မြန်မာပြည်ကို နှစ်ဦးနှစ်ဖက် ပူးတွဲအုပ်ချုပ်ရတဲ့ ဒိုင်အာခီအုပ်ချုပ်ရေး ပေးပြီးနောက် ရွေးကောက်ပွဲတွေ စလုပ်ပါတယ်။ အဲဒီမှာ အမတ် (၁ဝ၃) ယောက် ထိ ခန့်ထားပေမယ့် ဘုရင်ခံခန့်တဲ့ အမတ်က (၂၂) ယောက်နဲ့ ရာထူးအရ ဖြစ်တဲ့အမတ်က (၂) ယောက် ပါပါသေးတယ်။ ဝန်ကြီးချုပ်ခေါ် ဝန်ကြီးအဆင့်နှစ်ယောက်ကိုလည်း ဒုတိယဘုရင်ခံကပဲ ခန့်အပ်ပါတယ်။ ၁၉၃၇ မှာ မြန်မာပြည်ကို အိန္ဒိယက ခွဲထုတ်ပြီးနောက် အထက်နဲ့ အောက်လွှတ်တော်နှစ်ရပ် ပေါ်ထွန်းလာပါတယ်။ ဒီမှာလည်း ဘုရင်ခံခန့်တဲ့ အမတ်က ပါနေပါသေးတယ်။ အထက်လွှတ်တော်အမတ် (၃၆) ယောက်မှာ (၁၈) ယောက်ကို ဘုရင်ခံကခန့်ပြီး အစိုးရအဖွဲ့ထဲက အတိုင်ပင်ခံ ဝန်ကြီးလေးနေရာနဲ့ ရှေ့နေချုပ်ရာထူးတွေ ကိုလည်း ဘုရင်ခံက ခန့်နိုင်ပါသေးတယ်။
နောက် အဲဒီခေတ် မဲဆန္ဒနယ်ခွဲပုံအရ မြန်မာ၊ ကရင်၊ အိန္ဒိယ၊ ဥရောပ၊ ဥရောပ၊ အင်္ဂလိပ်-မြန်မာကပြား၊ ကုန်သည်ကြီးအသင်းနဲ့ အလုပ်သမား အမတ်၊ တက္ကသိုလ်အမတ် ဆိုတာတွေ ရှိတဲ့အတွက် အင်္ဂလိပ်ကုန်သည် တရာက အမတ်တယောက် ရွေးနိုင်ပေမယ့် မြန်မာသုံးသောင်းမှ အမတ်တယောက် ရွေးနိုင်တဲ့ခေတ် ရှိခဲ့တယ်လို့ ဦးမြဟန်က သုံးသပ်ပါတယ်။ ပြီးတော့ အခွန်ဆောင်နိုင်သူ၊ စာတတ်သူတွေသာ မဲပေးခွင့် ရှိတဲ့အတွက် လူလတ်တန်းစားနဲ့ အထက်အဆင့်တွေသာ မဲပေးနိုင်ကြလို့ တနိုင်ငံလုံး လူ (၁၂) သန်းရှိတဲ့ခေတ်မှာ နှစ်သန်းပဲ မဲပေးခွင့်ရခဲ့တယ်လို့ သိရပါတယ်။
ဒိုင်အာခီနဲ့ (၉၁) ဌာန နှစ်ခေတ်လုံးမှာ တောင်တန်းဒေသတွေကို အုပ်ချုပ်ရေးတိုးမပေးဘဲ ဘုရင်ခံရဲ့ အုပ်ချုပ်မှုအောက်မှာသာ ထားခဲ့တဲ့အတွက် လွတ်လပ်ရေးရတဲ့အထိ ကချင်တောင်တန်း၊ ကရင်နီ၊ သံလွင်ခရိုင်၊ ချင်းတောင်ခရိုင်၊ ရခိုင်တောင်တန်း၊ ရှမ်းပြည်နယ်စုနဲ့ နာဂ စတဲ့ဒေသတွေမှာ ရွေးကောက်ပွဲမရှိ ဖြစ်ခဲ့ပါတယ်။