ကမ္ဘာတစ်ဝန်းလုံးတွင် ကိုဗစ် - ၁၉ ကူးစက်ဖြစ်ပွားသူပေါင်း ၈၈ သန်း ကျော်လွန်လာ

09-Jan-2021

ဝါရှင်တန် ဇန်နဝါရီ ၈

ကမ္ဘာတစ်ဝန်း ကိုဗစ်- ၁၉ ကူးစက် ဖြစ်ပွားသူပေါင်းသည် ယခုအခါတွင် ၈၈ သန်း ကျော်လွန်လာပြီ ဖြစ်ကြောင်း ဂျွန်ဟော့ကင်း တက္ကသိုလ်က ထုတ်ပြန်လိုက်သော စာရင်းများအရ သိရသည်။

ကမ္ဘာလုံးဆိုင်ရာ ကိုဗစ်- ၁၉ ကူးစက်မှုသည်   ဇန်နဝါရီ ၈ ရက် ကမ္ဘာ့စံတော်ချိန် ယူတီစီ ၆ နာရီအထိ ၈၈၀၄၂၇၆၂ ဦး ရှိလာခဲ့သည်။

ကိုဗစ်- ၁၉ ကြောင့် ကမ္ဘာတစ်ဝန်း သေဆုံးသူပေါင်း ၁၈၉၈၅၃၀ ရှိလာခဲ့သည်။ အမေရိကန် ပြည်ထောင်စုသည် ကိုဗစ်- ၁၉  ကူးစက်မှု အများဆုံးဖြစ်ပြီး စုစုပေါင်း ကိုဗစ်-၁၉  ကူးစက်ခံရသူ ၂၁၅၇၄၀၄၃ ဦးရှိသည်။

ထို့နောက် အိန္ဒိယနိုင်ငံသည် ကိုဗစ်- ၁၉ ကူးစက်ခံရသူ ၁၀၄၁၃၄၁၇ ဦးဖြင့် ဒုတိယနေရာမှ ရပ်တည်လျက်ရှိကာ ဘရာဇီးနိုင်ငံသည် ကိုဗစ် -၁၉ ကူးစက်ခံရသူ ၇၉၆၁၆၇၃ ဦးဖြင့် တတိယနေရာတွင် ရှိသည်။

ယင်းနောက် ရုရှားနိုင်ငံသည် ကိုဗစ်- ၁၉ ကူးစက်ခံရသူ ၃၂၉၇၈၃၃ ဦးဖြင့် စတုတ္ထနေရာမှ ရပ်တည်လျက်ရှိပြီး ဗြိတိန်သည် ၂၈၉၈၀၅၂ ဦးဖြင့် ရုရှားနိုင်ငံနောက်မှ ထက်ကြပ်မကွာ လိုက်လျက်ရှိသည်။

ထို့အတူ အမေရိကန်နိုင်ငံသည် ကိုဗစ်- ၁၉ ကြောင့် သေဆုံးမှုအများဆုံး နိုင်ငံတစ်နိုင်ငံဖြစ်ကာ သေဆုံးသူ ၃၆၅၂၀၈ ဦးရှိသည်။ ဘရာဇီးနိုင်ငံသည် သေဆုံးသူ ၂၀၀၄၉၈ ဦးဖြင့် သေဆုံးမှုစာရင်းတွင် ဒုတိယနေရာမှ ရပ်တည်လျက်ရှိပြီး အိန္ဒိယသည် သေဆုံးသူ ၁၅၀၅၇၀  ဖြင့် တတိယနေရာမှ ရပ်တည်လျက်ရှိသည်။

ထို့နောက် မက္ကဆီကိုသည် သေဆုံးသူ ၁၃၁၀၃၁ ဦးနှင့် ဗြိတိန်သည် သေဆုံးသူ ၇၈၆၃၂ ဦးဖြင့် စတုတ္ထနှင့် ပဉ္စမ နေရာတို့မှ အစဉ်လိုက်ရပ်တည်လျက်ရှိသည်။

အင်န်အိတ်ခ်ျကေ