လီဗာပူးတစ်မြို့လုံးရှိ ပြည်သူများကိုကိုဗစ်-၁၉ ရောဂါ ရှိ၊ မရှိ စစ်ဆေးပေးမည်

04-Nov-2020

လီဗာပူး နိုဝင်ဘာ ၃

ကိုဗစ်-၁၉ ရောဂါကူးစက်မှုနှုန်း မြင့်တက်နေသည့် လီဗာပူး မြို့နေ ပြည်သူငါးသိန်းကို မြို့လုံးကျွတ် ကိုဗစ်-၁၉ ရောဂါ ရှိ၊ မရှိ စစ်ဆေးသွားမည်ဖြစ်သောကြောင့် လီဗာပူးမှာ ဗြိတိန်နိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါကို မြို့လုံးကျွတ် စစ်ဆေးမှုပြုလုပ်သည့် ပထမဦးဆုံးမြို့ဖြစ်လာခဲ့သည်။

ကိုဗစ်-၁၉ ရောဂါစစ်ဆေးမှု ခံယူရသူအားလုံး သီးခြားခွဲနေထိုင်ရမည့်ကာလကို ၁၄ ရက်မှ ခုနစ်ရက်သို့ လျှော့ချထားပြီး အင်္ဂလန်တစ်နိုင်ငံလုံးကို အသွားအလာ ကန့်သတ်ထားမှု ပြုထားပြီးဖြစ်သည်။ လီဗာပူးမြို့နေ ပြည်သူများအားလုံး ကိုဗစ်-၁၉ ရောဂါ စစ်ဆေးမှုကို လာမည့်နိုဝင်ဘာ ၆ ရက်မှ စတင်မည်ဖြစ်ကာ ပြည်သူများ အားလုံး လာရောက်စစ်ဆေးခံခြင်း ရှိ၊ မရှိဆိုသည်နှင့် နေအိမ်တွင်းနေထိုင်ခြင်း ရှိ၊ မရှိ ဆိုသည်တို့ကို အသေးစိတ်စောင့်ကြည့်ရေးအတွက် စစ်တပ်အင်အား အသုံးပြုဖြန့်ကြက်ထားမည်ဖြစ်သည်။

ရောဂါဖြစ်ပွားသူများကို ချိပ်ပိတ်စာအိတ်ဖြင့် အကြောင်းကြားမည်ဖြစ်ပြီး ထိုသူများက ၎င်းတို့ဘာသာ အိမ်ထဲမှာပင် သီးခြားခွဲနေထိုင်ရမည်ဖြစ်သည်။ ဗြိတိန် ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်က ရောဂါပိုး ရှိ၊ မရှိ မြို့လုံးကျွတ် စစ်ဆေးခြင်းဖြင့် ရောဂါလက္ခဏာပြသခြင်း မရှိသူများကို ဖော်ထုတ်နိုင်ပြီး ထိုသူများမှတစ်ဆင့် ရောဂါ ကူးစက်မှုနှုန်းကိုလည်း ထိန်းချုပ်နိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

အီတလီနိုင်ငံ ဗိုမြို့သည် ကိုဗစ်ရောဂါ စစ်ဆေးမှု မြို့လုံးကျွတ်လုပ်ဆောင်သည့် ကမ္ဘာ့ပထမဆုံးဒေသ ဖြစ်သည်။ လူဦးရေ ၅ ဒသမ ၄ သန်းသာရှိသည့် ဆလိုဗက် ကီးယားနိုင်ငံက နိုင်ငံတစ်ဝန်းရှိ ပြည်သူများအားလုံးကို ကိုဗစ်-၁၉ ရောဂါ စစ်ဆေးရန် စီစဉ်နေပြီး နိုင်ငံ့လူဦးရေ သုံးပုံနှစ်ပုံကို ရောဂါစစ်ဆေးထားအပြီးတွင် စစ်ဆေးမှု၏ ၁ ဒသမ ၀၆ ရာခိုင်နှုန်း ၃၈၃၅၉ တွင် ရောဂါပိုးတွေ့ရှိခဲ့ ကြောင်း သိရသည်။

ကိုးကား- ဂါးဒီးယန်း

ဘာသာပြန်-မေလဲ့သင်း