ရန်ကုန်တက္ကသိုလ် အဆင့်မြှင့်တင်ရေး အတိုင်ပင်ခံ ပုဂ္ဂိုလ်ပြောကြား

02-Dec-2020

အရင်က အာရှအဆင့်မှာထိပ်တန်းမှာ ရပ်တည်ခဲ့ဖူးတဲ့ရန်ကုန်တက္ကသိုလ်ကို ပြန်လည်အဆင့်မြှင့်တင် နိုင်ဖို့အတွက် ကိုယ်ပိုင်စီမံခန့် ခွဲခွင့်ရတဲ့တက္ကသိုလ် (Autonomous University) ဖြစ်စေဖို့ ရည်မှန်းချက်ထား ဆောင်ရွက်နေတယ်လို့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

“ဒါကြောင့် ရန်ကုန်တက္ကသိုလ်ရာပြည့်ကာလမှာ သာမက ရှေ့ဆက်ပြီးတော့လည်း ရန်ကုန်တက္ကသိုလ် အဆင့်မြှင့်တင်ရေးကို အထူးအလေးပေးရမှာဖြစ်ပါတယ်။ ဒီလိုလုပ်ငန်းစဉ်တွေကို ခိုင်ခိုင်မာမာ ဆောင်ရွက်နိုင်ဖို့အအတွက် လုပ်ငန်းကော်မတီတွေ၊ လုပ်ငန်းအဖွဲ့တွေဖွဲ့စည်းပြီး မဟာစီမံကိန်း (Master Plan) တခု ရေးဆွဲအကောင်အထည်ဖော်နေပြီဖြစ်ပါတယ်။ ရန်ကုန်တက္ကသိုလ်ကို ကိုယ်ပိုင်စီမံခန့်ခွဲခွင့် ရတဲ့ တက္ကသိုလ် (Autonomous University) ဖြစ်စေဖို့ ရန်မှန်းချက်ထား ဆောင်ရွက်နေတာဖြစ်ပါတယ်။

သင်ရိးုညွှန်းတမ်းတွေကို ပြောင်းလဲနေတဲ့ ကမ္ဘာမြေကြီးနဲ့ လိုက်လျောညီထွေဖြစ်ပြီး နိုင်ငံတော်ရဲ့ လိုအပ်ချက်တွေနဲ့အအညီ ပြန်လည်ဆန်းစစ်ပြီး မွမ်းမံပြင်ဆင်သွားမယ်။”

၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ ၁ ရက်နေ့မှာကျရောက်တဲ့ ရန်ကုန်တက္ကသိုလ် နှစ် ၁၀၀ ပြည့် ရာပြည့်သဘင် အထိမ်းအမှတ် အခမ်းအနား အတွက် ဗီဒီယိုကတဆင့် ဂုဏ်ပြုစကား ပြောကြားချိန်မှာ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အခုလို ပြောသွား တာ ဖြစ်ပါတယ်။

နိုင်ငံ ခေတ်မီဖို့နဲ့ ဒေသတွင်းနဲ့ နိုင်ငံတကာမှာ သိက္ခာရှိတဲ့ နိုင်ငံတစ်နိုင်ငံ ဖြစ်ဖို့က သယံဇာတတွေအပေါ် မှီခိုနေလို့မရဘဲ ပညာ၊ ဉာဏ်၊ အတွေးအခေါ် နဲ့ ပြည့်စုံတဲ့ လူသား အရင်းအမြစ်တွေနဲ့ တည်ဆောက်မှ ရေရှည်တည်တံ့တဲ့ ဖွံ့ဖြိုးတိုးတက်မှု ရှိမယ်လို့လည်း ပြောပါ တယ်။

တိုင်းရင်းသားတွေကြား ယုံမှား သံသယ ကင်းတဲ့ ဒီမိုကရေစီနိုင်ငံနဲ့ ဖက်ဒရယ်ပြည်ထောင်စု ဖြစ်ပေါ်လာဖို့နဲ့ ပညာရည် ပြည့်ဝပြီး အမြင်ကျယ် သဘောထား ကြီးတဲ့ လူ့ အသိုင်းအဝိုင်း ပေါ်ထွက်လာရဖို့ ပညာရေး ကဏ္ဍမှာ ဦးစားပေးရတာလို့လည်း ပြောပါတယ်။

ရန်ကုန် တက္ကသိုလ်ဟာ သမိုင်းရဲ့ တောင်းဆိုမှုအရ မြန်မာ့ ပညာရေး၊ နိုင်ငံရေးနဲ့ လွတ်လပ်ရေးတို့အတွက် ဆုံမှတ်တစ်ခု ဖြစ်တယ်လို့ လည်း ပြောပါတယ်။

မြန်မာ့ လွတ်လပ်ရေးမှာ ပါဝင်ခဲ့တဲ့ ရန်ကုန် တက္ကသိုလ်ကျောင်းသားတွေရဲ့ အခန်း ကဏ္ဍကို အလေးပေး ပြောဆိုသွားခဲ့ပေမယ့် ၁၉၈၈ ခုနှစ်နဲ့ တစ်ခြား ဒီမိုကရေစီ တောင်းဆို တိုက်ပွဲဝင်မှုတွေကိုတော့ ထည့်သွင်း ပြောကြားခြင်း မရှိပါဘူး။

VOA News