အိန္ဒိယ ကိုဗစ်ကာကွယ်ဆေး စက်ရုံမီးလောင် လူ ၅ ဦးသေဆုံး

22-Jan-2021

အိန္ဒိယနိုင်ငံက ကိုဗစ် ကာကွယ်ဆေး ထုတ်လုပ်တဲ့ Serum Institute of India ကုမ္ပဏီ အဆောက်အဦးတစ်ခုမှာ မီးလောင်မှု ဖြစ်ပွား ခဲ့တာ ကြောင့် လူ ၅ ဦး သေဆုံးခဲ့ပါတယ်။ Serum Institute of India က ကမ္ဘာပေါ်မှာ ကာကွယ်ဆေး မျိုးစုံ အများဆုံး ထုတ်လုပ်တဲ့ ကုမ္ပဏီဖြစ်ပြီး လက်ရှိ ကပ်ရောဂါ တိုက်ဖျက်ရေးမှာ အရေးပါတဲ့ AstraZeneca ကိုဗစ်ကာကွယ်ဆေး သန်းချီပြီး ထုတ်လုပ်နေ တာလည်း ဖြစ်ပါတယ်။

Serum ရဲ့ အဆောက်အဦးရဲ့ စတုတ္ထနဲ့ ပဉစ္မထပ်တွေမှာ ညနေ ၂ နာရီ ၄၅ မိနစ်က မီးလောင်တဲ့သတင်းရရှိခဲ့ပါတယ်။ အဲဒီ အဆောက် အဦးမှာ ပရောဂျက် စီမံကိန်းတစ်ခု လုပ်ဆောင်နေတာဖြစ်ပြီး ကာကွယ်ဆေး ထုတ်လုပ်ခြင်းမရှိပါဘူးလို့ မီးလောင်မှု ဖြစ်ပွားခဲ့တဲ့ Pune မြို့က ရဲမင်းကြီး AMITABH GUPTA က ပြောပါတယ်။

အဲဒီ ကုမ္ပဏီ အဆောက်အဦးက အိန္ဒိယ အနောက်ပိုင်းက Pune မြို့မှာ ရှိတာပါ။ မီးကြောင့် ကိုဗစ် ကာကွယ်ဆေးထုတ်လုပ်မှု အပေါ် ထိခိုက်မှု မရှိဘူးလို့တော့ ကုမ္ပဏီ တာဝန်ရှိသူတွေက ပြောပါတယ်။

ဖြန့်ဖြူး သိုလှောင်ရလွယ်ကူတဲ့ AstraZeneca ကာကွယ်ဆေးက ကပ်ရောဂါ ထိန်းချုပ်ရေးမှာ အိန္ဒိယနိုင်ငံ အတွက်သာမက တခြား ဖွံ့ဖြိုးဆဲ နိုင်ငံတွေ အတွက် အလွန် အရေးကြီးတဲ့ ကာကွယ်ဆေး ဖြစ်ပါတယ်။ ဖွံ့ဖြိုးဆဲ နိုင်ငံတွေ အနေနဲ့ အိန္ဒိယနိုင်ငံ Serum Institute of India (SII) ကနေ အမြောက်အမြား ထုတ်လုပ်ပေးနေတဲ့ ကာကွယ်ဆေးတွေ အပေါ် မှီခိုကြရမှာပါ။

SII အမှုဆောင် အရာရှိချုပ် Adar Poonawalla ကတော့ မီးကြောင့် ကိုဗစ်ကာကွယ်ဆေး COVISHIELD ထုတ်လုပ်ရာမှာ ထိခိုက်ဆုံးရှုံးမှု မရှိဘူး ဆိုတာကို နိုင်ငံ့အစိုးရတွေနဲ့ အများပြည်သူကို အသေအချာ အာမခံ ပြောကြားလိုပါတယ်လို့ တွစ်တာမှာ ရေးထားပါတယ်။ ကြိုတင်စီမံချက်တွေနဲ့ ကာကွယ်ဆေး ထုတ်လုပ်တဲ့ စက်ရုံ အဆောက်အဦး ပေါင်းစုံထားရှိထားတယ်လို့လည်း သူက ပြောပါတယ်။

မီးကြောင့် ကာကွယ်ဆေးတိုးမြှင့် ထုတ်လုပ်ဖို့ တည်ဆောက်ထားတဲ့ စက်ရုံ အဆောက်အဦးသစ် ထိခိုက်ပုံရတာကိုတော့ တွေ့ရှိရပါတယ်။

Serum Institute က AstraZeneca ကာကွယ်ဆေး သုံးစွဲခွင့် အတည်ပြုချက် မရခင်ကတည်းက ကာကွယ်ဆေး အလုံးပေါင်း သန်း ၅၀ ကို ကြိုတင်ထုတ်လုပ်ထားတာ ဖြစ်ပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က ထောက်ခံမှုပေးထားတဲ့ တစ်ကမ္ဘာလုံး ကာကွယ်ဆေး ရရှိရေး COVAX အစီအစဉ်အတွက် နောက်ထပ် ထိုးဆေး သန်း ၂၀၀ ထုတ်လုပ်ဖို့ Serum Institute က စီစဉ်နေပါတယ်။

VOA News