ကူးစက်မြန်အသွင်ပြောင်း ကိုရိုနာဗိုင်းရပ်စ်ပိုး မြန်မာမှာ မတွေ့သေး

09-Jan-2021

ဥရောပနိုင်ငံတွေနဲ့ အိမ်နီးချင်းနိုင်ငံတွေမှာ တွေ့ရှိထားတယ်ဆိုတဲ့ အဆပေါင်း ၇၀ လောက် ကူးစက်မြန်တဲ့ ကိုရိုနာဗိုင်းရပ်စ် အသွင်ပြောင်းမျိုးစိတ်သစ်ကို မြန်မာနိုင်ငံမှာ မတွေ့ရသေးဘူးလို့ ဆေးသုတေသနဦးစီးဌာန သုတေသန ပြုချက်တွေအရ ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနဲ့ ကုသရေး ဦးစီးဌာနမှူး ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ထွန်းမြင့် က RFA ကို ပြောပါတယ်။

အင်္ဂလန်နိုင်ငံမှာ အဲဒီ ဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ် မျိုးစိတ်သစ် တွေ့ရှိထားတယ်လို့ ဒီဇင်ဘာ ၁၄ ရက်က စပြီး ကြေညာထားပါတယ်။ အင်္ဂလန်က ပြန်လာတဲ့သူတွေကိုလည်း ဒီဇင်ဘာ ၃၁ ရက်ကစပြီး အဝင်မခံဘူးလို့ ပြောပါတယ်။

ဒီဇင်ဘာ ၂၁ ရက်မှာ ကျန်းမာရေးဝန်ကြီးဌာနက မြန်မာနိုင်ငံမှာလည်း ကိုရိုနာဗိုင်းရပ်စ်ပိုး ဗီဇ ပြောင်းနေ ပြီလား ဆိုတာကို ဆေးသုတေသနဦးစီးဌာနက ရန်ကုန်၊ မန္တလေး နဲ့ ပဲခူး စတဲ့ မြို့တွေကနေ ဓာတ်ခွဲ နမူနာတွေကို စစ်ဆေးတဲ့အခါ ဗီဇပြောင်းလဲတာ မရှိသေးတာကို တွေ့ရတယ်လို့ ဒေါက်တာ ထွန်းမြင့် က ပြောပါတယ်။

အဆ ၇၀ လောက်အထိ ကူးစက်မြန်တဲ့ မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်ဟာ ဥရောပနိုင်ငံတွေအပြင် ဂျပန်၊ စင်ကာပူ၊ ဟောင်ကောင်၊ မလေးရှား နဲ့ အိန္ဒိယနိုင်ငံတွေမှာပါ ကူးစက်နေတာတွေ့ရတဲ့အတွက် ပြည်ပက ဝင်ရောက်လာသူအားလုံးကို ၁၄ ရက် စောင့်ကြည့်စင်တာတွေမှာ ထားပါတယ်။ ဓာတ်ခွဲ နမူနာကိုလည်း နှစ်ကြိမ်ယူပြီး စစ်ဆေးနေတာပါ။

မြန်မာနိုင်ငံမှာ ဇန်နဝါရီ ၈ ရက်နေ့တရက်တည်းမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူအသစ် ၇၁၁ ယောက်၊ ဆေးရုံဆင်းခွင့်ရသူ ၈၂၈ ယောက်နဲ့ သေဆုံးလူနာ ၁၃ ယောက်ရှိပါတယ်။ ကူးစက်ခံရသူ စုစုပေါင်းဟာ ၁ သိန်း ၂ သောင်းကျော်ရှိပြီး သေဆုံးလူနာကတော့ ၂၈၁၂ ယောက်ရှိပါတယ်။

RFA Burmese