ပုသိမ်မှာ ၇ ရက်အတွင်း ကိုဗစ်ဒဏ်ကြေး ၄၅ သိန်းကျော် ရရှိ၊ ပိုးတွေ့လူနာ ရာဂဏန်းတိုးလာ

19-Dec-2020

ပုသိမ်မြို့မှာ Stay Home အမိန့်ကို တိတိကျကျဆောင်ရွက်ရာမှာ နေအိမ်အပြင်ထွက်ကတ် မပါသူတွေနဲ့ Mask မတပ်သူတွေ ဆီကနေ ခုနှစ်ရက်အတွင်း ဒဏ်ကြေး ၄၅ သိန်းကျော် ရရှိခဲ့တယ်လို့ မြို့နယ်ကိုဗစ်ကော်မတီကနေ သိရပါတယ်။

ဒီဇင်ဘာလ ၁၁ ရက်နေ့ ကနေ ၁၇ ရက်နေ့အထိ ခုနှစ်ရက်အတွင်း ဒဏ်ကြေး ၄၅ သိန်းကျော်ရရှိပြီလို့ ပုသိမ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရာဇာအေး က ပြောပါတယ်။

“ဒီနေ့အထိ လူအယောက်ပေါင်း ၁၅၁၀ ပေါ့၊ ဒဏ်ကြေးကတော့ ဝင်ထွက်ကတ် စုစုပေါင်းဆိုရင် ၄၅ သိန်း သုံးသောင်းခုနှစ်ထောင့်ရှစ်ရာ အထိ ရနေပြီပေါ့။ ဒဏ်ကြေးအနေနဲ့ ကလေ။ နေ့အလိုက်ကတော့ ၁၁ ရက်နေ့က စပြီး ရတာပေါ့။ ၁၁ ရက်နေ့က ၁၄ သိန်းကျော်ကနေ စရပြီး တစ်ရက်ပြီး တစ်ရက်တော့ ကျလာတယ်။ မနေ့က အထိဆိုရင် ကျနော်တို့ နှစ်သိန်း နှစ်သောင်း ခြောက်ထောင်ပဲ ရတယ်။ စုစုပေါင်း ၄၅ သိန်းကျော်လောက် ရရှိပါပြီ"

ပုသိမ်မြို့မှာ စစ်ဆေးရေးဂိတ် ၁၅ ခုဖွင့်ပြီး နေအိမ်အပြင်ထွက်ကတ် မပါရင် ဒဏ်ငွေ သုံးထောင်ကျပ်နဲ့ Mask မတပ်ပါက ဒဏ်ငွေ ၂၀၀ ကျပ် တို့ကို ဒီဇင်ဘာလ ၁၁ ရက်နေ့ ကနေ ၂၄ ရက်နေ့ အထိ စိစစ်အရေးယူနေတာပါ။

ရရှိလာတဲ့ ကိုဗစ်ဒဏ်ကြေးတွေရဲ့ နှစ်ဆယ်ရာခိုင်နှုန်းကို စစ်ဆေးရေးဂိတ်တွေရဲ့ အုပ်ချုပ်မှု ကုန်ကျစရိတ်အဖြစ် သုံးစွဲပြီး ကျန်တဲ့ ၈၀ ရာခိုင်နှုန်းကို တိုင်းအစိုးရကို အပ်နှံမှာ ဖြစ်တယ်လို့ ဦးရာဇာအေး က ပြောပါတယ်။

ပုသိမ်မြို့မှာ ဒီဇင်ဘာလ ၁၁ ရက်နေ့က ပိုးတွေ့လူနာ ၃၃၃ဦးသာ ရှိခဲ့ပေမယ့် ၁၈ ရက်နေ့ မနက်ပိုင်းမှာတော့ ပိုးတွေ့လူနာ ၄၃၀ ရှိလာတယ်လို့ ဧရာဝတီတိုင်းအစိုးရအဖွဲ့ရဲ့ အချက်အလက်တွေအရ သိရပါတယ်။

ပိုးတွေ့လူနာ ရာဂဏန်း တိုးလာသလို ဒီဇင်ဘာလ ၁၁ ရက်နေ့က ပုသိမ်မြို့မှာ ကုသဆဲ လူနာ ၅၇ ဦး ကနေ ၁၈ ရက်နေ့ မနက်ပိုင်းမှာတော့ ကုသဆဲလူနာ ၁၂၁ဦး ရှိလာပြီ ဖြစ်တယ်လို့ တိုင်းအစိုးရရဲ့ အချက်အလက်တွေမှာ ဖော်ပြထားပါတယ်။ စည်းကမ်း တင်းကျပ်လိုက်ပေမယ့် ပိုးတွေ့လူနာတွေ ဆက်ရှိနေတဲ့ အခြေအနေကို ဦးရာဇာအေး က အခုလို ပြောပါတယ်။

“အထူးသဖြင့် ရန်ကုန်ကလာတဲ့ ကားတွေပေါ့။ အဲ့ဒီကားတွေက ကျနော်တို့ Test kit နဲ့ တော့ ကျနော်တို့ စစ်တယ်။ စစ်ပြီးရင် သူတို့က ဈေးတွေကို ဝင်ပြီး ကုန်လိုက် ဖြန့်တာတွေ၊ ဘာတွေ ရှိတယ်။ အဲ့ဒီကနေပြီးတော့ ပိုးတွေ့လူနာက များလာတာပေါ့။ နောက်တစ်ခုက ဈေးတွေမှာ ကူးစက်မှု များလာတာ တွေ့ရပါတယ်။ အဲ့ဒါကလည်း ကျနော်တို့ ထိန်းချုပ်တဲ့အချိန်က အခုမှ ပိုမိုတင်းကျပ်လိုက်တဲ့ အနေအထားတစ်ခုပေါ့။ နဂိုက ကတည်းက ပိုးက ပျံ့နေတာကို ကျနော်တို့ ထိန်းချုပ်တာဖြစ်တဲ့အတွက် ပိုးက တွေ့နေဦးမှာပဲ"

ဒီဇင်ဘာလ ၁၇ ရက်နေ့မှာ ပိုးတွေ့လူနာ ၂၂ ဦး တွေ့ရှိခဲ့ပြီး ကျန်မာရေးဝန်ထမ်း ဆရာဝန်၊ ဆရာမ ၂၀ လောက်က ကွာရန်တင်း ဝင်နေရတာတွေ၊ Lock down မှာ ပိတ်မိတာတွေ ရှိနေတယ်လို့ ပုသိမ်ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာသန်းမင်းထွဋ် က သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားထားပါတယ်။

ဒါ့အပြင် အသစ်ထပ်ဖွင့်ရမယ့် ကိုးသိန်းဆေးရုံမှာ တာဝန်ထမ်းဆောင်မယ့် ကျန်းမာရေးဝန်ထမ်းတွေ ကွာရန်တင်း ဝင်နေရလို့ ထပ်တိုးလာတဲ့ ပိုးတွေ့လူနာတွေကို ပုသိမ်တိုင်းရင်းဆေးရုံမှာ ကုတင်တွေ ထပ်ထည့်ပြီး ကုသပေးနေရတယ်လို့လည်း ရေးသားထားပါတယ်။

ပုသိမ်မြို့ သာသနာ့ဗိမ္မာန်မှာ ဖွင့်ထားတဲ့ Fever clinic က သံသယလူနာတွေက တဆင့် ပိုးတွေ့လူနာတွေ့ရှိတာလည်း များလာတယ်လို့လည်း လူထူအခြေပြု ဖျားနာကုသရေး ဆေးခန်း တာဝန်ခံဒေါက်တာ စစ်တင် က ပြောပါတယ်။

“ပုသိမ်မြို့က တော်တော် အခြေအနေဆိုးသွားပြီ။ ကျနော်တို့ ထင်တာထက်ကို အဆတော်တော်များများ ထွက်လာတယ်။ Fever clinic မှာ ဒီဇင်ဘာလ ၁ ရက်နေ့ကနေ ၁၈ ရက်နေ့ အထိ ကျနော်တို့ ပို့တဲ့ လူနာ ၃၇ ယောက်ရှိတယ်။ နေ့တိုင်း ပို့ရတယ်။ မပို့ရတဲ့ နေ့ မရှိဘူး။ အဲ့ဒီမှာ တွေ့ရတဲ့ အတည်ပြုလူနာက ၂၆ ယောက်ဖြစ်သွားပြီ ၊ ဒါက လဝက်ပဲ ရှိသေးတယ်လေ။ ဆက်ဆက်ပြီးတော့ တိုးလာဖို့ ရှိသေးတယ်။ ဒီလကတော့ မြင့်တက်လာမယ် ထင်တယ်”

မြို့ထဲမှာ ဆေးခန်းတော်တော်များများ ပိတ်ထားလို့ ဒေသခံတွေကို Fever clinic က အခမဲ့ကုသပေးနေပြီး သံသယလူနာတွေ့ရင် ဆေးရုံကို လွှတ်ပြီး စစ်ဆေးရာကနေ ပိုးတွေ့လူနာတွေ ထွက်ပေါ်နေတာပါ။ အဲ့ဒီလို သံသယလူနာ ပို့ပြီး ကုသခိုင်းတာကနေ နိုဝင်ဘာလ တစ်လလုံးမှာ ၈ ဦးသာ တွေ့ရှိခဲ့ပေမယ့် ဒီဇင်ဘာလမှာတော့ လဝက်လောက်မှာတင် ၂၆ ဦး တွေ့ရှိနေတာပါ။

ဧရာဝတီတိုင်း တစ်တိုင်းလုံးမှာ ဒီဇင်ဘာလ ၁၁ ရက်နေ့ က ပိုးတွေ့လူနာ ၃၄၆၅ ဦးသာ ရှိရာကနေ ဒီဇင်ဘာလ ၁၈ ရက်နေ့မှာ ပိုးတွေ့လူနာ ၃၈၉၀ ရှိလာပြီး ပိုးတွေ့လူနာ လေးရာကျော်တိုးလာတယ်လို့ တိုင်းကျန်းမာရဲ့ အချက်အလက်တွေအရ သိရပါတယ်။

RFA Burmese