သံဖြူဇရပ်နှင့် ဝါခရုမြို့ဟောင်း

22-Sep-2020

 မောင်သာ(ရှေးဟောင်းသုတေသန)

မြန်မာနိုင်ငံသမိုင်းစဉ်တစ်လျှောက်၌ မြို့ပြများကို ခေတ်အဆက်ဆက် တည်ထောင်ခဲ့ကြရာ ယင်းတို့အများစုသည် ယနေ့တိုင် တည်ရှိနေဆဲဖြစ်သည်။ ထို့ကြောင့် မြို့ဟောင်း များ ထူထောင်ခဲ့သည့် ခေတ်ကာလအလိုက် မြို့ပြတည်ထောင်မှု ဗိသုကာလက်ရာများ၊ ဘာသာရေးဆိုင်ရာအဆောက်အအုံများဖြစ်သည့် စေတီပုထိုးများနှင့် မြေပေါ်မြေအောက် ကြွင်းကျန်နေသည့် အထောက်အထားများကို ပညာရှင်များနှင့် သုတေသီများက လေ့လာသုတေသနပြုနိုင်ခဲ့ကြသည်။

ရှေးဟောင်းမြို့ပြများ

မြန်မာနိုင်ငံ၏ ရက်စဉ်သမိုင်းအရ မြန်မာ့ ကျောက်ခေတ်ကာလမှ အမျိုးသမီးတစ်ဦး၏ သက်တမ်း နှစ် ၅၀၀၀ မှ ၉၀၀၀ အကြားရှိသည့် ဦးခေါင်းခွံကို မိုးကုတ်မြို့နယ်အတွင်းရှိ ဂူတစ်ခု၏ဝင်ပေါက်မှ ရရှိခဲ့သည်။ ကျောက်ခေတ်ဟောင်း နှောင်းပိုင်းနှင့်ကျောက် ခေတ်သစ်ဦးပိုင်းယဉ်ကျေးမှုသည် ယခု ရှမ်းပြည်နယ် တောင်ပိုင်း ရွာငံမြို့နယ်ရှိ ပြဒါးလင်းဂူ၌ ထွန်းကားခဲ့ပြီး နောက် ကျောက်ခေတ်လူသားများသည် ပြဒါးလင်းဂူ၌ နေထိုင်ခဲ့ကြသည်။

ကျောက်ခေတ် ကုန်ဆုံးခဲ့ပြီးနောက် ကြေးခေတ်နှင့် သံခေတ်ထွန်းကားခဲ့ရာ ခရစ်တော်မပေါ်မီ နှစ် ၁၅၀၀ မှ ၆၀၀ အတွင်း၌ မြန်မာနိုင်ငံတွင် ကြေးခေတ်ယဉ်ကျေးမှု ထွန်းကားခဲ့ကြောင်း ပညာရှင်များက ခန့်မှန်းခဲ့ကာ ခရစ်တော်မပေါ်မီ နှစ် ၇၀၀ တွင် တောင်သမန်ဒေသ၌ သံခေတ်ဦးကာလ လူ့အဖွဲ့အစည်းတစ်ရပ် ပေါ်ထွန်းခဲ့ကြောင်း တွေ့ရှိခဲ့ရသည်။ ခရစ်တော်မပေါ်မီ နှစ် ၆၀၀ တွင် တကောင်းဒေသ၌ မြို့၊ ရွာတည်ထောင်မှု စတင်ခဲ့ပြီး ဖြစ်ပေသည်။

လူဦးရေတိုးပွားခဲ့ပြီးနောက် မြို့ရွာများကို တည်ထောင်ခဲ့ကြသဖြင့် တကောင်း၊ မိုင်းမော၊ သရေ ခေတ္တရာ၊ ဗိဿနိုး၊ ဟန်လင်းစသည်ဖြင့် ထင်ရှားသော မြို့ပြများ ပေါ်ထွန်းခဲ့ကြသည်။ မြန်မာနိုင်ငံအတွင်း၌ မြို့ပြများကို ခေတ်အဆက်ဆက် ထူထောင်ခဲ့ကြရာ မထင်ရှားသော မြို့ပြများလည်း ပါဝင်ခဲ့သည်။ ထို့ကြောင့် သစ်တောမင်းကြီး ဦးအောင်မြင့်က ကောင်းကင်ဓာတ်ပုံများမှတစ်ဆင့် မြန်မာနိုင်ငံအတွင်း၌ မြို့ဟောင်းအချို့ကို ဖော်ထုတ်ခဲ့သည်။

မြန်မာနိုင်ငံအတွင်း နေထိုင်ခဲ့ကြသူများသည် ဧရာဝတီ၊ ချင်းတွင်း၊ စစ်တောင်းနှင့် သံလွင်မြစ်ဝှမ်း လွင်ပြင်များ အပါအဝင် နေရာဒေသအသီးသီး၌ မြို့ပြများ ကို တည်ထောင်ခဲ့ကြရာ ယခုအချိန်တွင် သရေခေတ္တရာ၊ ဗိဿနိုးနှင့် ဟန်လင်းမြို့ဟောင်းတို့သည် ကမ္ဘာ့အမွေ အနှစ်များ ဖြစ်လာခဲ့ကြသကဲ့သို့ မြောက်ဦးမြို့ဟောင်းကိုလည်း ကမ္ဘာ့အမွေအနှစ် ဖြစ်လာစေရန် ယူနက်စကို အဖွဲ့သို့ အမည်စာရင်း တင်သွင်းခဲ့ပြီးဖြစ်သည်။

ကျောက်ခေတ်မှ အစပြု၍ လူနေမှုအထောက်အထား များစွာ ကျန်ရှိနေသည့် မြန်မာနိုင်ငံ၏ ရှည်လျားသော သမိုင်းစဉ်ကို ဖော်ထုတ်ရန် ပညာရှင်များနှင့် သုတေသီများက အစဉ်အဆက် ကြိုးပမ်းခဲ့ကြသည်။ မြန်မာနိုင်ငံ ရှေးဟောင်းသုတေသနဌာန တာဝန်ခံ ဒေါက်တာ အီးဖို ချားမား (Dr.E Forchammaer) သည် သရေခေတ္တရာမြို့ ဟောင်းကို ပထမဆုံး ကွင်းဆင်းသုတေသန ပြုလုပ်ခဲ့၍ ၁၉၀၇ ခုနှစ်တွင် ပြင်သစ်ဗိုလ်ချုပ်လီယွန် ဒီဗဲလီယေ (Leon de Beylie) 4 နှင့် ကျောက်စာဝန် မစ္စတာ တော်စိန်ခိုတို့က သရေခေတ္တရာကို ပထမဆုံး တူးဖော်ခဲ့ ကြသည်။ နောက်ပိုင်းတွင် ကျောက်စာဝန်များဖြစ်ခဲ့ကြသည့် မစ္စတာတော်စိန်ခို၊ ဦးလူဖေဝင်း၊ မွန်ဆီယာ ဒူရွိုင်ဆယ်တို့သည် ဒုတိယကမ္ဘာစစ်မဖြစ်မီ အချိန်အထိ သရေခေတ္တရာကို အခါအားလျော်စွာ တူးဖော်ခဲ့ကြသည်။ ထို့အတူ ရှေးဟောင်းသုတေသနဦးစီးဌာနသည် အခြား သော မြို့ဟောင်းများကိုလည်း တူးဖော်သုတေသနပြုခဲ့ပေသည်။

နိုင်ငံတစ်ခု၏သမိုင်းကြောင်းကို ဖော်ထုတ်ရာတွင် မြို့ဟောင်းများကို တူးဖော်လေ့လာရေးသည် အလွန် အရေးပါသော ကဏ္ဍတစ်ရပ်ဖြစ်သဖြင့် ပညာရေးဝန်ကြီးဌာန တက္ကသိုလ်များသမိုင်း သုတေသနဦးစီးဌာနသည် မြန်မာ့ရှေးဟောင်းမြို့တော်များ သုတေသနစာတမ်း ဖတ်ပွဲကို ၂၀၀၆ ခုနှစ်က ရန်ကုန်တက္ကသိုလ် စိန်ရတု ခန်းမ၌ ကျင်းပခဲ့သည်။

ပညာရှင်များနှင့် သုတေသီများသည် မြို့ဟောင်းကို ရှာဖွေဖော်ထုတ်၍ မျက်မှောက်ခေတ်တိုင်အောင် သုတေသနပြုနေကြဆဲ ဖြစ်သည်။ ဂဝံယဉ်ကျေးမှု ထွန်းကားခဲ့သည့် မွန်ပြည်နယ်တွင် သထုံ၊ ကျိုက္ကသာ၊ တိုက်ကုလားစသည့် ရှေးဟောင်းမြို့ပြများ ထွန်းကားခဲ့သည့်အနက် သံဖြူဇရပ်မြို့နယ်ရှိ ဝါခရုမြို့ဟောင်းသည်လည်း တစ်ခုအပါအဝင် ဖြစ်ပေသည်။

သံဖြူဇရပ်မြို့

 သံဖြူဇရပ်မြို့သည် ရန်ကုန်- ထားဝယ်မီးရထား လမ်း၊ ရန်ကုန် - ကော့သောင်း မော်တော်ကားလမ်းနှင့် မော်လမြိုင်-ကျိုက္ခမီ မော်တော်ကားလမ်းတို့ဆုံသည့် နေရာတွင်တည်ရှိပြီး မော်လမြိုင်မြို့မှ တောင်ဘက်သို့ မိုင် ၄၀ နှင့် ရေးမြို့မှ မြောက်ဘက်သို့ ၅၇ မိုင် ကွာဝေးသည်။

လက်ရှိ သံဖြူဇရပ်မြို့နေရာတွင် ခရစ်နှစ် ၁၈၇၄ ခုနှစ်က ကျေးရွာတစ်ရွာ တည်ထောင်ခဲ့ပြီး ယင်းရွာ၌ ရှိခဲ့သည့် သံဖြူဖြင့် ပြုလုပ်ထားသော ဇရပ်ကို အစွဲပြုလျက် သံဖြူဇရပ်ဟု ခေါ်တွင်ခဲ့သည်။ မွန်တိုင်းရင်းသားများက ယင်းဇရပ်ကို ဇြပ်ဗုဟုခေါ်ဆိုကြပြီး ဇရပ်ဖြူဟု အဓိပ္ပာယ်ရှိသည်။

သံဖြူဇရပ်မြို့နယ်သည် ၃၁၇ ဒသမ ၆၈ စတုရန်းမိုင် ကျယ်ဝန်း၍ ပင်လယ်ရေမျက်နှာပြင်အထက် ပျမ်းမျှ ပေ ၁၀၀ မြင့်ကာ မြောက်လတ္တီတွဒ် ၁၅ ဒီဂရီ၃၈ မိနစ်နှင့် အရှေ့လောင်ဂျီတွဒ် ၉၇ ဒီဂရီ ၄၄ မိနစ်တွင် တည်ရှိသည်။ လက်ရှိအချိန်တွင် သံဖြူဇရပ်မြို့နယ်သည် မွန်ပြည်နယ် မော်လမြိုင်ခရိုင်၌ မော်လမြိုင်၊ ချောင်းဆုံ၊ ကျိုက်မရော၊ မုဒုံ၊ ရေးမြို့နယ်တို့နှင့်အတူ ပါဝင်ကာ အရှေ့ဘက်တွင် ကြာအင်းဆိပ်ကြီးမြို့နယ်၊ အနောက်ဘက်တွင် မုတ္တမ ပင်လယ်ကွေ့၊ တောင်ဘက်တွင် ရေးမြို့နယ်နှင့် မြောက် ဘက်တွင် မုဒုံမြို့နယ်နှင့် ထိစပ်နေသည်။

သံဖြူဇရပ်မြို့နယ်ကို မြို့နှစ်မြို့ (သံဖြူဇရပ်နှင့် ကျိုက္ခမီ)၊ ရပ်ကွက် ၁၆ ခု၊ ကျေးရွာအုပ်စု ၂၅ အုပ်စု၊ ကျေးရွာ ၆၈ ရွာဖြင့် ဖွဲ့စည်းထားသည်။ ၂၀၁၉ ခုနှစ် ဒီဇင်ဘာလကုန်အထိ သံဖြူဇရပ်မြို့နယ်၏ လူဦးရေသည် ၁၆၂၁၆၁ ဦးဖြစ်၍ မွန်နှင့် ဗမာလူမျိုးများ အများဆုံးနေထိုင်ကြသည်။

သံဖြူဇရပ်မြို့သည် ဂျပန်ခေတ်က ဖောက်လုပ်ခဲ့သည့် သေမင်းတမန်ရထားလမ်းကြောင့် ထင်ရှားသည့် မြို့တစ်ခု ဖြစ်သကဲ့သို့ လှပသော စက်စဲကမ်းခြေ ကျိုက္ခမီရေလယ်ဘုရားနှင့် မဟာမိတ်စစ်သင်္ချိုင်းတို့သည် သံဖြူဇရပ်မြို့နယ်၏ ထင်ရှားသောအမှတ်လက္ခဏာများ ဖြစ်ကြပေသည်။

သံဖြူဇရပ်သည် ယခင်က ကျိုက္ခမီမြို့နယ် လက်အောက်ခံ ရွာကြီးတစ်ရွာဖြစ်သော်လည်း ၁၉၆၃ ခုနှစ်တွင် နယ်ပိုင်ရုံးစိုက်သည့် မြို့ဖြစ်လာခဲ့ကာ ၁၉၆၄ ခုနှစ် ဇွန်လ ၁၀ ရက်တွင် ကျိုက္ခမီမြို့နယ်ကို သံဖြူဇရပ် မြို့နယ်ဟု ပြောင်းလဲသတ်မှတ်ခဲ့သည်။

ကျိုက္ခမီသည် သံဖြူဇရပ်မြို့မှ အနောက်မြောက် ဘက် ၁၅ မိုင်အကွာတွင် တည်ရှိပြီး မွန်တိုင်းရင်းသားများ အခြေချနေထိုင်ခဲ့သည့် ပင်လယ်ကမ်းခြေ တံငါရွာဖြစ်ခဲ့သည်။ ပထမအင်္ဂလိပ်-မြန်မာစစ်ပွဲ (၁၈၂၄-၁၈၂၆) အပြီး တွင် ဗြိတိသျှတို့က ကျိုက္ခမီမြို့ကို တည်ထောင်၍ Amherst ဟု အမည်ပြောင်းခဲ့ပြီး စစ်ဌာနချုပ်တစ်ခု အခြေစိုက်ခဲ့သည်။

လက်ရှိ သံဖြူဇရပ်မြို့လယ်ရှိ နာရီစင်နှင့် ကပ်လျက် မြေကွက်ငယ်တွင် ရှစ်မြှောင့်ပုံ ပန္နက်ပေါ်၌ တည်ဆောက် ထားသည့် အဖြူရောင်သွပ် နှစ်ဆင့်မိုးထားသော ဇရပ် တစ်ဆောင်ကို မြင်တွေ့ကြရသည်။ ယင်းနေရာသည် ယခင်က မော်လမြိုင်-ထားဝယ် ကြေးနန်းလမ်းဘေးဖြစ်ကာ သံဖြူဇရပ်မြို့နေရာ၌ လူနေအိမ်ခြေများ တည်ထောင်ခဲ့စဉ် သွပ်အဖြူရောင် မိုးထားသော ယင်းဇရပ်ကို အမှတ်အသားပြု၍ သံဖြူဇရပ်ဟု ခေါ်တွင်ခဲ့သည်။ သံဖြူဇရပ်ဟု အမည်တွင်ခဲ့သည့် မူလ ဇရပ် တည်ရှိခဲ့သည့်နေရာကို ယူဆချက်နှစ်မျိုးရှိခဲ့ရာ အချို့က ဝါခရုမြို့ဟောင်းသို့ သွားသည့်လမ်းတွင် ရှိခဲ့သည့် ဇရပ်ဟု ယူဆခဲ့ကြသည်။ ယင်းနေရာသည် ဝါခရုရွာ အဝင်လမ်းထိပ်ဖြစ်ပြီး ယခုအခါ၌ အုတ်ဇရပ် တစ်ခုကို မြင်တွေ့ကြရသည်။

ဝါခရု မြို့ဟောင်း

သုတေသီများနှင့် ရှေးဟောင်းသုတေသန ဝါသနာ ရှင်များသည် ဝါခရုမြို့ဟောင်းကို သံဖြူဇရပ်မြို့နှင့် ဆက်စပ်ကာ သိရှိကြသည်။ ဝါခရုကို ဝါဂရူနှင့် ဝါခရူ ဟု ရေးသားမှုများ ကွဲပြားသော်လည်း ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနက စောင့်ရှောက်ထိန်းသိမ်းပြုပြင်သော ရှေးဟောင်းအဆောက်အအုံများ စာရင်းတွင် ဝါခရုမြို့ ဟောင်းဟု ဖော်ပြသည်။

ဝါခရုမြို့ဟောင်း၏တည်နေရာ မြေပုံအညွှန်းသည် မြောက်လတ္တီတွဒ် ၁၅ ဒီဂရီ ၅၉ မိနစ်နှင့် အရှေ့လောင်ဂျီ တွဒ် ၉၇ ဒီဂရီ ၅၉ မိနစ်ဖြစ်သည်။

သံဖြူဇရပ်မြို့၏ အနောက်မြောက်ဘက်၌တည်ရှိ သည့် ဝါခရုမြို့ဟောင်း၏ ဝင်ပေါက်နေရာတွင် ၁၉၉၃ ခုနှစ်က စိုက်ထူခဲ့သည့် အုတ်မုခ်ဦးတိုင်ကို တွေ့ရှိကြရသည်။ မုခ်ဦးတွင် ဝါခရုမြို့ဟောင်းဟု မြန်မာ၊ မွန် နှစ်ဘာသာရေးထိုးထားသည်။ မြို့ဟောင်းဝင်ပေါက် ဘေးတစ်ဖက်တစ်ချက်၌ ၁၅ ပေမှ ပေ၂၀ အတွင်းမြင့်သော ဝါခရုမြို့ရိုးဟောင်းကို မပျက်မစီး၊ ပကတိနီးပါး အတိုင်း မြင်တွေ့ကြရသည်။

ဝါခရုသည် မုတ္တမ ၃၂ မြို့စာရင်းဝင် မြို့ဟောင်းတစ်ခု ဖြစ်ပြီး သံဖြူဇရပ်မြို့နှင့် ကျိုက္ခမီမြို့အကြားတွင် တည်ရှိကာ ကျိုက္ခမီမြို့မှ အရှေ့တောင်ဘက်သို့ ၁၀ မိုင် ကွာဝေး၍ မုဒုံမြို့မှ တောင်ဘက်သို့ ၁၈ မိုင် ကွာဝေးသည်။

ဝါခရု မြို့ရာသည် အကြမ်းအားဖြင့် မှန်ကူကွက် (ဆနွင်းမကင်း) ပုံစံရှိသော်လည်း မြို့ဝင်း၏ ထောင့်ချိုးများသည် မှန်ကူကွက်ထောင့်ချိုးများကဲ့သို့ ချွန်ထက်နေခြင်း မရှိဘဲ ကွေးဝိုင်းနေကြသည်။ ထို့ကြောင့် ဝါခရု မြို့ဟောင်းရာသည် မှန်ကူကွက်ပုံထက် ကြစုသီး (ဖန်ခါးသီး) ပုံနှင့် ပိုမိုတူနေသည်ကာ ထိပ်နှစ်ဖက်သည် ချွန်ထက်မနေဘဲ ကြစုသီးကဲ့သို့ အနည်းငယ် ဝိုင်းနေသည်။ ထို့အတူ ဘေးနှစ်ဖက်ကလည်း ဖောင်း၍ လုံးဝိုင်းနေသည်။

မြို့ဟောင်းအကျယ်အဝန်းသည် ၆၅ ဧကရှိ၍ မြို့ရိုး ပတ်လည်အလျားသည်၂ ကီလိုမီတာ(၁ ဒသမ၂၄ မိုင်) ကျော် ရှည်လျားသည်။

မြို့ဟောင်း၏ အရှေ့ဘက်တွင် စီးဆင်းနေသည့် ဝါခရုချောင်းသို့ ပုဇွန်စိမ်းချောင်းငယ်က လာရောက် ပေါင်းဆုံလျက်ရှိကာ ချောင်းနှစ်ခု ပေါင်းဆုံနေသည့် နေရာတွင် ဝါခရုချောင်း၏ဝဲဘက်ကမ်း၌ ဝါခရုမြို့ဟောင်း ကို တည်ထားခဲ့သည်။ ဝါခရုချောင်းသည် မြို့ဟောင်း၏ အရှေ့မြောက် အစွန်နေရာဖြစ်သည်။

ဝါခရုချောင်းအနီးမှ ကုန်းမြေသည် မြို့ဟောင်း၏ အနိမ့်ဆုံးနေရာဖြစ်ပြီး မြို့ဟောင်း၏ မြေပြင်သည် အနောက်တောင်ဘက်မှ အရှေ့မြောက်ဘက်ရှိ ဝါခရု ချောင်းဘက်သို့ ဆင်ခြေလျှောနိမ့်ဆင်းနေသည်။ မြို့ဟောင်း၏ အမြင့်ဆုံးနေရာဖြစ်သည့် အနောက်တောင်ဘက်ရှိ ကုန်းတန်းကို ဝါခရု မြို့ရိုးတစ်ခုအဖြစ် အသုံးပြုခဲ့သည်။ ယင်းနေရာမှ ကြည့်လျှင် ဝါခရု မြို့ဟောင်းရာ တစ်ခုလုံးကို ကောင်းစွာမြင်တွေ့ရသည်။

ဝါခရုချောင်းမှ ယင်းကုန်းတန်းနေရာအထိ အကွာ အဝေးသည် မြို့ဟောင်းရာ၏ အရှေ့မြောက်ဘက်မှ အနောက်တောင်ဘက်သို့ အလျားဖြစ်၍ ၈၅၀ မီတာ ဝန်းကျင်ရှည်လျားသည်။ မြို့ဟောင်းရာ၏ အနောက် မြောက်ဘက်မှ အရှေ့တောင်ဘက်သို့ အကွာအဝေးသည် အနံဖြစ်၍ ၄၅၀ မီတာဝန်းကျင် ရှည်လျားသည်။

မြို့ဟောင်းအတွင်း အနောက်မြောက်ထောင့်ရှိ ကုန်းမြင့်နေရာတွင် မြို့ဟောင်းနှင့်အတူ တည်ထားခဲ့ ကြောင်း ယူဆနိုင်ဖွယ်ရှိသည့် စေတီတစ်ဆူရှိသည်။ စေတီတော်ကို အလုံးစုံပြုပြင်ထားသဖြင့် မည်သည့်ခေတ်က တည်ခဲ့ကြောင်း ခန့်မှန်းရန် မလွယ်ကူတော့ချေ။ သို့သော် စေတီ၏ အောက်ခံခုံလုံးမှ အင်္ဂတေများ ကွာကျနေသည့် နေရာများတွင် ဂဝံအုတ်များကို မြင်တွေ့ရသဖြင့် မူလစေတီတော်သည် ဂဝံစေတီဖြစ်ဖွယ်ရှိကြောင်း ယူဆရဖွယ်ရှိသည်။ မြို့ဟောင်းအတွင်း သမိုင်းဝင်ဘုရား နှစ်ဆူရှိခဲ့သည့်အနက် ကျန်တစ်ဆူကို မြို့ဟောင်းမြောက်ဘက် မြေပြန့်နေရာတွင် ဂဝံကျောက်များဖြင့် တည်ထားခဲ့သည်ဟုဆိုသည်။ ကောင်းကင်ဓာတ်ပုံများဖြင့် ဝါခရုမြို့ ဟောင်းကို သုတေသနပြုခဲ့သူ ဦးအောင်မြင့်က ဝါခရုမြို့ ဟောင်းအတွင်း၌ ကျိုက်နပိုနှင့် ကျိုက်နန်းဟူသည့် ဂဝံ စေတီနှစ်ဆူသည် တစ်ဆူက တောင်ပေါ်တွင်ရှိ၍ ကျန် တစ်ဆူက မြို့ဟောင်း၏မြောက်ဘက် မြေပြန့်နေရာတွင် တည်ရှိခဲ့ကြောင်း ရေးသားခဲ့သည်။

ဝါခရုမြို့ဟောင်းအတွင်း ဂဝံယဉ်ကျေးမှု အထောက် အထားတစ်ရပ်ဖြစ်သည့် ဂဝံထီးတော်ဟောင်းတစ်ခုကို ထိန်းသိမ်းထားခဲ့သည်ဟု ဆိုသော်လည်း ယခုအခါ၌ မမြင်တွေ့ရတော့ချေ။

ဝါခရုသည် ပင်လယ်ကမ်းခြေနှင့် ငါးမိုင်မျှသာ ကွာဝေးပြီး မြို့ပြတိုးချဲ့မှုကျယ်ဝန်းလာချိန်တွင် ကျေးရွာ အိမ်ခြေများနှင့် နီးကပ်လာခဲ့သည်။ ဝါခရုမြို့ဟောင်း အတွင်း ရှေးဟောင်းသုတေသနဦးစီးဌာနက ၂၀၀၁ ခုနှစ် တွင် တူးဖော်မှုများ ဆောင်ရွက်ခဲ့သည့် ကုန်းနေရာကို မြင်တွေ့ကြရသည်။

ဝါခရု အထောက်အထားများ

သစ်တောမင်းကြီး ဦးအောင်မြင့်သည်ကောင်းကင် ဓာတ်ပုံများမှတစ်ဆင့် မြန်မာ့ရှေးမြို့ဟောင်းများကို ဖော်ထုတ်ခဲ့ရာ ဝါခရုကျေးရွာအနီး၌ ခိုင်ခံ့ထင်ရှားပြီး အရွယ်အစား အနည်းငယ်သေးငယ်သည့် မြို့ဟောင်း အရာတစ်ခုကို တွေ့ရှိခဲ့သည်။

အစဉ်အဆက် နှုတ်ပြောစကားများအရ ကဒူး အကြီးအကဲတစ်ဦးက ဝါခရုကို သက္ကရာဇ် ၅၀၀ ပြည့်နှစ် အတွင်း တည်ခဲ့သည်ဟု ဆိုကြသော်လည်း သာသနာ သက္ကရာဇ်၊ မြန်မာသက္ကရာဇ်၊ မဟာသက္ကရာဇ် စသည်ဖြင့် ရှင်းလင်းမှု မရှိချေ။ သမိုင်းပညာရှင် ဒေါက်တာ သန်းထွန်းက ဝါခရုကို ခရစ်နှစ် ၁၁၃၈ ခုနှစ်တွင် တည်ထားခဲ့ပြီး ခရစ်နှစ် ၁၄၀၄ ခုနှစ်တွင် မွန်ဧကရာဇ် ရာဇာဓိရာဇ် (ခရစ်နှစ် ၁၃၈၅ -၁၄၂၃) က ပြန်လည် ပြင်ဆင်၍ မုတ္တမ ၃၂ မြို့ စာရင်းဝင်အဖြစ် သတ်မှတ်ခဲ့ ကြောင်း ရေးသားခဲ့သည်။

ဝါခရုသည် မွန်ရာဇဝင်များတွင် ထင်ရှားခဲ့သော ဝါရီရူမင်းနှင့် ဆက်စပ်ခဲ့သည်။ ဝါရီရူသည် မုတ္တမဒေသကို အုပ်စိုးခဲ့သည့် ဩဇာတိက္ကမကြီးသော မင်းတစ်ပါးဖြစ်ခဲ့ ကြောင်းနှင့် မြို့ဟောင်းအတွင်း၌ တည်ခဲ့သည့် ဘုရား စေတီနှင့် အခြားအဆောက်အအုံများကို ဂဝံကျောက်များ ဖြင့် တည်ဆောက်ခဲ့ကြောင်း ဦးအောင်မြင့်က ရေးသားခဲ့သည်။

ဝါခရုသည် လူများဖျက်ဆီးမှု၊ မြို့ပြတိုးချဲ့မှု၊ သဘာဝ ဘေးဒဏ်များ ကျရောက်မှုများကြောင့်သော်လည်းကောင်း၊ ချောင်းရေတိုက်စားမှုကြောင့် သော်လည်းကောင်း ပြောပလောက်အောင် ပျက်စီးသွားနိုင်ဖွယ် မရှိကြောင်း သုံးသပ်၍ ဝါခရုသည် သေးငယ်သော်လည်း နှစ်ကာလရှည်ကြာစွာ တည်တံ့နေနိုင်ဦးမည်ဟု ယူဆခဲ့သည်။ သိမ်တော်တိုင်တစ်ရာ ကျောင်းဟောင်းဟုဆိုသည့် ရှေးဟောင်းသစ်သားကျောင်းအိုကြီးသည် ယိုယွင်း ပျက်စီးနေပြီဖြစ်ကာ မြေစိုက်တိုင်လုံးများ၏ အောက်ခြေ ကို အင်္ဂတေအုတ်ဖိနပ်များခံကာ ထိန်းသိမ်းထားသည်။ ဝါခရုကျေးရွာ၏ အရှေ့ဘက်တွင် ရန်ကုန်-ထားဝယ် မီးရထားလမ်းခြားလျက် ဖောင်စိန်ကျေးရွာ (မြန်မာ့ ရှေးဟောင်းမြို့တော်များစအုပ်တွင် ဖောင်သိမ်းကျေးရွာ ဟု ဖော်ပြသည်။) အနောက်ဘက်တွင် မုတ္တမပင်လယ်။ တောင်ဘက်တွင် သံဖြူဇရပ်မြို့၊ မြောက်ဘက်တွင် ကလော်သွတ်၊ နှီးပတော၊ ရင်းတောင်၊ ကျုံကဒတ်နှင့် တောင်ဖလူကျေးရွာများ တည်ရှိကာ မြို့ပြဖွံ့ဖြိုး တိုးတက်ကာ လမ်းပန်း ဆက်သွယ်မှုများ တိုးတက် ကောင်းမွန်နေပြီဖြစ်သဖြင့် ဝါခရုမြို့ဟောင်းသို့ အလွယ်တကူ သွားရောက် လေ့လာနိုင်ကြပြီ ဖြစ်သည်။ ဝါခရုမြို့ဟောင်း ကမ္ပည်းကျောက်စာကို ၂၀၁၄ ခုနှစ် ဒီဇင်ဘာလက စိုက်ထူခဲ့ကာ မွန်၊ မြန်မာ၊ အင်္ဂလိပ်ဘာသာ တို့ဖြင့် လွန်ခဲ့သည့် နှစ် ၂၀၀၀ က ထွန်းကားခဲ့သော မြို့ဟောင်းဖြစ်ကြောင်း ရေးသားထားသည်။ မြို့ဟောင်း အတွင်း၌ အုတ်ကျိုးများ၊ ဂဝံအပိုင်းအစများကို ယနေ့ တိုင် လေ့လာနိုင်ကြပေသည်။ ။

ကိုးကား

မြန်မာ့စွယ်စုံကျမ်း အတွဲ(၁၃)

မြန်မာ့ရှေးဟောင်းမြို့တော်များ (ဦးအောင်မြင့်)

ရှေးမြန်မာမြို့တော်များ(ဒေါက်တာသန်းထွန်း)

Crd မြန်မာ့အလင်း (22.09.2020)