ပန်းသီးကိုစား အကျိုးများ

06-Oct-2020

"တစ်နေ့လျှင် ပန်းသီးတစ်လုံး စားခြင်းဖြင့် ဆရာဝန်နှင့် ခပ်ဝေးဝေး နေနိုင် သည်(ဆေးခန်းပြစရာမလိုဘဲ နေနိုင်သည်)"။ "An apple a day could keep the doctor away"ဟု ဆိုကြသည်။ အမေရိကန်နိုင်ငံ ကော်လ်နယ်တက္ကသိုလ် (Cornell University)မှ သိပ္ပံပညာရှင်များကပန်းသီးအခွံသည် ကင်ဆာဆဲလ် များကို ဟန့်တားနိုင်ခြင်း (ဝါ) သေဆုံးစေနိုင်ခြင်းစသည့် အစွမ်းသတ္တိများရှိကြောင်း ရှာဖွေတွေ့ရှိခဲ့ကြသည်။ ပန်းသီးစားခြင်းဖြင့် ကင်ဆာရောဂါကို ကာကွယ်နိုင်ကြောင်း သုတေသန လေ့လာမှုများ ပြုခဲ့ကြသည်။ ထို့အပြင် အီတလီနိုင်ငံမှ သုတေသနစာတမ်းများက ပန်းသီးစားခြင်းဖြင့် ရင်သား ကင်ဆာ(Breast Cancer)၊ အစာအိမ်နှင့်အူလမ်းကြောင်းတစ်လျှောက်ကင်ဆာများ (Digestive tract Cancers) နှင့် အူမကြီးကင်ဆာ (Colorectal Cancer) ဖြစ်ပွားမှုနှုန်းများကို လျော့ကျစေနိုင်သည်ဟု ဆိုခဲ့ကြသည်။

ပန်းသီးတွင်ပါဝင်သော Glycaemic Index(GI)သည် လျော့နည်းသည်။ ဆိုလိုသည်မှာ အခြားသော ကာဗိုဟိုက်ဒရိတ်ဓာတ်များသော အစားအသောက်များနှင့် နှိုင်းစာလျှင် အစာအိမ်နှင့် အူလမ်းကြောင်းတစ်လျှောက်တွင် ပန်းသီးသည် နှေးကွေးစွာ ဖြိုခွဲခြင်းခံကြရသဖြင့် ရုတ်တရက် သွေးတွင်းအချိုဓာတ် မြင့်မားခြင်းမျိုး မဖြစ်နိုင်ပါ။

အတန်အသင့် အရွယ်အစားရှိသော ပန်းသီးတစ်လုံးတွင် ကယ်လိုရီ ၁၀၀ ခန့်သာ ပါဝင်ပြီး အမျှင်ဓာတ် (Fibre) မြင့်မားစွာ ပါဝင်သည်။ ထို့ကြောင့် ပန်းသီးတွင်ပါဝင်သော ကယ်လိုရီဓာတ်သည် နည်းသည်ဟုဆိုနိုင်သည်။ ခန္ဓာကိုယ်အတွင်းသို့ ကယ်လိုရီများသည့်အစားအသောက်များ မဝင်ရောက်လိုပါက ပန်းသီးကို စားသုံးပေးနိုင်သည်။ စင်စစ်အမျှင်ဓာတ်သည် ပန်းသီးအတွင်းသား တွင်သာမက ပန်းသီးအခွံ(peel)တွင်ပါ ပါဝင်နေရာ အခွံနှင့် အတွင်းသား နှစ်မျိုးစလုံး စားသုံးပေးပါက အကျိုးကျေးဇူးများသည်။

ထို့အပြင် ပန်းသီးကို စားသုံးခြင်းသည် ကိုလက်စထရောကို လျော့နည်းစေသည်။ အရသာရှိသော ပန်းသီးတစ်လုံးတွင် ပါဝင်သည့် ကိုလက်စထရော ပမာဏသည်လျော့နည်းပြီး ခန္ဓာကိုယ်ရှိ မကောင်းသော သွေးတွင်းအဆီဓာတ်များ (Bad LDL cholesterol level)ကို လျှော့ချပေးနိုင်ပါသည်။ ဖလော်ရီဒါ တက္ကသိုလ်မှ စာတမ်းတစ်စောင်က ပန်းသီးခြောက် စားသုံးခြင်းဖြင့် ခြောက်လ အကြာတွင် သွေးဆုံးသည့်အမျိုးသမီးများ၏ Total cholesterol ကို ၁၃ ရာခိုင် နှုန်းခန့်နှင့် LDL cholesterol ကို ၂၄ ရာခိုင်နှုန်းခန့် လျော့နည်းစေသည်ဟု တွေ့ရှိခဲ့ကြသည်။

ပန်းသီးသည် ကိုယ်ခန္ဓာခုခံအားစနစ်(Immune system)ကိုလည်း မြှင့်တင်ပေးနိုင်သည်။ ကိုယ်ခန္ဓာ ခုခံအားစနစ်ကို အားဖြည့်ပေးသော ဗီတာမင် အေ နှင့် ဗီတာမင် စီဓာတ်( Vitamins A and C)တို့သည် ပန်းသီးတွင် ပါဝင်နေရာ ပန်းသီးစားသုံးခြင်းဖြင့် ခန္ဓာကိုယ်တွင်းသို့ ရောဂါပိုးမွှားများ အလွယ်တကူ မဝင်ရောက်နိုင်တော့ပေ။ ထိုမျှသာမက ခုခံအားစနစ်ကို အားဖြည့်ပေးသော Antioxidantဓာတ်တစ်မျိုးဖြစ်သည့် Quercetin သည်လည်း ပန်းသီးအခွံတွင် ပါဝင်နေသေးသည်။ နယူးယောက် ကော်လ်နယ်တက္ကသိုလ်မှ သုတေသနပညာ ရှင်များက Quercetin သည် ကျွန်ုပ်တို့၏ ဦးနှောက်ဆဲလ်များကို ကာကွယ်ပေး နိုင်သည်ဟု ဆိုကြသည်။ အခြားအခြားသော စာတမ်းများကလည်း ပန်းသီးဖျော်ရည်သောက်သုံးခြင်းသည် ကျွန်ုပ်တို့၏မှတ်ဉာဏ်အတွက် အထောက် အကူပြုနိုင်သည်ဟု ညွှန်းဆိုခဲ့ကြသည်။ ဆိုရလျှင် ပန်းသီးစားခြင်း၊ ပန်းသီး ဖျော်ရည်သောက်သုံးခြင်းသည် ကျွန်ုပ်တို့၏ မှတ်ဉာဏ်စွမ်းရည် လျော့နည်း ကျဆင်းခြင်းကိုလည်း ကာကွယ်ပေးနိုင်သည်။

ပန်းသီးစားသုံးခြင်းကြောင့် ရရှိသော အကျိုးကျေးဇူးများသည် များပြား လှသည်။ ထို့ကြောင့် ပန်းသီးကို "Miracle Fruit "ဟုပင် တင်စားရေးသားကြသည်။ မြန်မာနိုင်ငံတွင် ပန်းသီးသည် အလွယ်တကူ ဝယ်ယူစားသုံးနိုင်သော အသီးလည်းဖြစ်ရာ ပန်းသီးစားသုံးခြင်းဖြင့် ကျန်းမာရေးဆိုင်ရာ အကျိုးကျေးဇူး များကို ခံစားရရှိနိုင်ကြပါစေ။ ။

ကိုးကား- Reader's Digငest: October 2020

ဒေါက်တာ အောင်ညွန့်ပိုင်