အပြင်ထွက်ကတ်ကိစ္စ ငွေမတောင်းဖို့ မန်းဝန်ကြီးချုပ် သတိပေး

05-Dec-2020

နေအိမ်မှာ နေထိုင်ရေး သတ်မှတ်ထားတဲ့ မန္တလေးခရိုင်မှာ အပြင်ထွက်သွားလာခွင့် ထုတ်ပေးနေရာမှာ ငွေကြေးကောက်ခံမှုတွေရှိရင် တိုင်ကြားဖို့နဲ့ ထိထိရောက်ရောက် အရေးယူသွားမယ်လို့ မန္တလေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က ပြောလိုက်ပါတယ်။

အပြင်ထွက်ခွင့်ကတ်ထုတ်ပေးမှုတွေမှာ အခကြေးငွေ ရယူဆောင်ရွက်နေတာကို တွေ့ရတာကြောင့် အဲဒီလိုတောင်းခံတာတွေရှိရင် အထောက်အထားနဲ့တိုင်ဖို့ ဝန်ကြီးချုပ်က ဖေ့စ်ဘွတ်ခ်ကနေ မနေ့က အသိပေးပြောကြားခဲ့တာ ဖြစ်ပါတယ်။

တိုင်ကြားလိုသူက ဝန်ကြီးချုပ်ရဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာနဲ့ သက်ဆိုင်ရာ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူးတွေထံကို ဆက်သွယ်တိုင်ကြားရမှာဖြစ်ပြီး ထိထိရောက်ရောက် ကိုင်တွယ် အရေးယူပေးမယ်လို့ ဆိုပါတယ်။

ဈေးဝယ်ဖို့ နေအိမ်အပြင်ထွက်ခွင့်၊ ဆေးခန်း ပြသခွင့်နဲ့ ကင်းလွတ်ခွင့် ပေးထားတဲ့ လုပ်ငန်းတွေ ဆောင်ရွက်ခွင့်အတွက် အသိအမှတ်ပြု ကတ်ပြားတွေ၊ ထောက်ခံစာတွေကို ရပ်ကွက်အသီးသီးမှာ သတ်မှတ်စည်းကမ်းအတိုင်း ထုတ်ပေးနေတာဖြစ်ပါတယ်။

မန္တလေးခရိုင်အတွင်း ၁၄ ရက်တာ နေအိမ်မှာနေထိုင်ရေး ဒီဇင်ဘာ ၅ ရက်နေ့ကနေ ၁၈ ရက်နေ့အထိ ၂ ပတ်သတ်မှတ်ထားတာဖြစ်ပါတယ်။

နေအိမ်မှာနေဖို့ ဒီနေ့စတင်တဲ့နေမှာ အပြင်ထွက်သွားလာတာတွေကို မန္တလေးမြို့က လမ်းတွေမှာ အထွေထွေအုပ်ချုပ်ရေးအဖွဲ့၊ ရပ်ကျေးအုပ်ချုပ်ရေးမှူး၊ အရန်မီးသတ်အဖွဲ့တွေပူးပေါင်းပြီး စစ်ဆေးနေပါတယ်။

ပထမရက်ဖြစ်လို့ အသိပညာပေးတာတွေကို အဓိကထား လုပ်ဆောင်နေပြီး ဆိုးဆိုးဝါးဝါး ချိုးဖောက်သူတွေကိုသာ ဒဏ်ရိုက်နေတာတွေ့ရပါတယ်။ ချမ်းမြသာစည်မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနက ဒုတိယအုပ်ချုပ်ရေးမှူး ဦးစိုးဇေယျာထွန်းကတော့ သူတို့နယ်မြေအတွင်း ဒီနေ့မနက်က လူ ၅၀ ကျော်လောက်ကို ဒဏ်ရိုက်ခဲ့တယ်လို့ ပြောပါတယ်။

သတ်မှတ်စည်းကမ်း မလိုက်နာသူတွေကိုတစ်ယောက် ငွေကျပ် ၅၀၀၀ ဒဏ်ရိုက်တာဖြစ်ပါတယ်။

လူစုလူဝေးဖြစ်ခဲ့တာတွေကြောင့် ပိုးကူးစက်မှုများနေတာကို နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကလည်း သတိပေးနေပါတယ်။

မနေ့ညက (ဒီဇင်ဘာ ၄ ရက်နေ့) ပြည်သူကို ပန်ကြားတဲ့မိန့်ခွန်း ပြောကြားရာမှာလည်း မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ တစ်သိန်းနီးပါးရှိလာတဲ့အပြင် သေဆုံးသူ နှစ်ထောင်ကျော်ရှိနေပြီ ဖြစ်တာကြောင့် လူတစ်ယောက်ရဲ့ အသက်က ဘယ်လိုမှတန်ဖိုး ဖြတ်မရနိုင်တဲ့အတွက် လူတိုင်းလူတိုင်း သတိထားနေထိုင်ဖို့ ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းထားပါတယ်။

တန်ဆောင်တိုင် ရုံးပိတ်ရက်တွေမှာ လူစုလူဝေးဖြစ်ခဲ့တဲ့အတွက် ရောဂါပြန့်ပွားမှုများလာနိုင်ပြီး လာမယ့် ဒီဇင်ဘာ ခရစ်စမတ်ပွဲတော်နဲ့ နှစ်သစ်ကူးကာလတွေမှာ လူစုလူဝေးမလုပ်ကြဖို့လည်း တိုက်တွန်းခဲ့ပါတယ်။

ရောဂါမပြင်းထန်တဲ့ ပိုးတွေ့လူနာတစ်ဦးအတွက် နိုင်ငံတော်ကနေ ငွေကျပ် ၁၅ သိန်းကနေ သိန်း ၂၀ ကြား သုံးစွဲနေရပြီး ဒီပမာဏက လူသုံးရာအတွက် ကာကွယ်ဆေးထိုးပေးနိုင်တဲ့ ပမာဏာဖြစ်တာကြောင့် မလိုအပ်ဘဲ လူသားအရင်းအမြစ်တွေရော ငွေအရင်းအမြစ်တွေပါ မပြုန်းတီးရအောင် ပြည်သူတွေအနေနဲ့ ကိုဗစ် စည်းမျဉ်း၊ စည်းကမ်းတွေကို လိုက်နာကြဖို့ ဒေါ်အောင်ဆန်းစုကြည်က မေတ္တာရပ်ခံခဲ့ပါတယ်။

ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဒီဇင်ဘာ ၄ ရက် မနေ့ညက သတင်းထုတ်ပြန်ချက်အရ မြန်မာနိုင်ငံမှာ ပိုးတွေလူနာ ၁၅၀၂ ဦး အသစ်တိုးခဲ့ပြီး လက်ရှိအချိန်ထိ ပိုးတွေလူနာစုစုပေါင်း ကိုးသောင်းခွဲကျော် ရှိနေပြီဖြစ်ပါတယ်။

ကိုရိုနာဗိုင်းရပ်ရောဂါ ကူးစက်ပြန့်ပွားမှု မြင့်တက်လာနဲ့အမျှ တိုင်းနဲ့ ပြည်နယ် အသီးသီးမှာ ပိုးကူးစက်မှုထိန်းချုပ်ရေး အစီအစဉ်တွေ ပိုမိုလုပ်ဆောင်နေကြပါတယ်။

RFA Burmese

ယခုကဲ့သို့ နောက်ဆုံးရသတင်းများနှင့် သိရှိလိုသော ဒေသဆိုင်ရာအချက်အလက်များကို www.winnetmyanmar.com နှင့် winnetmyanmar Facebook Page တို့တွင် ဝင်ရောက်ဖတ်ရှု ရေးသား ဆွေးနွေးနိုင်ပါသည်။