ဧရာဝတီတိုင်း ကိုယ်စားလှယ်လောင်းနှစ်ဦး ရွေးကောက်ပွဲ ကုန်ကျစရိတ် တင်ပြဖို့ ပျက်ကွက်

22-Dec-2020

ဧရာဝတီတိုင်းမှာ သတ်မှတ်ရက်အတွင်း ရွေးကောက်ပွဲကုန်ကျစရိတ် လာမသွင်းတဲ့ ကိုယ်စားလှယ်လောင်း နှစ်ဦး ရှိတယ်လို့ တိုင်းကော်မရှင်အဖွဲ့ခွဲက ပြောကြားလိုက်ပါတယ်။ ၂၀၂၀ ရွေးကောက်ပွဲအတွက် ဧရာဝတီတိုင်းမှာ လွှတ်တော်ကိုယ်စားလှယ်လောင်း ၄၅၁ ဦးရှိပြီး ၄၄၉ ဦးကသာ သတ်မှတ်ရက်အတွင်း ရွေးကောက်ပွဲကုန်ကျစရိတ် လာရောက်တင်သွင်းခဲ့တယ်လို့ ပြောပါတယ်။

ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ က ဦးကျော်ထွန်းဇော်နဲ့ ပြည်သူ့ရှေ့ဆောင်ပါတီက ဦးတင့်ထူးရွှေတို့ သတ်မှတ်ရက်အတွင်း ရွေးကောက်ပွဲကုန်ကျစရိတ် လာမသွင်းကြပါဘူး။ ဒီလို သတ်မှတ်ချိန်မှာ ရွေးကောက်ပွဲကုန်ကျစရိတ်မတင်ရင် အရည်အချင်းပျက်ယွင်းသူ ဖြစ်တယ်လို့ ဧရာဝတီတိုင်း ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးအောင်မြင့် က ပြောပါတယ်။

“သူများ ပြောစကားတွေ လိုက်ယုံပြီး အထင်ကြီးတာလည်း ပါမှာပေါ့။ တကယ်ကျတဲ့အခါကျတော့ မဲက မရဘူး။ ရာဂဏန်းလောက်ပဲ ရတယ်။ ထောင်ဂဏန်းလောက်နဲ့ ပြီးသွားတဲ့လူ များတယ်။ Percentage နဲ့တွက်ရင် ၁ ရာခိုင်နှုန်းတောင် မရတဲ့သူတွေ အများကြီးပဲ။ အဲ့ဒီလိုလူတွေက မတင်တော့ဘူး ဆိုတော့ ဖြစ်ကောင်း ဖြစ်နိုင်တယ်နော်။ အဲ့ဒါတွေက ပါတီတွေက နေပြီးတော့ တချို့လည်း ကိုယ့်ကိုယ်ကို တအားအထင်ကြီးလို့ ဖြစ်ကောင်း ဖြစ်နိုင်တယ်။ မဲရလဒ်တွေ ကြည့်တဲ့အခါမှာ တကယ်ကိုပဲ တရာကျော်လေးတွေရှိတယ်။ ရာဂဏန်းလောက် ကလေးတွေ၊ တစ်ရာခိုင်နှုန်း မပြည့်ဘူးဆိုတော့ သူတို့ အဲ့ဒါကြောင့် မတင်တာ ဖြစ်ကောင်း ဖြစ်နိုင်တာပေါ့။ အဲ့ဒါတွေက မတင်လို့ရှိရင် အရည်အချင်းပျက်ယွင်းသူပေါ့"

ဒါပေမဲ့ ပုသိမ်မြို့နယ် တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ် အမှတ် ၂ နေရာကို ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီကနေ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ ဦးကျော်ထွန်းဇော်ကတော့ ကျန်းမာရေးကြောင့် အချိန်မီ မတင်သွင်းနိုင်ခဲ့တာလို့ RFA ကို ပြောပါတယ်။

“ကျွန်တော်က ကျန်းမာရေးကြောင့်ပါဗျ။ ကျန်းမာရေးကြောင့် တရက် နောက်ကျသွားတာပါ။ စနေ နောက်ဆုံးလို့ ပြောတာကို ကျနော်က ပြီးခဲ့တဲ့ အပတ် တနင်္လာကျမှ တင်ပေးလိုက်တယ်။ ကျန်းမာရေးကြောင့်ဆိုတော့ တရားထိုင်တာတို့၊ တခြားကုသနေတဲ့ ကိစ္စတွေ ရှိတော့ မသွားဖြစ်တာတွေ၊ သိလည်း မသိလိုက်ဘူး။ ရုံးနဲ့ အဆက်အသွယ်လည်း ပြတ်နေတော့။ ဖုန်းတွေလည်း ကျနော်က နားထားလိုက်တာကိုး။ ပိတ်ထားလိုက်တော့ အဲ့ဒါကြောင့် ဘယ်နေ့နောက်ဆုံးဆိုတာ မေ့သွားတယ်။ မသိလိုက်ဘူးပေါ့ဗျာ။ ပြောရရင်တော့ ကိုယ်တွေ အပြစ်ပါပဲ။ ဒီနေ့တော့ လောလောဆယ် အသနားခံစာ တင်ထားတယ်"

သတ်မှတ်ရက်မှာ မတင်သွင်းနိုင်ခဲ့လို့ ပုသိမ်ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲကို အသနားခံစာ တင်ပြထားတယ်လို့လည်း ဦးကျော်ထွန်းဇော် က ပြောပါတယ်။ ပုသိမ်မြို့နယ် တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ်အမှတ်- ၂ အတွက် မဲရလဒ်ကို နိုဝင်ဘာလ ၁၃ ရက်နေ့က ကြေညာခဲ့ပြီး ဦးကျော်ထွန်းဇော်က ခိုင်လုံမဲ စုစုပေါင်းရဲ့ ၂၃ ရာခိုင်နှုန်းကျော်သာ ရရှိခဲ့ပါတယ်။

သတ်မှတ်ရက်အတွင်း ရွေးကောက်ပွဲ ကုန်ကျစရိတ်မတင်သူ နောက်တစ်ဦးဖြစ်တဲ့ ဦးတင့်ထူးရွှေ က ပြည်သူ့ရှေ့ဆောင်ပါတီကနေ အိမ်မဲမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နေရာကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့သူပါ။

ရွေးကောက်ပွဲကုန်ကျစရိတ် မတင်တဲ့အပြင် ခရိုင်ကော်မရှင်အနေနဲ့လည်း ဦးတင့်ထူးရွှေကို ဆက်သွယ်လို့ မရဘူးလို့ မြောင်းမြခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးနိုင်ဝင်းစိုး က RFA ကို ပြောပါတယ်။

“ သူက အိမ်မဲမှာ ပြိုင်ပြီး ရန်ကုန်မှာလို့လည်း သိရတယ်။ တခါ ပထမဦးဆုံး ရလိုက်တဲ့အချိန်မှာ ရန်ကုန်မှာဆိုပြီးတော့ ပြီးလည်းပြီးရော လုံးဝ အဆက်အသွယ် မရတော့ဘူး။ ဘယ်လိုမှ ဆက်လို့ မရတော့ဘူး။ အဲ့ဒီလို ဖြစ်သွားတယ်။ ဟုတ်တယ် နောက်ဆုံးမရတော့ဘူး။ ပထမပိုင်းတော့ရတယ်။ ဖုန်းက ဆက်လို့ကို မရတော့ဘူး။ မကိုင်တာလား။ ပိတ်တာလား။ ဘယ်လိုမှန်းကို မသိဘူး။ ပြောချင်တာတွေ လျှောက်ပြောနေတာ။ အဲ့ဒီလိုတွေ ဖြစ်နေတယ်”

ဦးတင့်ထူးရွှေကို ပြည်သူ့ရှေ့ဆောင်ပါတီရုံးချုပ်နဲ့ ဧရာဝတီတိုင်းရုံးတို့ကနေ တဆင့် RFA က ဆက်သွယ်ဖို့ ကြိုးစားခဲ့ပေမယ့် မရရှိခဲ့ပါဘူး။ အိမ်မဲမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နေရာအတွက် မဲရလဒ်ကို နိုဝင်ဘာလ ၁၂ ရက်နေ့က ကြေညာခဲ့ပြီး ဦးတင့်ထူးရွှေက ခိုင်လုံမဲ ၃၇၂ မဲ ရရှိခဲ့ပြီး ခိုင်လုံမဲ စုစုပေါင်းရဲ့ ဝ.၃၄ ရာခိုင်နှုန်းကိုသာ ရရှိခဲ့တယ်လို့ တိုင်းကော်မရှင်အဖွဲ့ခွဲရဲ့ အချက်အလက်တွေအရ သိရပါတယ်။

၂၀၂၀ ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်တဲ့ ကိုယ်စားလှယ်လောင်းတွေက မဲရလဒ် တရားဝင်ကြေညာတဲ့နေ့ကနေ တလအတွင်း ရွေးကောက်ပွဲကုန်ကျစရိတ်ကို ခရိုင်ကော်မရှင်အဖွဲ့ခွဲကို တင်သွင်းရမှာ ဖြစ်ပါတယ်။ သတ်မှတ်ရက်မှာ ရွေးကောက်ပွဲ ကုန်ကျစရိတ် မတင်သွင်းတဲ့ ကိုယ်စားလှယ်လောင်းတွေဟာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကနေ အရည်အချင်း ပျက်ယွင်းသူအဖြစ် ကြေညာခံရမှာ ဖြစ်တယ်လို့ သိရပါတယ်။

RFA Burmese