇ စင်း ရှိသည့် အနက် ကျိုက်ဒုံမြို့ရှိ ဟောင်သရောတံတားသည် ပေ ၇၈၀ ရှည်လျားကာမြို့နယ်၏ အရှည်ဆုံး တံတား ဖြစ်သည်။
ကြာအင်းဆိပ်ကြီးမြို့နယ်တွင် အစိုးရအထက်တန်း ကျောင်း ရှစ်ကျောင်း၊ အထက်တန်းကျောင်းခွဲ ၁၀ ကျောင်း၊ အလယ်တန်းကျောင်း သုံးကျောင်း၊ အလယ် တန်းကျောင်းခွဲ ၂၇ ကျောင်း၊ ၊ မူလတန်းလွန်နှင့် မူလတန်း ကျောင်း ၁၉၆ ကျောင်းနှင့် ခုတင် ၅ဝ ဆံ့ မြို့နယ် ဆေးရုံ၊ ၂၅ ခုတင်ဆံ့ ဘုရားသုံးဆူ တိုက်နယ်ဆေးရုံ၊ ၁၆ ခုတင်ဆံ့ တိုက်နယ်ဆေးရုံ သုံးရုံနှင့် ကျေးလက် ကျန်းမာရေးဌာန သုံးခု၊ ကျေးလက်ကျန်းမာရေးဌာနခွဲ ၄၄ ခု ကို ဖွင့်လှစ်ထားသည်။
မြို့နယ်အတွင်း၌ ဘုရားစေတီ ၂၀၅ ဆူ၊ ခရစ်ယာန် ဘာသာရေးအဆောက်အအုံ ၄၉ ခု၊ အစ္စလာမ်ဘာသာ ရေးဆိုင်ရာ အဆောက်အအုံ သုံးခုရှိသည်။
ဖာပွန်ခရိုင်
ရန်ကုန်မြို့မှ အရှေ့မြောက်ဘက်သို့ ၂၉၂ ကီလိုမီတာ နှင့် ဘားအံမြို့မှ မြောက်ဘက်သို့ ၁၉၆ ကီလိုမီတာ ကွာဝေးသည့် ဖာပွန်မြို့သည် အင်္ဂလိပ်အစိုးရလက်ထက် တွင် သံလွင်ခရိုင် ရုံးစိုက်သည့် မြို့ဖြစ်၍ ရဲအရေးပိုင်က အုပ်ချုပ်ခဲ့သည်။ လွတ်လပ်ရေးရရှိပြီးချိန်တွင် ၁၉၅၅ ခုနှစ်အထိ ဖာပွန်မြို့ကို KNDO များက အုပ်စိုးခဲ့ပြီး ၁၉၅၅ ခုနှစ် စက်တင်ဘာလ ၁ ရက်နေ့တွင် အစိုးရက မြို့ပိုင် ရုံးနှင့် ရဲတပ်ဖွဲ့ကို ဖွဲ့စည်း၍ ဖာပွန်ကို ဘားအံနယ် ပိုင် ဝန်ထောက်လက်အောက်၌ ထားရှိခဲ့သည်။ ၁၉၆၅ ခုနှစ် နိုဝင်ဘာလ ၇ ရက်တွင် ဖာပွန်မြို့ဟု သတ်မှတ်၍ ဘားအံခရိုင်တွင်ထည့်သွင်းခဲ့သည်။ ၁၉၇၃ ခုနှစ် ဧပြီလ ၂၇ ရက်နေ့တွင် ဖာပွန်မြို့နယ်ကို ဖွဲ့စည်းခဲ့သည်။
ဖာပွန်သည် ယွန်းဘာသာစကား ဖပွန်မှဆင်းသက် ခဲ့ကာ ဖ(ကျောက်)၊ ပွန်(မြို့)၊ ကျောက်မြို့ဟုလည်းကောင်း၊ ဖ(ဘုရား)၊ ပွန်(ထုံး)၊ ထုံးဘုရားမြို့ဟု လည်းကောင်း အဓိပ္ပာယ်ရှိကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှတ်တမ်း တွင် ဖော်ပြထားသည်။
ဖာပွန်မြို့နယ်သည် ၂၅၉၅ ဒသမ ၅၇ စတုရန်းမိုင် ကျယ်ဝန်း၍ ပင်လယ်ရေမျက်နှာပြင် အထက် ပေ ၂၈၀ မြင့်သည်။ အရှေ့ဘက်တွင် သံလွင်မြစ်နှင့် လှိုင်းဘွဲ့မြို့ နယ်၊ အနောက်ဘက်တွင် ကျောက်ကြီးမြို့နယ်နှင့် ရွှေကျင်မြို့နယ်၊ တောင်ဘက်တွင် ဘားအံမြို့နယ်နှင့် ဘီးလင်းမြို့နယ်၊ မြောက်ဘက်တွင် သံတောင်ကြီး မြို့နယ်၊ ဖားဆောင်းမြို့နယ်တို့နှင့် ထိဆက်နေသည်။
ဖာပွန်မြို့နယ်၏ ၂၉ ဒသမ ၀၆ ရာခိုင်နှုန်းကို သစ်တောများက ဖုံးလွှမ်းနေကာ ကျွန်းနှင့် ပျဉ်းကတိုး အပါအဝင် သဘာ၀ပေါက်ပင်များ ပေါက်ရောက်၍ တောရိုင်းတိရစ္ဆာန်များ ရှင်သန်နေထိုင်ကြသည်။
ယခုအခါ ဖာပွန်မြို့နယ်ကို မြို့နှစ်မြို့ (ဖာပွန်နှင့် ကမမောင်း)၊ ရပ်ကွက်ရှစ်ခု၊ ကျေးရွာအုပ်စု ၃၃ ခု၊ ကျေးရွာ ၃၀၅ ရွာဖြင့် ဖွဲ့စည်းထားသည်။ ၂၀၁၈ ခုနှစ် စက်တင် ဘာလတွင် ထုတ်ပြန်သည့် စာရင်းများအရ ဖာပွန်မြို့ နယ်တွင် လူဦးရေ ၁၁၇၉၆၅ ဦးရှိ၍ ကရင်လူမျိုး ၉၄၈၄၈ ဦး (၈၀ ဒသမ ၄၁ ရာခိုင်နှုန်း) အပါအဝင် တိုင်းရင်းသား လူမျိုးပေါင်းစုံ နေထိုင်သည်။ မြို့နယ် ပြည်သူအများစု သည် ဗုဒ္ဓဘာသာကိုကိုးကွယ်၍ ခရစ်ယာန်နှင့် အစ္စလာမ် တို့ကို ကိုးကွယ်သူများလည်း ရှိသည်။
ဖာပွန်မြို့နယ်၏ အဓိကစီးပွားရေးသည် စိုက်ပျိုးရေး လုပ်ငန်းဖြစ်၍ မြို့နယ်၏ အဓိကထွက်ကုန်သည် သစ်မာ၊ ဖာလာစေ့နှင့် ဝဥဖြစ်သည်။ မြို့နယ်၏ အသားတင် စိုက်ပျိုးမြေ ၃၂၈၃၂ ဧကတွင် စပါး၊ မြေပဲ၊ နှမ်း၊ ပဲတီစိမ်း၊ ပဲစင်းငုံ၊ ကြံ၊ အစေ့ထုတ်ပြောင်းနှင့် နှစ်ရှည်ပင်များဖြစ် သည့် ရော်ဘာ၊ ငှက်ပျော၊ လက်ဖက်၊ ပီလောပီနံ၊ ကွမ်းသီး၊ အုန်းနှင့် သစ်သီးပင်တို့ကို စိုက်ပျိုးသည်။ မွေးမြူရေးကဏ္ဍ၌ ကျွဲ၊ နွား၊ ဝက်၊ သိုး၊ ဆိတ်၊ ကြက်၊ ဘဲတို့ကို မွေးမြူ၍ ငါးမွေးမြူခြင်း မရှိချေ။ မြို့နယ် အတွင်း၌ ပုဂ္ဂလိကပိုင်စက်ရုံ အလုပ်ရုံ ၄၉ ခုနှင့် အိမ်တွင်း စက်မှု လက်မှုလုပ်ငန်း ၄၁ ခုက လုပ်ငန်းများ လည်ပတ် လျက်ရှိသည်။
သစ်တောကဏ္ဍတွင် သစ်တောထွက်ပစ္စည်းများဖြစ် သည့် ထင်း၊ မီးသွေး၊ ဝါး၊ ကြိမ်၊ သစ်ခေါက်၊ ဖာလာစေ့၊ ပျားရည်နှင့် ဓနိတို့ကို ထုတ်လုပ်သည်။
ဖာပွန်မြို့နယ်တွင် အစိုးရအထက်တန်းကျောင်း နှစ်ကျောင်း၊ အထက်တန်းကျောင်းခွဲ နှစ်ကျောင်း၊ အလယ်တန်းကျောင်း တစ်ကျောင်း၊ အလယ်တန်း ကျောင်းခွဲ ခုနစ်ကျောင်း၊ မူလတန်းလွန်နှင့် မူလတန်း ကျောင်း ၆၈ ကျောင်း၊ ခုတင် ၁၀ဝ ဆံ့ ဖာပွန်မြို့နယ် ပြည်သူ့ဆေးရုံ၊ ၂၅ ခုတင်ဆံ့ ကမမောင်းတိုက်နယ်ဆေးရုံ၊ ၁၆ ခုတင်ဆံ့ ကတိုင်တိ တိုက်နယ်ဆေးရုံနှင့် ကျေးလက် ကျန်းမာရေးဌာန ငါးခု၊ ကျေးလက်ကျန်းမာရေးဌာနခွဲ ၁၈ ခုကို ဖွင့်လှစ်ထားသည်။
မြို့နယ်အတွင်း၌ ဘုရားစေတီ ၁၂၅ ဆူ၊ ခရစ်ယာန် ဘာသာရေးအဆောက်အအုံ ၂၈ ခု၊ အစ္စလာမ်ဘာသာရေး ဆိုင်ရာ အဆောက်အအုံ သုံးခုရှိသည့်အနက် ဖာပွန်မြို့ရှိ ရွှေဆံတော်ရွှေအံတော်စေတီသည် ထင်ရှားသည်။
မြဝတီခရိုင်သို့
မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံအကြား အကြီးဆုံး နယ်စပ် ကုန်သွယ်ရေးစခန်းရှိသည့် မြဝတီမြို့သည် ရန်ကုန်မြို့မှ အရှေ့တောင်ဘက်ယွန်းယွန်းသို့ ၄၁၆ ကီလိုမီတာနှင့် ဘားအံမြို့မှ အရှေ့ဘက်သို့ ကီလိုမီတာ ၁၃၀ ကွာဝေးသည်။ မြဝတီကို မွန်တို့က ကွပ်ဖရဲ ဟုခေါ်၍ ကရင်တို့က ဒုံမေပတီဟု ခေါ်ဆိုခဲ့ကြသည်။ ၁၉၆၀ ပြည့်နှစ် မတ်လ ၁ ရက်နေ့တွင် မြဝတီကို မြို့အဖြစ် သတ်မှတ်၍ ၁၉၉၅ ခုနှစ် စက်တင်ဘာလ ၁၉ ရက်တွင် မြဝတီမြို့နယ်ကို မြဝတီခရိုင်အဖြစ် ဖွဲ့စည်း ခဲ့သည်။
၁၉၉၈ ခုနှစ် စက်တင်ဘာလ ၁၆ ရက်နေ့တွင် ထိုင်း မြန်မာနယ်စပ်ကုန်သွယ်ရေး စခန်း(မြဝတီ)ကို ဖွင့်လှစ်ခဲ့ ပြီးနောက် မြဝတီမြို့သည် နယ်စပ်ကုန်သွယ်ရေးတိုးတက် လာမှုနှင့်အတူ များစွာစည်ပင် ဖွံ့ဖြိုးလာခဲ့သည်။ ကုန်သွယ်မှု တိုးတက်များပြားလာသဖြင့် ထိုင်းမြန်မာ ချစ်ကြည်ရေး တံတားအမှတ် (၂) ကို ၂၀၁၈ ခုနှစ် အောက်တိုဘာလ ၃၀ ရက်နေ့တွင် ဖွင့်လှစ်ခဲ့သည်။
မြဝတီမြို့နယ်သည် ၁၂၁၀ ဒသမ ၈၅ စတုရန်းမိုင် ကျယ်ဝန်း၍ ပင်လယ်ရေမျက်နှာပြင်အထက် ပေ ၆၅၀ မြင့် သည်။ အရှေ့ဘက်တွင် ထိုင်းနိုင်ငံ၊ မဲဆောက်မြို့၊ အနောက် ဘက်တွင် ကော့ကရိတ်မြို့နယ်၊ တောင်ဘက်တွင် ကြာအင်းဆိပ်ကြီးမြို့နယ်၊ မြောက်ဘက်တွင် လှိုင်းဘွဲ့ မြို့နယ်နှင့် ထိဆက်နေသည်။
မြဝတီမြို့နယ်၏ ၆၇ ဒသမ ၀၅ ရာခိုင်နှုန်းကို သစ်တောများက ဖုံးလွှမ်းနေကာ ကျွန်းနှင့် ပျဉ်းကတိုး အပါ အဝင် သဘာ၀ပေါက်ပင်များ ပေါက်ရောက်၍ တောရိုင်း တိရစ္ဆာန်များ ရှင်သန်နေထိုင်ကြသည်။
မြဝတီခရိုင်ကို မြို့နယ်တစ်ခု (မြဝတီ) မြို့နှစ်မြို့ (စုကလိ၊ ဝေါလေ)၊ ရပ်ကွက် ၁၀ ခု၊ ကျေးရွာအုပ်စု ၁၇ ခု၊ ကျေးရွာ ၅၇ ရွာဖြင့် ဖွဲ့စည်းထားသည်။ ၂၀၁၈ ခုနှစ် စက်တင်ဘာလတွင် ထုတ်ပြန်သည့် စာရင်းများအရ မြဝတီ ခရိုင်တွင် လူဦးရေ ၁၃၆၆၄၅ ဦး နေထိုင်၍ ကရင်နှင့် ဗမာလူမျိုးများက အများဆုံးဖြစ်သည်။ ပြည်သူအများစု သည် ဗုဒ္ဓဘာသာကို ကိုးကွယ်၍ ခရစ်ယာန်၊ အစ္စလာမ်နှင့် ဟိန္ဒူဘာသာ ကိုးကွယ်သူများလည်း ရှိသည်။
မြို့နယ်၏အဓိကစီးပွားရေးသည် စိုက်ပျိုးရေးနှင့် နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းဖြစ်၍ မြို့နယ်၏ အဓိက ထွက်ကုန်သည် ဆန်စပါး၊ ပဲတီစိမ်းနှင့် အစေ့ထုတ်ပြောင်း ဖြစ်သည်။ မြို့နယ်၏ အသားတင်စိုက်ပျိုးမြေ ၂၄၆၈၂ ဧကတွင် စပါး၊ မြေပဲ၊ နှမ်း၊ နေကြာ၊ ပဲတီစိမ်း၊ ပဲစင်းငုံ၊ ကြံနှင့် အစေ့ထုတ်ပြောင်းကို စိုက်ပျိုးသည်။ ထို့အတူ နှစ်ရှည်ပင်များဖြစ်သည့် ရော်ဘာနှင့် ကော်ဖီကို စိုက်ပျိုး သည်။ မွေးမြူရေးကဏ္ဍ၌ ကျွဲ၊ နွား၊ ဝက်၊သိုး၊ဆိတ်၊ ကြက်၊ဘဲ၊ ဆိတ်နှင့် ငါးတို့ကို မွေးမြူ၍ စက်မှုဇုန်အပါ အဝင် မြဝတီခရိုင်အတွင်း၌ စက်ရုံ အလုပ်ရုံ ၅၄ ခုနှင့် အိမ်တွင်း စက်မှုလက်မှုလုပ်ငန်း ၁၁ ခု က လုပ်ငန်းများ လည်ပတ်လျက်ရှိသည်။ သစ်တောကဏ္ဍတွင် သစ်တော ထွက် ပစ္စည်းများဖြစ်သည့် ထင်း၊ မီးသွေး၊ ဝါး၊ ပျားရည်၊ ဝဥခြောက်နှင့် ဓနိတို့ကို ထုတ်လုပ်သည်။
မြဝတီခရိုင်၌ အစိုးရအထက်တန်းကျောင်း ခုနစ် ကျောင်း၊ အထက်တန်းကျောင်းခွဲ ခုနစ်ကျောင်း၊ အလယ်တန်းကျောင်း ရှစ်ကျောင်း၊ အလယ်တန်းကျောင်း ခွဲ ခုနစ်ကျောင်း၊ ၊ မူလတန်းလွန်နှင့် မူလတန်းကျောင်း ၅၈ ကျောင်း၊ ခုတင် ၁၀ဝ ဆံ့ ခရိုင်ပြည်သူ့ဆေးရုံ၊ ၁၆ ခုတင်ဆံ့ ဆေးရုံသုံးရုံနှင့် ကျေးလက်ကျန်းမာရေးဌာန လေးခု၊ ကျေးလက်ကျန်းမာရေးဌာနခွဲ ၁၈ ခုကို ဖွင့်လှစ် ထားသည်။
မြဝတီခရိုင်တွင် ဘုရားစေတီ ၇၈ ဆူ၊ ခရစ်ယာန် ဘာသာရေးအဆောက်အအုံ ၃၀၊ အစ္စလာမ်ဘာသာရေး ဆိုင်ရာ အဆောက်အအုံ၊ အစ္စလာမ်ဘာသာရေး အဆောက်အအုံနှင့် တရုတ်ဘုရားကျောင်း တစ်ခုစီ ရှိသည့်အနက် မြဝတီမြို့ပေါ်ရှိ ရွှေတိဂုံစေတီပုံတူ အပါ အဝင် စေတီတော်များသည် ထင်ရှားကြသည်။
တစ်ချိန်က အေးချမ်းသာယာမှုမရှိခဲ့သည့် ကရင် ပြည်နယ်သည် ယခုအချိန်တွင် နယ်မြေ တည်ငြိမ် အေးချမ်းမှုနှင့်အတူ စီးပွားတိုးတက်ကောင်းမွန်လျက် ရှိရာ ဒေသနေပြည်သူများ၏ လူမှုဘဝများသည်လည်း တိုးတက်လျက်ရှိနေပေသည်။ ။
မောင်သာ(ရှေးဟောင်းသုတေသန)
ကိုးကား-မြန်မာ့စွယ်စုံကျမ်းအတွဲ(၁)၊(၂)၊(၇)၊(၉)
ကရင်ပြည်နယ်ဒေသဆိုင်ရာ
အချက်အလက်များ(ပြည်ထဲရေး ဝန်ကြီးဌာန)