တွန်းဇံ မဲပြားပိုတဲ့ကိစ္စ ကွန်ပျူတာ မှားယွင်းမှုကြောင့်လို့ ကော်မရှင်ကရှင်း

10-Nov-2020

ချင်းပြည်နယ် တွန်းဇံမြို့နယ်မှာ ဆန္ဒမဲရလဒ်တွေဟာ မဲပေးခွင့်ရှိသူထက် ကျော်လွန်နေတယ်ဆိုတဲ့ ရုံးတွင်းစာတစ်စောင် ဖေ့ဘုတ်မှာ ပျံ့နှံ့နေတာကြောင့် ဝေဖန်မှုတွေရှိနေပြီး အဆိုပါကိစ္စဟာ ကွန်ပျုတာ စာရင်းသွင်း အိပ်ဇဲစနစ် မှားယွင်းမှုကြောင့် ဖြစ်တယ်လို့ ချင်းပြည်နယ် ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးအုပ်နောလ်က ဘီဘီစီကို ပြောပါတယ်။

ဒီကိစ္စဟာ တွန်းဇံမြို့နယ်က ကိုယ်စားလှယ်လောင်းတစ်ဦးထဲမှာ နှစ်ဆဖြစ်ခဲ့တာမဟုတ်ဘဲ ကျန်တဲ့ ကိုယ်စားလှယ်တွေမှာလည်း ဖြစ်ခဲ့တယ်လို့ သူကပြောပါတယ်။

နောက်ဆုံးမဲစာရင်း ပြုစုလို့မပြီးခင်မှာဘဲ မဲစာရင်းရှိ လူဦးရေထက် မဲပေးတဲ့လူဦးရေက များပြားနေတယ်လို့ ဆိုကာ ရဲတပ်ဖွဲ့က သက်ဆိုင်ရာ ချင်းပြည်နယ် ရွေးကောက်ပွဲ လုံခြုံရေးဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီကို တင်ပြခဲ့ပြီး အဲဒီတင်ပြချက်ကို လူမှုကွန်ရက်မှာ ဖြန့်ဝေခဲ့တာကြောင့် မဲမသာမှု ပုံစံမျိုးတွေ စွပ်စွဲမှု ရှိလာခဲ့တာဖြစ်ပါတယ်။

အဆိုပါ ရုံးစာမှာ ၂၀၂၀ ခုနှစ် နိုဝင်ဘာ ၈ ရက်က ပြုလုပ်ခဲ့တဲ့ အထွေထွေရွေးကောက်ပွဲမှာ ချင်းပြည်နယ် တွန်းဇံမြို့နယ်၊ မဲဆန္ဒနယ်အမှတ် ၂ မှာ ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်က ဦးပေါင်လွန်မင့်ထန် ( ပြည်နယ်လူမှုရေးဝန်ကြီး)၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက ဦးထန်ဆွင်းဇမ်း၊ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက ဦးဂိုးဒိတ်ပြောင်း၊ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီက ဦးပုမ်းဒိုးကမ်းနဲ့ ဇိုတိုင်းရင်းသားဒေသ ဖွံ့ဖြိုးရေးပါတီက ဦးပေါင်ရှင်းတို့ ၅ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး မဲရလဒ် ပုံစံ ၁၆ နဲ့ ရေးသွင်းပြုစုရာမှာ မဲပေးခွင့်ရှိသူ ၈၀၄၃ ဦး ရှိခဲ့သော်လည်း ဦးပေါင်လွန်မင့်ထန်က ၇၂၇၄ မဲ ဦးထန်ဆွင်းဇမ်က ၅၄၄၄ မဲ ရရှိခဲ့ပြီး မဲပေးပိုင်ခွင့်ရှိသူ ဦးရေထက် ၄၆၇၅ ဦး များပြားနေတယ်လို့ ဖော်ပြထားတာဖြစ်ပါတယ်။

တွန်းဇံမဲဆန္ဒနယ် အမှတ်၂ မှာ အနိုင်ရပါတီ ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ် အနေနဲ့ အဲဒီစာရွက်ကို ဖေ့ဘုတ် တင်တဲ့သူတွေအပြင် သက်ဆိုင်ရာတာဝန်ရှိသူတွေကို ဥပဒေကြောင်းအရ အရေးယူဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။

နောက်ဆုံး အတည်ပြုမဲရလဒ် အရ ကျန်ကိုယ်စားလှယ်တွေကလည်း အတည်ပြု လက်မှက်ရေးထိုးခဲ့ပြီး တွန်းဇံမဲဆန္ဒနယ် အမှတ် ၂ မှာ လက်ရှိ ချင်းပြည်နယ် လူမှုရေး ဝန်ကြီးပေါင်လွန်မင့်ထန်က ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်က အနိုင်ရရှိခဲ့တယ်လို့လည်း ကော်မရှင်ကပြောပါတယ်။

ရွေးကောက်ပွဲ လုံခြုံရေးဆိုင်ရာစီမံခန့်ခွဲမှုကော်မတီကို တိုင်းနဲ့ ပြည်နယ်သီးသီးမှာ ဖွဲ့စည်းထားပြီး လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီးတွေက ခေါင်းဆောင်ဖြစ်ကာ တိုင်းရဲတပ်ဖွဲ့မှူးတွေက အတွင်းရေးမှူးတွေ ဖြစ်တယ်လို့ သိရပါတယ်။

အဲဒီဖြစ်စဉ်ကို သတင်းတင်ပြခဲ့တဲ့စာကို လူမှုကွန်ရက်မှာ မျှဝေကာ အာဏာရပါတီအပါအဝင် ပါတီတွေက မဲလိမ်မဲခိုးတာတွေလုပ်တယ်ဆိုပြီး ထပ်မံဖြန့်ဝေနေတာလည်းရှိပါတယ်။

အဲဒီတွန်းဇံမဲဆန္ဒနယ်အမှတ် ၂မှာ ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်က ဦးပေါင်လွန်မင့်ထန်က အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ဝင်ရောက်ယှဉ်ပြိုင်သူ ဦးထန်ဆွင်းဇမ်းကို မဲ ၈၀ ကျော်အသာနဲ့ အနိုင်ရရှိခဲ့ကာ ကိုယ်စားလှယ် အားလုံး သဘောတူလတ်မှတ်လည်းထိုးခဲ့ပြီးပြီလို့ ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်ပါတီ အထွေထွေအတွင်းရေးမှူး ဦးပူဂင့်ဂမ်းလျန်က ဘီဘီစီကိုပြောပါတယ်။

လူမှုကွန်ရက်မှာတော့ အခုလို ဖြစ်စဉ်ကိုထောက်ပြပြီး အခြားမဲဆန္ဒနယ်တွေမှာ လည်း အလားတူ ဘယ်လောက်ဖြစ်နေမလဲဆိုပြီး အတည်ပြုပြီး ရွေးကောက်ပွဲရလာဒ်ဆိုင်ရာ အငြင်းပွားစရာ သတင်းမျိုးတွေကို ထပ်ဆင့်ဝေမျှတာတွေလည်း တွေ့နေရပါတယ်။

ချင်ပြည်နယ်က ပြည်သူ့လွှတ်တော် အမျိုးသားလွှတ်တော် ပြည်နယ်လွှတ်တော် စုစုပေါင်း၃၉ နေရာမှာ လက်ရှိအမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က နေရာ ၃၆ နေရာနဲ့ အများစုအနိုင်ရခဲ့တယ်လို့ လည်းသိရပါတယ်။

ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်ကတော့ အခုဖြစ်စဥ်နဲ့ ပတ်သက်ပြီး ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၆ (ဃ) နဲ့တရားစွဲမယ်လို့ လည်း ဘီဘီစီကိုပြောပါတယ်။

Crd BBC News

ယခုကဲ့သို့ နောက်ဆုံးရသတင်းများနှင့် သိရှိလိုသော ဒေသဆိုင်ရာအချက်အလက်များကို www.winnetmyanmar.com နှင့် winnetmyanmar Facebook Page တို့တွင် ဝင်ရောက်ဖတ်ရှု ရေးသား ဆွေးနွေးနိုင်ပါသည်။