ကပ်ဘေးကာလ အလုပ်လက်မဲ့ ခုနစ်သန်းနီးပါးရှိနိုင်

11-Dec-2020

ကိုရိုနာဗိုင်းရပ်စ် ကပ်ဘေးကာလအတွင်းမှာ အလုပ်လက်မဲ့ဖြစ်သွားသူ သန်းနဲ့ချီရှိနေပြီး အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့ ILO ကတော့ မြန်မာနိုင်ငံမှာ ကပ်ဘေးကြောင့် အလုပ်အကိုင် ဆုံးရှုံးနိုင်ခြေ ခုနစ်သန်းဝန်းကျင်ရှိနိုင်တယ်လို့ ခန့်မှန်းတွက်ချက်ထားပါတယ်။

ပြီးခဲ့တဲ့ မေလကစတင်ခဲ့တဲ့ ကိုရိုနာဗိုင်းရပ်စ် ကပ်ဘေးကြောင့် ခရီးသွားလုပ်ငန်း၊ စက်ရုံအလုပ်ရုံတချို့ နဲ့ ကုမ္ပဏီတချို့ဟာ မလည်ပတ် နိုင်တော့ဘဲ ရပ်ဆိုင်းနေတာ တစ်နှစ်နီးပါးရှိနေပြီဖြစ်ပါတယ်။

အဲဒီလုပ်ငန်းတွေထဲက ခရီးသွားလုပ်ငန်းဟာ ရာနှုန်းပြည့်ရပ်ဆိုင်းသွားတာဖြစ်ပြီး အသက်မွေး ဝမ်းကြောင်းပြောင်းလဲပစ်ဖို့ မဖြစ်နိုင်တဲ့ လုပ်ငန်းတစ်ခုဖြစ်တာကြောင့် ခရီးသွားလုပ်ငန်းတွေ ပြန်လည် စတင်နိုင်ဖို့ကိုပဲ မျှော်လင့်နေကြရပါတယ်။

ခရီးသွားလုပ်ငန်းရပ်ဆိုင်းသွားတဲ့အတွက် အလုပ်လက်မဲ့ဖြစ်သွားသူ ခြောက်သိန်းကျော်ရှိတယ်လို့ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များ အသင်း ဥက္ကဋ္ဌ ဦးနောင်းနောင်းဟန်က ဆိုပါတယ်။

"အခုလောလောဆယ် ကျနော်တို့တွက်ချက်ထားချက်အရ ၈၀ ရာခိုင်နှုန်းက ထိခိုက်နေတယ် ကျန်နေသေးတဲ့ ဝန်ထမ်းတွေက လစာအပြည့်မရတဲ့ဝန်ထမ်းတွေ ဖြစ်နေတယ်။ ခရီးသွားလုပ်ငန်းမှာ ဝန်ထမ်း အင်အား ရှစ်သိန်းလောက်ရှိတယ်လို့ ခန့်မှန်းထား တယ်။ ဟိုတယ် စားသောက်ဆိုင် ခရီးသွားကုမ္ပဏီတွေ အကုန်ပါပါတယ်။"

အလားတူ အသက်မွေးဝမ်းကြောင်းလုပ်ငန်း ပြောင်းလဲဖို့ခက်ခဲတဲ့ သတင်းမီဒီယာလုပ်ငန်းတွေဟာလည်း လုံးဝလုပ်ငန်းရပ်နား ပိတ်သိမ်းလိုက်ရတာမျိုးမဟုတ်ဘဲ လူအင်အင်အား လျှော့ချတာ လစာလျှော့ချတာတွေနဲ့ ရပ်တည်နိုင်ဖို့ ကြိုးပမ်းနေကြရပါတယ်။

ရပ်နားခံလိုက်ရတဲ့ သတင်းထောက်တွေဟာ အလုပ်အကိုင်ရှားပါးမှု ပြဿနာနဲ့ ရင်ဆိုင်နေရပြီး ရုတ်တရက် အသက်မွေးဝမ်းကြောင်း တစ်ခု ပြောင်းလဲဖို့ဆိုတာကလည်း မလွယ်ကူတဲ့ အခြေအနေ ဖြစ်နေပါတယ်။

မွန်ပြည်နယ်ကနေ ရန်ကုန်ကို အလုပ်လာလုပ်နေတဲ့ သတင်းထောက် မဇင်မိုးဝါဟာ အခုဒီဇင်ဘာလမှာပဲ အလုပ်ရပ်နားခံလိုက်ရပြီး သူ့အနေနဲ့ အလုပ်အကိုင်ပြန်ရှာဖို့ ခက်ခဲနေတယ်လို့ ပြောပါတယ်။

"ဒီလမှ စနားတယ်ဆိုတော့ လောလောဆယ် စားဖို့သောက်ဖို့ အဆင်ပြေနေသေးတယ် အခြားအလုပ်ကတော့ ဒီလိုအချိန် တော်တော် လေးရှာရခက်တယ်၊ ဘယ်မှာလျှောက်ရမှန်းမသိဘူး၊ တိုက် တော်တော်များများက ခေါ်တာထက် လျှော့တာများနေတော့ အဲလို ပြဿနာရှိတယ်၊ ရေရှည်ကတော့ မတွေးရဲစရာပဲ၊ သတင်းထောက်နေရာတစ်နေရာ ရနိုင်ကောင်းရဲ့လို့တော့ မျှော်လင့်ချက်ထား တယ်၊ အခြားအသက်မွေးဝမ်းကြောင်းက မလုပ်တတ်ဘူးဆိုတော့ အလုပ်မရရင် အိမ်ပြန်မယ်၊ မိဘတွေရဲ့ စိုက်ပျိုးရေးကိုလုပ်မယ် လို့ ဒီလိုမျိုးပဲတွေးထားတယ်။"

ပိတ်သိမ်းလိုက်ရတဲ့လုပ်ငန်းတွေ၊ စက်ရုံအလုပ်ရုံတွေကြောင့် အလုပ်လက်မဲ့ဖြစ်သွားသူအရေအတွက် တိတိကျကျကိုတော့ အလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်ထားတာမရှိဘဲ ပြီးခဲ့တဲ့ ဇွန်လက ထုတ်ပြန်ချက်အရ အလုပ်သမား နှစ်သိန်းခွဲလောက် အလုပ်အကိုင်ဆုံးရှုံးသွားတယ်လို့ သိရပါတယ်။

ပိတ်သိမ်းလိုက်ရတဲ့ စက်ရုံအလုပ်ရုံစာရင်းနဲ့ အလုပ်လက်မဲ့ဖြစ်သွားတဲ့ အလုပ်သမားဦးရေစာရင်းတွေကို အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနထံ ဆက်သွယ် မေးမြန်းခဲ့ပေမယ့် ပြန်လည်ဖြေကြားတာမရှိပါဘူး။

အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ ILO ရဲ့ ခန့်မှန်းတွက်ချက်မှုအရ မြန်မာနိုင်ငံမှာ ကပ်ဘေးကြောင့် အလုပ်အကိုင် ဆုံးရှုံးမှုပေါင်း ခုနစ်သန်းဝန်းကျင်ရှိနိုင်တယ်လို့ ဇူလိုင်လက ထုတ်ပြန်ထားပါတယ်။

ရွှေပြည်သာမြို့နယ်က အထည်ချုပ်လုပ်သား မဖြူဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလထဲက အလုပ်လက်မဲ့ ဖြစ်သွားတာ အခုချိန်ထိ အလုပ်ပြန်မရသေးပဲ ကြုံရာအလုပ်နဲ့ စားဝတ်နေရေးကို ဖြေရှင်းနေရပါတယ်။

"နှစ်လပိုင်းထဲက သူဌေးထွက်ပြေးထဲက အလုပ်မရှိတော့တာ အလုပ်ပြန်ရှာတာ ခက်ခဲတာပေါ့၊ မှတ်ပုံတင်ကလည်းမရှိတော့ ရှာမရဘူး ကြုံရာကျပန်းပဲလုပ်စားနေရတယ် စားဖို့လဲခက်ခဲတယ်။ အိမ်ကလည်း တစ်လကို ရှစ်သောင်းသွင်းနေရတာလေ အခက်အခဲတွေရှိတာပေါ့"

ရပ်နားသွားတဲ့စက်ရုံတွေကြောင့် အလုပ်လက်မဲ့ဖြစ်သွားတဲ့ အလုပ်သမားတွေကို အလုပ်အကိုင် ပြန်လည်ပေးနိုင်ဖို့အတွက် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မှရှင်က ရင်းနှီးမြှုပ်နှံမှုအသစ်တွေကို အမြန်ဆုံး အကောင်အထည်ဖော်လို့ ကြိုးပမ်းဆောင်ရွက်နေတယ်လို့ ကိုဗစ် နိုင်တင်း ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးသက်ရောက်မှုများအပေါ် ကုစားရေးကော်မတီက ဦးအောင်နိုင်ဦးက ပြောပါတယ်။

"အလုပ်အကိုင်အခွင့်အလမ်းကို ဖန်တီးပေးဖို့ MIC ဘက်က တော်တော်လေးကြိုးစားနေပါတယ်။ ပရောဂျက်အသစ်တွေ ခွင့်ပြုပေး နေတယ်။ မကြာခင်မှာလည်း စက်မှုဇုန်အသစ်တွေပေါ်လာဖို့ရှိတယ် အလုပ်အကိုင်အခွင့်အလမ်းတွေထပ်ရမယ်။ ကုစားရေး ကော်မတီ ဘက်ကတော့ ချေးငွေတွေထုတ်ပေးပြီး လက်ရှိအလုပ်အကိုင်တွေ ပျောက်မသွားအောင် လုပ်ငန်းရှင်တွေကို ချေးငွေတွေ ထုတ်ပေးပြီး ထိန်းထားပါတယ်။ အဲလို တပြိုင်ထဲသွားနေပါတယ်။"

၂၀၂၁ မှာ ဖွင့်လှစ်တော့မယ့် စက်မှုဇုန်သစ်တွေလည်းရှိပြီး ရင်းနှီးမြှုပ်နှံမှုအသစ်တွေမှာ ကားအပိုပစ္စည်း၊ ထုတ်ကုန်ပစ္စည်းသစ်တွေလည်း ပါဝင်လာမှာဖြစ်တယ်လို့ ဆိုပါတယ်။

လှိုင်သာယာမြို့နယ် ရွှေလင်ဗန်းစက်မှုဇုန်အတွင်း လုပ်သားအင်အား ၅၀၀၀ ကိုအလုပ်ပေးနိုင်မယ့် အထည်ချုပ်စက်ရုံ နှစ်ရုံနဲ့ အားကစားဖိနပ်စက်ရုံ တစ်ရုံကို ဖွင့်လှစ်နိုင်ဖို့ ပြင်ဆင်နေပြီဖြစ်တယ်လို့ စက်မှုဇုန်ဥက္ကဋ္ဌ ဦးအေးသောင်းက ပြောပါတယ်။

"ကိုဗစ်ကာလအတွင်း MIC ကချပေးတဲ့ စက်ရုံက ရွှေလင်ဗန်းမှာ လူ ၅၀၀၀ လောက်ရှိတဲ့ စက်ရုံ သုံးရုံပါလာတယ်။ MIC က ၂၀၂၁ မှာ ဖွင့်ဖို့ပြောပေမယ့် ကျနော်တို့က စောစောဖွင့်ဖို့ပြောတော့ သူဌေးတွေ က လေယာဉ်နဲ့လာလို့မရပေမယ့် ဒီကမန်နေဂျာတွေနဲ့ အခုဆိုစပြီး သင်တန်းတွေ ပေးနေပြီ တချို့ဆို လူ ၁၅၀၀ လောက်ရနေပါပြီ။"

အလုပ်အကိုင်အခွင့်အလမ်းတွေအနေနဲ့ ၂၀၂၀ - ၂၀၂၄ စီမံကိန်းသစ်ကို ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီနဲ့ ပူးပေါင်းဆောင်ရွက်နေတဲ့လုပ်ငန်းတွေရှိနေပြီး ဒါတွေဟာ မကြာခင်မှာပဲ အကောင်အထည်ပေါ်လာဖို့ရှိပါသေးတယ်။

ကုန်သည်စက်မှုအသင်းချုပ် UMFCCI မြန်မာနိုင်ငံ စက်မှုကုန်ထုတ်လုပ်သူများအသင်း ဥက္ကဋ္ဌ ဒေါက်တာအောင်သိန်းကတော့ အလုပ် လက်မဲ့ ပြဿနာဖြေရှင်းနိုင်ဖို့ဆိုတာ စက်ရုံအလုပ်ရုံတွေအပြင် စိုက်ပျိုးမွေးမြူရေးလုပ်ငန်း၊ SME လုပ်ငန်းတွေပါ ဖွံဖြိုးတိုးတက်လာဖို့ လိုအပ်တယ်လို့ ထောက်ပြပါတယ်။

"သိတဲ့အတိုင်း SME က ဝန်ထမ်းအရေအတွက်ကို အများဆုံးခန့်ထားနိုင်တာ တကယ်လုပ်ရမှာ SME ဖွံ့ဖြိုးဖို့ ရှင်သန်ရပ်တည်နိုင်ရေး အသစ်တွေ ပေါ်ထွက်နိုင်ရေးလုပ်ရင် အလုပ်လက်မဲ့ပြဿနာကို အထိုက်အလျှောက် ဖြေရှင်းနိုင်မယ် နောက်တစ်ခုက ကျနော်တို့ နိုင်ငံက စိုက်ပျိုးရေးနိုင်ငံဆိုတော့ စိုက်ပျိုးမွေးမြူရေးကဏ္ဍတွေကို ဒီထက်ဖွံ့ဖြိုးအောင်လုပ်သင့်တယ်။ စက်မှုလုပ်ငန်း SME နဲ့ စိုက်ပျိုး မွေးမြူရေးလုပ်ငန်းတွေကို ဒါတွေကို အဓိကထားလုပ်ရင် အလုပ်အကိုင်အခွင့်အလမ်း အများကြီးပေါ် လာပြီး လျှော့သွား တာတွေကို ကုစားနိုင်မယ် ဖြည့်တင်းနိုင်မယ်။"

ကိုဗစ်နိုင်တင်းကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးသက်ရောက်မှုများအပေါ် ကုစားရေးကော်မတီ အနေနဲ့ လုပ်ငန်းပေါင်းစုံကို သက်သာတဲ့အတိုးနှုန်းနဲ့ ချေးငွေတွေချပေးနေတာရှိပြီး အခုဒီဇင်ဘာလအထိ ကျပ်ဘီလီယံ ၁၇၀ ထုတ်ချေးပြီးဖြစ်ပါတယ်။

လုပ်ငန်းပေါင်းစုံအတွက် စုစုပေါင်း ကျပ် ဘီလီယံ ၂၀၀ ချေးဖို့ လျာထားချက်ရှိပြီး သတင်းမီဒီယာ၊ ရုပ် ရှင်၊ ဂီတ၊ သဘင် ကဏ္ဍကြီး လေးခုအတွက် ကျပ် ၁၅ ဘီလီယံ ထုတ်ချေးပေးသွားမယ်လို့ ဆိုပါတယ်။

သန်းနဲ့ချီတဲ့အလုပ်လက်မဲ့တွေကို အလုပ်အကိုင်ပေးနိုင်ရေးအတွက် ချေးငွေတွေထုတ်ချေးပေးရုံနဲ့ လုပ်ငန်းတွေ ပြန်လည်ရပ်တည် နိုင်မလား ဆိုတာကလည်း မေးခွန်းထုတ်စရာဖြစ်ပါတယ်။

မြန်မာနိုင်ငံစက်မှုကုန်ထုတ်လုပ်သူများအသင်းဥက္ကဋ္ဌ ဒေါက်တာအောင်သိန်းကတော့ SME တွေအတွက် ချေးငွေထုတ်ချေးပေးနေတယ် ဆိုတာ အဖြေမဟုတ်ဘဲ ဈေးကွက်တင်ရောင်းချနိုင်အောင် ဈေးကွက်ဖော်ဆောင်ပေးနိုင်ဖို့က အဓိကလိုအပ်နေတာဖြစ်ပြီး SME တွေ ဖွံ့ဖြိုးလာရင် အလုပ်လက်မဲ့ပြဿနာကို တစ်စိတ်တစ်ပိုင်း ဖြေရှင်းနိုင်မယ်လို့ ဆိုထားပါတယ်။

အစိုးရရဲ့ ကိုဗစ်ကာလအပြီး စီးပွားရေး နလန်ပြန်လည်ထူထောင်နိုင်ရေး စီမံဆောင်ရွက်ချက်တွေကိုတော့ တိတိကျကျ ထုတ်ပြန် ကြေညာတာမျိုး မတွေ့ရသေးတဲ့အတွက် စောင့်ကြည့်ရဦးမှာဖြစ်ပါတယ်။

RFA Burmese