၂၀၁၅ ထက်အရှုံးပိုတဲ့ USDP

16-Nov-2020

၂၀၁၅ အထွေထွေရွေးကောက်ပွဲက ကိုယ်စားလှယ် တစ်ရာကျော်နိုင်ခဲ့တဲ့ ပြည်ခိုင်ဖြိုးပါတီဟာ ၂၀၂၀ မှာတော့ လွှတ်တော် သုံးရပ်မှာ ၇၁ ဦးပဲပြန်နိုင်ခဲ့ပါတယ်။ ဒါပေမဲ့ ပြည်သူ့လွှတ်တော်မှာ ၂၆ နေရာနဲ့ အမျိုးသားလွှတ်တော်မှာ ၇ နေရာပဲ ပြန်နိုင်တာပါ။ ဒီအရေအတွက်က ရွေးကောက်ခံကိုယ်စားလှယ်ထဲမှာ အာဏာရပါတီကိုထိန်းကျောင်းရမယ့် အင်အားအကြီးဆုံးအတိုက်အခံပါတီရဲ့ အမတ်အရေအတွက်လည်း ဖြစ်ပါတယ်။

ကြံ့ခိုင်ရေးပါတီဟာ တပ်မိသားစုတွေရှိတဲ့ မဲဆန္ဒနယ်တွေမှနဲ့ ရှမ်းပြည်နယ်လို ပြည်သူ့စစ် အ‌မြောက်အများရှိတဲ့ နေရာတွေမှာပဲ အ‌ခြေအနေကောင်းခဲ့တာဖြစ်ပါတယ်။ ပါတီဥက္ကဋ္ဌ ဦးသန်းဌေးဟာ ၂၀၁၅ ကသူရှုံးတဲ့ မြန်အောင်မှာမပြိုင်ဘဲ စစ်ရုံးရှိတဲ့ နေပြည်တော်က ဇေယျာသီရိမှာ လာပြိုင်ပြီးနိုင်ခဲ့တာလည်းဖြစ်ပါတယ်။

USDP အမာခံနေရာတွေဖြစ်တဲ့ မြန်မာပြည်အလယ်ပိုင်းက ရမည်းသင်း၊ပျော်ဘွယ် နဲ့ မိထ္ထီလာလို နေရာတွေမှာပါ ရှုံးတာကတော့ အံ့သြစရာဖြစ်ခဲ့တာပါ။

အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဟောင်း ဦးခင်အောင်မြင့်ဟာ ၂၀၂၀ ရွေးကောက်ပွဲကို ဝင်မပြိုင်ဘဲ အနားယူခဲ့ပါတယ်။ သူနှစ်ကြိမ်ဆက်နိုင်ခဲ့တဲ့ အမျိုးသားလွှတ်တော်နေရာကို သူ့မိတ်ဆွေ ဦးမောင်မောင်မြင့်ကိုဝင်ပြိုင်ခိုင်းပေမယ့် ရှုံးခဲ့ပါတယ်။ ပြီးခဲ့တဲ့ ပြည်သူ့လွှတ်တော်သက်တမ်းမှာ NLD အစိုးရနဲ့လွှတ်တော်ကို တက်တက်ကြွကြွ ဝေဖန်ဆွေးနွေးတဲ့ ပျော်ဘွယ်အမတ်ဦးသောင်းအေးလည်း ရှုံးခဲ့ပါတယ်။

ဒါ့အပြင် သမ္မတရုံးဝန်ကြီးဟောင်းဖြစ်တဲ့ ဦးလှထွန်း၊နိုင်ငံခြားရေးဝန်ကြီးဟောင်းတွေဖြစ်တဲ့ ဦးဉာဏ်ဝင်းနဲ့ ဦးဝဏ္ဍမောင်လွင်၊ လယ်/ဆည်ဝန်ကြီးဟောင်း တွေဖြစ်တဲ့ ဦးဌေးဦးနဲ့ ဦးမြင့်လှိုင်၊ လဝကဝန်ကြီးဟောင်း ဦးခင်ရီ၊လျှပ်စစ်ဝန်ကြီးဟောင်း ဦးခင်မောင်စိုး၊လူကယ်ပြန်ဝန်ကြီးဟောင်း ဒေါက်တာမြတ်မြတ်အုန်းခင်၊ စက်မှုဝန်ကြီးဟောင်း ဦးမောင်မြင့်၊စီမံကိန်းဝန်ကြီးဟောင်း ဒေါက်တာကံဇော်၊ဘဏ္ဍာရေး ဝန်ကြီးဟောင်း ဦးဝင်းရှိန်၊ ကာကွယ်ရေးဝန်ကြီးဟောင်း ဦးဝေလွင်၊ ယဉ်ကျေးမှုဝန်ကြီးဟောင်း ဦးအေးမြင့်ကြူ နဲ့ ပို့ဆောင်ရေးဝန်ကြီးဟောင်း ဦးဉာဏ်ထွန်းအောင် တို့လည်းရှုံးကြပါတယ်။

ဒါကြောင့် လာမယ့်လွှတ်တော်မှာ ပါတီဥက္ကဋ္ဌ ဦးသန်းဌေးနဲ့ ဝန်ကြီးဟောင်း ဦးစိုးသိန်းကပဲ ဦးဆောင်ပြီးအတိုက်အခံလုပ်ကြရဖို့ ရှိပါတယ်။

ဒါပေမဲ့ ရှမ်းပြည်နယ်လွှတ်တော်ကိုတော့ ပြည်ခိုင်ဖြိုးက ထိန်းချုပ်ထားနိုင်ဆဲဖြစ်ပါတယ်။

ပါတီဒုတိယ ဥက္ကဋ္ဌ ဦးခင်ရီက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို တိုင်ကြားဖို့ ကန့်ကွက်လွှာ အစောင် ငါးရာကျော် ရှိတယ်လို့ပြောထားတဲ့အတွက် ရွေးကောက်ပွဲခုံရုံးတွေရဲ့ ဆုံးဖြတ်ချက်အပေါ် မူတည်ပြီး ကြံ့ခိုင်ရေးပါတီရဲ့ကိုယ်စားလှယ်စာရင်းဟာ အပြောင်းအလဲ ဖြစ်ကောင်း ဖြစ်လာနိုင်ပါတယ်။

Crd BBC News

ယခုကဲ့သို့ နောက်ဆုံးရသတင်းများနှင့် သိရှိလိုသော ဒေသဆိုင်ရာအချက်အလက်များကို www.winnetmyanmar.com နှင့် winnetmyanmar Facebook Page တို့တွင် ဝင်ရောက်ဖတ်ရှု ရေးသား ဆွေးနွေးနိုင်ပါသည်။