အမေရိကန် လျှို့ဝှက်ထောက်လှမ်းရေးအေးဂျင့် ၁၃၀ ကျော် ကိုဗစ်- ၁၉ ကူးစက်ခံရ

15-Nov-2020

ဝါရှင်တန်   နိုဝင်ဘာ  ၁၄

အမေရိကန်ပြည်ထောင်စုရှိ   လျှို့ဝှက်ထောက်လှမ်းရေး အေးဂျင့်  ၁၃၀ ကျော်အထိ  ကိုဗစ်- ၁၉  ကူးစက်ခံရပြီး တစ်ကိုယ်ရေသီးခြားနေထိုင်ကာ ကန့်သတ်စောင့်ကြည့်မှု ခံယူရလျက်ရှိကြောင်း ဝါရှင်တန်ပို့စ် သတင်းစာက နိုဝင်ဘာ ၁၃ ရက်က ဖော်ပြခဲ့သည်။

ကိုဗစ်- ၁၉ ကူးစက်ခံရသူတစ်ဦးနှင့်   အနီးကပ် ထိတွေ့မှုရှိခဲ့ပြီးနောက်တွင်  အဆိုပါလျှို့ဝှက်ထောက်လှမ်း ရေးအေးဂျင့်များအားလုံး ရောဂါကူးစက်ခံခဲ့ရခြင်း  ဖြစ်ကြောင်း အဆိုပါအဖွဲ့အစည်းနှင့် ဆက်နွှယ်သည့် သတင်းရင်းမြစ်များ၏ ပြောပြချက်ကို ကိုးကားလျက် ဝါရှင်တန်ပို့စ် သတင်းစာတွင် ဖော်ပြထားသည်။

လျှို့ဝှက်ထောက်လှမ်းရေး   အဖွဲ့အတွင်း  ရောဂါ ကူးစက်ဖြစ်ပွားမှုသည် နိုဝင်ဘာ ၃ ရက် အမေရိကန် ရွေးကောက်ပွဲနေ့မတိုင်မီ သုံးရက်အလိုက သမ္မတထရမ့် မဲဆွယ်စည်းရုံးရေး နောက်ဆုံးပြုလုပ်ခဲ့သည့် လူထုစုဝေး ပွဲများနှင့် ဆက်နွှယ်နေဖွယ်ရှိကြောင်း အဆိုပါသတင်းစာက ဖော်ပြသည်။

အိမ်ဖြူတော်၌ ရွေးကောက်ပွဲည စုဝေးမှုအပြီး ကိုဗစ်-၁၉ ကူးစက်ခံခဲ့ရသူများတွင်    အိမ်ဖြူတော်အရာရှိချုပ်  မာ့မီယာဒိုစ်၊ အိုးအိမ်နေရာချထားရေးနှင့်မြို့ပြဖွံ့ဖြိုးရေး ဝန်ကြီး   ဘင်ကာဆန်၊    အိမ်ဖြူတော် နိုင်ငံရေးဆိုင်ရာ ဒါရိုက်တာ ဘရိုင်ယန်ဂျက်နှင့်  သမ္မတထရမ့်၏ မဲဆွယ် စည်းရုံးရေး အကြံပေး ကိုရေးလီဝန်ဒေါစကီးတို့ ပါဝင် ကြောင်း  သိရသည်။

သမ္မတ ဒေါ်နယ်ထရမ့်နှင့် ၎င်း၏ဇနီး  မီလာနီယာ ထရမ့်တို့မှာလည်း ပြီးခဲ့သည့် အောက်တိုဘာလအစောပိုင်းက ကိုဗစ်- ၁၉  ကူးစက်ခံရကြောင်း စစ်ဆေးတွေ့ရှိခဲ့ပြီး နောက် ကန့်သတ်စောင့်ကြည့်မှုဖြင့် နေထိုင်ခဲ့သည်။

နိုင်ငံအတွင်း  ရောဂါကူးစက်ဖြစ်ပွားမှု တိုးနေသော် လည်း တစ်နိုင်ငံလုံး  ကန့်သတ်ပိတ်ဆို့မှုပြုလုပ်ရန် မရှိကြောင်း ထရမ့်က ပြောကြားခဲ့သည်။

ဆင်ဟွာ