ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးရေးလုပ်ငန်းအဖွဲ့ ဖွဲ့စည်းရန် ဂျိုးဘိုင်ဒင် ကြေညာ

11-Nov-2020

ဝါရှင်တန် နိုဝင်ဘာ ၁၀

နိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးရေး အတွက် လုပ်ငန်းအဖွဲ့တစ်ရပ်ဖွဲ့စည်းရန် အမေရိကန် ရွေးကောက်ခံသမ္မတ ဂျိုးဘိုင်ဒင်က ယမန်နေ့တွင် ကြေညာ ခဲ့သည်။

သမ္မတ ရာထူးအာဏာကို လွှဲပြောင်းရယူရန် အဆင်သင့်ဖြစ်နေသည့် ဂျိုးဘိုင်ဒင်က နိုင်ငံအတွင်း ကူးစက်ပျံ့နှံ့လျက်ရှိသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ် တားဆီးရန် လုပ်ငန်းအဖွဲ့တွင် ပါဝင်မည့် ဆေးဘက် ကျွမ်းကျင်ပညာရှင် ၁၃ ဦးကို ယမန်နေ့က ကြေညာခဲ့ သည်။

ရွေးကောက်ပွဲအလွန်ကာလတွင် အမေရိကန်ပြည်သူ များအနေဖြင့် ကိုဗစ်-၁၉ ရောဂါကူးစက်မှုကို ပူးပေါင်း ကာကွယ်နှိမ်နင်းကြရန် စည်းလုံးညီညွတ်မှုရှိရန် လိုအပ် ကြောင်း ဂျိုးဘိုင်ဒင်က ပြောကြားခဲ့သည်။

ရွေးကောက်ပွဲတွင် မည်သူ့ကို ထောက်ခံခဲ့သလဲ ဆိုသည်မှာ အရေးမကြီးပါကြောင်းနှင့် ယခုအချိန်မှာ ဗိုင်းရပ်စ်ကာကွယ်တားဆီးရေးအတွက် နိုင်ငံသားတိုင်း နှာခေါင်းစည်းဝတ်ဆင်မည်ဆိုပါက လူ့အသက်ပေါင်း ထောင်ပေါင်းများစွာကို ကယ်ဆယ်နိုင်မည်ဖြစ်ကြောင်း ဂျိုးဘိုင်ဒင်က ဆိုသည်။

ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးရေးအတွက် ပူးပေါင်းဆောင်ရွက်ကြရန် ဂျိုးဘိုင်ဒင်နှင့် ကနေဒါ ဝန်ကြီးချုပ် ဂျက်စတင်ထရူဒေါတို့သည် ဖုန်းဖြင့် ဆွေးနွေး ခဲ့ကြသည်။

သို့သော် အမေရိကန်အစိုးရအဖွဲ့တာဝန်ရှိသူများက သမ္မတရာထူးအာဏာလွှဲပြောင်းရန် လိုအပ်သည့် စာရွက် စာတမ်းများကို လက်မှတ်ရေးထိုးမှုမရှိသေးသည့်အတွက် အာဏာလွှဲပြောင်းမှုသည် နှောင့်နှေးကြန့်ကြာမှုများ ရှိနိုင်ကြောင်း အမေရိကန်မီဒီယာက သတင်းဖော်ပြကြ သည်။

ကိုးကား-အင်န်အိတ်ချ်ကေ

ဘာသာပြန်-အောင်ကျော်ကျော်