အိုးထရက်ဖို့ဒ်မှာ အောင်ပွဲခံသွားမဲ့အသင်းက မန်ယူလား၊ မန်စီးတီးလား

12-Dec-2020

ပရီမီယာလိဂ်ပွဲစဉ် (၁၂) မှ ပွဲစဉ် လေးပွဲဖြစ်သည့် ဝုဖ်နှင့် အက်စ်တွန်ဗီလာ၊   နယူးကာဆယ်နှင့် ဝက်စ်ဘရွန်း၊  မန်ယူနှင့်  မန်စီးတီး၊ အဲဗာတန်နှင့် ချယ်ဆီးအသင်းတို့ ယနေ့တွင်  အကြိတ်အနယ်  ယှဉ်ပြိုင်ကစားကြမည် ဖြစ်သည်။ လက်ရှိ ပရီမီယာလိဂ် အမှတ်ပေးဇယားကို မော်ရင်ညို၏ စပါးအသင်းက လီဗာပူးအသင်းနှင့် ရမှတ် ၂၄ မှတ်ချင်းတူပြီး ဂိုးကွာခြားချက်အသာဖြင့်  ဦးဆောင် ထားသည်။

အဆိုပါ  ပွဲစဉ်များထဲမှ အကောင်းဆုံးပွဲစဉ်အဖြစ်  နည်းပြ    ဆိုးလ်ရှား၏   မန်ယူအသင်းနှင့်   နည်းပြ ဂွါဒီယိုလာ၏ မန်စီးတီးအသင်းတို့  ဆုံတွေ့နေခြင်း ဖြစ်သည်။ တစ်နည်းအားဖြင့် အမှတ်ပေးဇယားအဆင့် (၆)တွင်   ရပ်တည်နေသည့်  မန်ယူအသင်းနှင့် အဆင့် (၇) နေရာတွင်  ရပ်တည်နေသည့်  မန်စီးတီးအသင်းတို့  ဆုံတွေ့နေခြင်းဖြစ်သည်။ မန်ယူအသင်းသည် ပရီမီယာ လိဂ် ၁၀ ပွဲကစားပြီး ခြောက်ပွဲနိုင်၊ တစ်ပွဲသရေ၊ သုံးပွဲရှုံး ရမှတ် ၁၉ မှတ်ဖြင့် အဆင့် (၆) တွင် ရပ်တည်နေသည်။ မန်စီးတီးအသင်းက  ၁၀  ပွဲ ကစားပြီး  ငါးပွဲနိုင်၊ သုံးပွဲ သရေ၊ နှစ်ပွဲရှုံး  ရမှတ် ၁၈ မှတ်ဖြင့်  အဆင့် (၇) နေရာ တွင် ရပ်တည်ခြင်းဖြစ်သည်။

မန်ယူအသင်းနှင့် မန်စီးတီးအသင်းတို့ ယမန်နှစ်က လိဂ်ဖလား ဆီမီးဖိုင်နယ်တွင် နှစ်ကြိမ်နှင့် ပရီမီယာလိဂ် တွင် နှစ်ကြိမ် စုစုပေါင်း ထိပ်တိုက်တွေ့ဆုံမှု လေးကြိမ် အထိ ရှိထားသည်။

ပရီမီယာလိဂ်ပြိုင်ပွဲတွေ့ဆုံခဲ့သည့်  နှစ်ကြိမ်တွင်  မန်စီးတီးအိမ်ကွင်း၌ နှစ်ဂိုး-တစ်ဂိုးဖြင့်   မန်ယူအသင်းက   အနိုင်ရရှိထားသလို   မန်ယူအိမ်ကွင်းတွင် လည်း မန်စီးတီးအသင်းကို နှစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရရှိထားသည်။   လိဂ်ဖလား ဆီမီးဖိုင်နယ်  နှစ်ကြိမ်တွင်  မန်ယူအိမ်ကွင်း၌  သုံးဂိုး-တစ်ဂိုးဖြင့် မန်စီးတီး အသင်းက အနိုင်ရရှိထားပြီး မန်စီးတီးအိမ်ကွင်းတွင်   တစ်ဂိုး-ဂိုးမရှိဖြင့် မန်ယူအသင်းက အနိုင်ရရှိထားသည်။ ထို့ကြောင့် မန်ယူအသင်းနှင့် မန်စီးတီး အသင်းတို့ ယမန်နှစ်က ထိပ်တိုက်တွေ့ဆုံမှု လေးကြိမ်တွင် မန်ယူအသင်းက သုံးကြိမ်အထိအနိုင်ရရှိပြီး  မန်စီးတီးအသင်းက တစ်ကြိမ်သာ  ပြန်လည်အနိုင် ရရှိထားသည်။

မန်ယူအသင်းသည် ယခုနှစ်ရာသီ အိမ်ကွင်းစွမ်းဆောင်ရည် အားနည်း ကာ နောက်ဆုံးငါးပွဲတွင် ဝက်စ်ဘရွန်းအသင်းကိုသာလျှင် တစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရရှိထားပြီး  ချယ်ဆီးအသင်းနှင့် ဂိုးမရှိသရေကျထားကာ ခရစ္စတယ် ပဲလေ့စ်အသင်းကို  သုံးဂိုး-တစ်ဂိုး၊   စပါးအသင်းကို   ခြောက်ဂိုး-တစ်ဂိုး၊ အာဆင်နယ်အသင်းကို တစ်ဂိုး-ဂိုးမရှိဖြင့် ရှုံးနိမ့်ထားသည်။   ထို့ကြောင့် မန်ယူအသင်းအနေဖြင့် ယခုပွဲစဉ်တွင်ရော   မန်စီးတီးအသင်းကို   နိုင်ပွဲရရှိ အောင် စွမ်းဆောင်သွားနိုင်မလား သို့တည်းမဟုတ် အိမ်ကွင်းရှုံးပွဲနှင့် ထပ်မံ ရင်ဆိုင်သွားရမလား စောင့်ကြည့်ရမည်ဖြစ်သည်။ မန်စီးတီးအသင်း၏ ယခုနှစ် ရာသီ အဝေးကွင်းစွမ်းဆောင်ရည်ငါးပွဲကိုကြည့်လျှင် ဝုဖ်အသင်းကို သုံးဂိုး-တစ်ဂိုးဖြင့် အနိုင်ရရှိထားသလို ရှက်ဖီးလ်အသင်းကို တစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရရှိထားသည်။ သို့သော်လည်း လိဒ်စ်အသင်း၊ ဝက်စ်ဟမ်းအသင်းတို့နှင့် ပွဲစဉ်တွင် တစ်ဖက်တစ်ဂိုးစီ သရေကျထားကာ နောက်ဆုံးယှဉ်ပြိုင်ကစားထား သည့် စပါးအသင်းနှင့်ပွဲစဉ်တွင်  နှစ်ဂိုး-ဂိုးမရှိဖြင့် ရှုံးနိမ့်ထားသည်ကို တွေ့ရ သည်။

မန်ယူအသင်းတိုက်စစ်ပိုင်းတွင် ရက်ဖို့ဒ်က ပရီမီယာလိဂ် ၁၀ ပွဲတွင် သုံးဂိုးသွင်းယူထားနိုင်ပြီး လေးကြိမ်ဂိုးရရှိအောင် ဖန်တီးပေးထားနိုင်သည်။ မန်စီးတီးအသင်းတိုက်စစ်မှ မာရက်ဇ်က  လေးဂိုးသွင်းကာ   ဂိုးရရှိအောင် တစ်ကြိမ် ဖန်တီးပေးထားနိုင်သည်။ မန်ယူအသင်း ကွင်းလယ်ပိုင်းမှ ဖာနန် ဒက်ဇ်က ၁၀ ပွဲတွင် ခုနစ်ဂိုးအထိ သွင်းယူပေးထားနိုင်ပြီး လေးကြိမ် ဂိုးရရှိအောင် ဖန်တီးပေးထားနိုင်သည်။ မန်စီးတီးအသင်းကွင်းလယ်ပိုင်းမှ ဒီဘရိုင်းက ကိုးပွဲတွင် နှစ်ဂိုးသွင်းပြီး  ခြောက်ကြိမ်  ဂိုးရရှိအောင် ဖန်တီးပေးထားနိုင် သည်။

မန်ယူအသင်းနှင့် မန်စီးတီးအသင်းတို့သည် ရမှတ်ကွာဟမှု တစ်မှတ်သာ ရှိနေသည့်အတွက် ယခုပွဲစဉ်သည် ပြိုင်ဆိုင်မှုပြင်းထန်လာဖွယ်ရှိနေသည်။ မန်ယူအသင်းသည် ချန်ပီယံလိဂ်ပြိုင်ပွဲ အုပ်စုအဆင့် နောက်ဆုံးပွဲစဉ်တွင် လိုက်ပ်ဇစ်အသင်းကို သုံးဂိုး-နှစ်ဂိုးဖြင့် ရှုံးနိမ့်ခဲ့ပြီးနောက် ချန်ပီယံလိဂ် ပြိုင်ပွဲမှ ထွက်ခဲ့ရသည့်အသင်းဖြစ်ပြီး မန်စီးတီးအသင်းက ချန်ပီယံလိဂ်ပြိုင်ပွဲတွင် နောက်တစ်ဆင့်သို့ တက်ရောက်ထားနိုင်သည့်အသင်းဖြစ်သည်။ မန်ယူအသင်း သည် ယခုနှစ်ရာသီ ပရီမီယာလိဂ် ၁၀ ပွဲတွင် ရဂိုး ၁၉ ဂိုးရှိပြီး  ပေးဂိုး ၁၇ ဂိုး အထိ ခွင့်ပြုပေးထားရသည်။ မန်စီးတီးအသင်းက အဆိုပါ ၁၀ ပွဲတွင်  ရဂိုး ၁၇ ဂိုးရှိပြီး ပေးဂိုး ၁၁ ဂိုးသာ ခွင့်ပြုပေးထားရသည်။

ထို့ကြောင့် မည်သည့်အသင်းက အမှတ်ပေးဇယားအထက်ပိုင်းသို့ တက်လှမ်းနိုင်မည်ဆိုသည်ကို စောင့်ကြည့်ရမည်ဖြစ်သည်။

အောင်ဇော်