အိမ်ဖြူတော်က ဒုတိယသမ္မတတစ်ဦးရဲ့ ပထမဆုံးခင်ပွန်းသည်

15-Nov-2020

အမေရိကန် ဒုတိယသမ္မတ ဖြစ်လာတော့မယ် ဆိုတာကို သိလိုက်တဲ့အချိန် ကာမလာ ဟားရစ် ပျော်ရွှင် မြူးတူး အောင်ပွဲခံနေတဲ့ ဓာတ်ပုံဟာ သုံးကြိမ်သုံးခါ သမိုင်းတင်ရမယ့် ပုံ ဖြစ်ခဲ့ပါတယ်။

လာမယ့် ဇန်နဝါရီလကျရင် သူဟာ ပထမဆုံး အမျိုးသမီး ဒုတိယသမ္မတ၊ ပထမဆုံး လူမည်း ဒုတိယသမ္မတ၊ ပထမဆုံး အိန္ဒိယနွယ်ဖွား ဒုတိယသမ္မတ ဆိုတဲ့ ပထမဆုံးတွေ ဖြစ်လာတော့မှာမို့ပါ။

ဒါပေမဲ့ အဲဒီဓာတ်ပုံကို ရိုက်ပေးခဲ့သူဟာလည်း သမိုင်းတွင်မယ့်သူ ဖြစ်လာပါလိမ့်မယ်။ သူကတော့ အမေရိကန် ဒုတိယသမ္မတတစ်ဦးရဲ့ ပထမဆုံး ခင်ပွန်းသည် ဖြစ်လာမယ့် မစ္စ ဟားရစ်ရဲ့ ခင်ပွန်း ဒေါက်ကလပ်စ် အမ်ဟော့ဖ်ပါ။

အသက် ၅၆ နှစ်အရွယ် မစ္စတာ အမ်ဟော့ဖ် ဟာ မစ္စဟားရစ်ရဲ့ နိုင်ငံရေးအသွင်တူတဲ့ ခင်ပွန်းတစ်ဦးအဖြစ် ကျေကျေနပ်နပ် ပါဝင်လှုပ်ရှားခဲ့ပုံ တွေ့ရပါတယ်။ မစ္စဟားရစ် မဲဆွယ် လှုပ်ရှားခဲ့စဉ်အတွင်း သူ့ကိုလည်း လူကြိုက်များလာကြပါတယ်။ သူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာတွေဟာ ဇနီးသည်အတွက် အလွတ်သဘော မဲဆွယ်ပေးတဲ့ ဖန်ပေ့ဂျ်တွေ ဖြစ်ခဲ့ပါတယ်။

မစ္စတာ အမ်ဟော့ဖ် ဟာ သြဂုတ်လတုန်းက ဂျိုး ဘိုင်ဒန်နဲ့ ကာမလာ ဟားရစ် အတွက် ရွေးကောက်ပွဲ အချိန်ပြည့် မဲဆွယ်ပေးဖို့အတွက် သူ့ရဲ့ ဥပဒေအကျိုးဆောင် အလုပ်ကနေ ခွင့်ရက်ရှည် ယူမယ်လို့ ထုတ်ဖော်ကြေညာခဲ့ပါတယ်။

"သူ့ကို ကြည့်ရတာ မဲဆွယ်ပွဲမှာ ကိုယ်ရော စိတ်ပါ နှစ်ပြီး လုပ်နေပုံပဲ" လို့ မစ္စတာ အမ်ဟော့ဖ်နဲ့ ကာလတာရှည် ရင်းနှီးခဲ့တဲ့ မိတ်ဆွေလည်းဖြစ် ဥပဒေအကျိုးဆောင် မိတ်ဖက်ဟောင်းလည်း ဖြစ်တဲ့ အာရွန် ဂျက်ကော့ဘီ က ပြောပြပါတယ်။

"သူမကျွမ်းကျင်တဲ့ ပတ်ဝန်းကျင်မှာ အစိမ်းသက်သက် ဖြစ်နေမယ်လို့ ထင်မိကြမှာပါ။ အဲလို မဟုတ်ဘဲ မဲဆွယ်ပွဲမှာ သူပျော်ပျော်ကြီး ပါဝင် လှုပ်ရှားနေတာ တွေ့ရမှာပါ"

အခု ဂျိုး ဘိုင်ဒန်နဲ့ ကာမလာ ဟားရစ် တို့ အိမ်ဖြူတော်မှာ နေရာယူဖို့ ပြင်ဆင်နေကြချိန်မှာ မစ္စတာ အမ်ဟော့ဖ် ပါဝင်မယ့် အခန်းကဏ္ဍက ကျား-မ တန်းတူညီမျှရေးအတွက် ရှေ့တိုးလုပ်ဆောင်မှု တစ်ခု အဖြစ်နဲ့ရော ဘယ်လောက် ဆက်လုပ်စရာ ရှိနေသလဲ ဆိုတာကိုပါ ထင်ဟပ်ပြနေဖွယ် ရှိပါတယ်။

၂၀၁၃ ခုနှစ်တုန်းက လော့စ်အိန်ဂျယ်လိစ်မြို့ အနုပညာ ဖျော်ဖြေရေးလောကရဲ့ ဥပဒေ အကျိုးဆောင်တစ်ဦး ဖြစ်သူ မစ္စတာ အမ်ဟော့ဖ်ကို ကယ်လီဖိုးနီးယားပြည်နယ် ရှေ့နေချုပ် ကာမလာ ဟားရစ်နဲ့ လူချင်းမမြင်ဖူးဘဲ ချိန်းတွေ့ဖို့ ကြားလူက စီစဉ်ပေးခဲ့ပါတယ်။

စိတ်လှုပ်ရှားစိုးရိမ်နေတဲ့ မစ္စတာ အမ်ဟော့ဖ်က သူတို့ ပထမဆုံးအကြိမ် ချိန်းတွေ့ဖို့ကိစ္စကို မစ္စ ဟားရစ်ရဲ့ ဖုန်းထဲမှာ အသံတုန်တုန်နဲ့ မက်ဆေ့ဂျ် ထည့်ထားခဲ့တယ်လို့ မစ္စတာ အမ်ဟော့ဖ် က ပြန်ပြောပြပါတယ်။

ညစာ အတူစားခဲ့ကြပြီးပြီးချင်း နောက်တစ်နေ့မှာပဲ မစ္စတာ အမ်ဟော့ဖ် က နောက်လာမယ့်လပိုင်း သူအားနိုင်တဲ့ ရက်တွေအားလုံးကို မစ္စဟားရစ်ဆီ အီးမေးလ် ရေးပို့ခဲ့တယ်လို့ မစ္စဟားရစ် က The Truths We Hold ဆိုတဲ့ သူ့ရဲ့ ၂၀၁၃ ခုနှစ်အတွင်း အမှတ်တရ အဖြစ်အပျက်တွေအကြောင်း စာအုပ်ထဲမှာ ရေးထားပါတယ်။ ကျွန်တော်က ပလီပလာ ပြောရမယ့် အရွယ် မဟုတ်တော့ဘူး။ ခင်ဗျားကို တကယ့်ကို မေတ္တာရှိနေပါတယ်။ ချစ်ခရီး ရှေ့ဆက်နိုင်မလားဆိုတာ သိချင်ပါတယ်" ဆိုပြီး မစ္စတာ အမ်ဟော့ဖ် က ပြောခဲ့ပါတယ်။

အဲဒီနောက် တစ်နှစ်တောင် မကြာဘဲ သူတို့နှစ်ဦး ဆန်တာ ဘာဘာရာမြို့ တရားရုံးတစ်ခုမှာ မစ္စဟားရစ်ရဲ့ အိန္ဒိယထုံးစံရော၊ မစ္စတာ အမ်ဟော့ဖ်ရဲ့ ဂျူးဘာသာပါ ပါတဲ့ အခမ်းအနား တစ်ခု ကျင်းပပြီး လက်ထပ် ထိမ်းမြားခဲ့ကြပါတယ်။ သူတို့ ပထမဆုံးအကြိမ် ချိန်းတွေ့ဖို့ မစ္စတာ အမ်ဟော့ဖ် က အသံတုန်တုန်နဲ့ ပြောခဲ့တဲ့ ဖုန်းမက်ဆေ့ဂျ်ကို မစ္စဟားရစ် က သိမ်းထားပြီး သူတို့ မင်္ဂလာနှစ်ပတ်လည်နေ့ ရောက်တိုင်း နှစ်စဉ် ပြန်ဖွင့်ပြလေ့ ရှိပါတယ်။

သူတို့ရဲ့ အိမ်ထောင်သက်တမ်း တလျှောက်လုံး မစ္စဟားရစ် ဟာ မစ္စတာ အမ်ဟော့ဖ်ရဲ့ ပထမ ဇနီး ကာစတင် အမ်ဟော့ဖ်နဲ့ ရခဲ့တဲ့ သားသမီး နှစ်ယောက် ဖြစ်တဲ့ ကိုးလ်နဲ့ အယ်လာ တို့ကို အတူ ပြုစု စောင့်ရှောက်လာခဲ့ ပါတယ်။ မစ္စတာ အမ်ဟော့ဖ်ရဲ့ ပထမဇနီး ကာစတင် ဟာ Prettybird ကုမ္ပဏီကို ပူးတွဲတည်ထောင်သူလည်းဖြစ် အမှုဆောင်ချုပ်လည်း ဖြစ်ပါတယ်။

မစ္စတာ အမ်ဟော့ဖ်ရဲ့ ကလေးနှစ်ဦးကို တွေ့ခဲ့ချိန်မှာ ချစ်ခင်တွယ်တာသွားခဲ့တယ်လို့ မစ္စဟားရစ်က ပြောပါတယ်။ အလားတူပဲ သူတို့လည်း မစ္စဟားရစ်ကို တွေ့တွေ့ချင်း ချစ်သွားခဲ့တယ်လို့ အသက် ၂၆ နှစ်အရွယ် ကိုးလ်က Glamour မဂ္ဂဇင်းနဲ့ မေးမြန်းခန်းတစ်ခုမှာ ပြောခဲ့ပါတယ်။ မစ္စတာ အမ်ဟော့ဖ်နဲ့ ဇနီးဟောင်းတို့ဟာ ခုချိန်ထိ ရင်းနှီးနေကြဆဲ ဖြစ်သလို မစ္စဟားရစ်နဲ့လည်း အဆင်ပြေကြတယ်လို့ မစ္စတာ အမ်ဟော့ဖ်က ပြောပါတယ်။

ရွေးကောက်ပွဲ မဲဆွယ်ဖို့ မစ္စဟားရစ် ကိုယ်တိုင်လှုပ်ရှားနေချိန်မှာ မစ္စတာ အမ်ဟော့ဖ်ရဲ့ ဇနီးဟောင်း ကာစတင်ကလည်း ဂျိုးဘိုင်ဒန်နဲ့ ကာမလာ ဟားရစ်တို့ကို ထောက်ခံကြောင်း သူ့ရဲ့ တွစ်တာပေါ်ကနေ မကြာခဏ ရေးတင်လေ့ ရှိခဲ့ပြီး သူ့ရဲ့ ဖန်တီးမှု ဝန်ဆောင်လုပ်ငန်းတွေကိုလည်း မဲဆွယ်ပွဲအတွက် ပေးသုံးခဲ့ပါတယ်။

အင်တာဗျူးတွေ၊ ဆိုရှယ်မီဒီယာတွေပေါ်မှာ မစ္စဟားရစ်နဲ့ မစ္စတာ အမ်ဟော့ဖ်တို့ ဇနီးမောင်နှံနှစ်ဦးကို တကယ့်ကို ပျော်ရွှင်ချမ်းမြေ့တဲ့ အိမ်ထောင်ဘက်တွေအဖြစ် တွေ့ရမှာပါ။

"သူတို့ဟာ အပြင်မှာ မြင်ရတဲ့အတိုင်း တကယ်လည်း တစ်ဦးကို တစ်ဦး ချစ်ခင်ကြင်နာကြပါတယ်။ တကယ်ပဲ ချစ်ကျွမ်းဝင်နေကြတယ် ဆိုတာ မှားစရာ မရှိပါဘူး"လို့ မစ္စတာ အမ်ဟော့ဖ်ရဲ့ မိတ်ဆွေအရင်းအချာလည်းဖြစ်၊ လုပ်ဖော်ကိုင်ဖက်ဟောင်းလည်း ဖြစ်တဲ့ အဲလက်စ် ဝိန်းဂါတန် က ပြောပြပါတယ်။

၂၀၁၆ ခုနှစ်မှာ ဆီးနိတ်အမတ်အဖြစ် မစ္စဟားရစ် ဝင်ပြိုင်ချိန်မှာ မစ္စတာ အမ်ဟော့ဖ်ဟာ နိုင်ငံရေးသမားတစ်ဦးရဲ့ ကြင်ဘက်တစ်ဦးအဖြစ် မဲဆွယ်မှုတွေမှာ ပထမဆုံးအကြိမ် ပါဝင်လာခဲ့တာပါ။ ဒါပေမဲ့ အဲဒီမဲဆွယ်ပွဲတွေတုန်းက သမ္မတရွေးကောက်ပွဲမှာ သူ့ဇနီး ဝင်ပြိုင်ရလောက်တဲ့အထိ အရှိန်အဟုန် ကြီးလာဖို့ကို သူလုံးဝ ပြင်မထားမိခဲ့ဘူးလို့ မစ္စတာ အမ်ဟော့ဖ် က ပြောပြပါတယ်။

၂၀၁၉ ခုနှစ် ဇန်နဝါရီလမှာတော့ ကယ်လီဖိုးနီးယားပြည်နယ် အုက်လလန်မြို့မှာ လူ ၂ သောင်းကျော်ရှေ့မှာ မစ္စဟားရစ် တရားဝင် မဲဆွယ်စည်းရုံးမှုတွေ စလုပ်ခဲ့ပါတယ်။ "အဲဒီမှာ လက်ပြ နှုတ်ဆက်ဖို့ လူတွေရှေ့ ကျွန်တော် ထွက်ခဲ့ရတယ်။ ကျွန်တော့်မှ ကြောက်လွန်းလို့ တုန်နေတာပဲ။ ကျွန်တော်တို့ ထင်တော့ လူ ၅ ထောင်လောက်ပဲ လာမယ်လို့ ထင်ခဲ့တာ"လို့ အဲဒီနေ့ကအကြောင်း မစ္စတာ အမ်ဟော့ဖ်က ပြန်ပြောပြခဲ့ပါတယ်။

အဲဒီနောက်ပိုင်း လတွေမှာ မစ္စတာ အမ်ဟော့ဖ် ဟာ ရုံးဖွင့်ရက်တွေမှာ သူ့ရဲ့ ဥပဒေအကျိုးဆောင်ကုမ္ပဏီမှာ အလုပ်လုပ်ပြီး ပိတ်ရက်တွေမှာ မစ္စဟားရစ်အတွက် နိုင်ငံတဝန်း လှည့်လည်ပြီး ကိုယ်စား မဲဆွယ်စည်းရုံးမှုတွေ လုပ်ခဲ့ပါတယ်။

ဒုသမ္မတလောင်းအဖြစ် သူ့ဇနီးသည် မဲဆွယ်စည်းရုံးဖို့အတွက် ဝန်ထမ်းတွေ၊ စာအုပ်တွေနဲ့ ရှင်းလင်းညွှန်ကြားတာတွေ ရှိပေမဲ့ သူကတော့ ဒီအတိုင်း မီးစင်ကြည့်ကခဲ့ရတယ်လို့ မစ္စတာ အမ်ဟော့ဖ်က ပြောပြပါတယ်။ အဲဒီအချိန်တွေဟာ သူ့အတွက် တကယ့်ကို ဝုန်းဒိုင်းကြဲခဲ့ရတဲ့ အစပိုင်းကာလတွေ ဖြစ်တယ်လို့ ဆိုပါတယ်။

နိုင်ငံရေး လောကထဲမှာ အစိမ်းသက်သက် ဖြစ်ပေမဲ့ မစ္စတာ အမ်ဟော့ဖ် ကတော့ နိုင်ငံရေးသမားတစ်ဦးရဲ့ လက်တွဲဖော်အဖြစ် ပျော်ရွှင်နေပုံ တွေ့ခဲ့ရပါတယ်။

မဲဆွယ်လှုပ်ရှားမှုကာလတွေမှာ သူပါ၀င်လှုပ်ရှားခဲ့ချိန်တွေကို ပြန်ပြောင်း ပြောတဲ့အခါမျိုးတွေမှာ မစ္စတာ အမ်ဟော့ဖ် ဟာ မစ်ရှီဂန်ပြည်နယ် ဖလင့်မြို့က မဲဆွယ်ပွဲငယ်လေးတွေအကြောင်း အများဆုံး ပြောပြလေ့ ရှိပါတယ်။ သူဘယ်သူတွေနဲ့ တွေ့ခဲ့သလဲ ဘာတွေ မြင်ခဲ့သလဲ ဆိုတဲ့ သူ့ကိုယ်တွေ့ မြေပြင် အတွေ့အကြုံတွေကို မစ္စဟားရစ်ရဲ့ မဲဆွယ်အဖွဲ့ဆီ ပြန်ပြောပြလေ့ ရှိပါတယ်။

အခုနှစ် ဇွန်လမှာတော့ ဆန္ဒပြသူတစ်ယောက်က မစ္စဟားရစ်ရဲ့လက်ထဲကနေ မိုက်ခရိုဖုန်းကို ဆွဲလုလိုက်ချိန်မှာ သမ္မတရွေးကောက်ပွဲ ဖိုရမ်စင်မြင့်ပေါ်ကို တက်ပြီး မစ္စဟားရစ်ကို အကာအကွယ်ပေးခဲ့တဲ့ မစ္စတာ အမ်ဟော့ဖ် ကို လူတွေ အာရုံစိုက်မိခဲ့ကြပြီး အွန်လိုင်းပေါ်မှာ သူ့အကြောင်း ပြန်ဝေမျှခဲ့ကြပါတယ်။ ဒီဖြစ်ရပ် ဗီဒီယိုထဲမှာ မစ္စတာ အမ်ဟော့ဖ်ဟာ ရှေ့ဆုံး ခုံတန်းကနေ စင်မြင့်ပေါ်ကို ပြေးတက်ပြီး သူ့ဇနီးအတွက် မိုက်ခရိုဖုန်းကို ပြန်လုခဲ့ပုံကို တွေ့ရပါတယ်။

မစ္စတာ အမ်ဟော့ဖ်မှာ နိုင်ငံရေး အတွေ့အကြုံ နည်းပါးပေမဲ့ မဲဆွယ်စည်းရုံးမှုတွေမှာတော့ ဒါက အနှောင့်အတား မဖြစ်ခဲ့ပါဘူး။

"နိုင်ငံရေးလောက အများရှေ့မှောက် သူရုတ်တရက် တွန်းပို့ခံခဲ့ရတာအပေါ် သူရော ကျွန်တော်တို့ပါ အံ့အားသင့်စရာ ရှိပေမဲ့ တကယ်တမ်းမှာ ဒါဟာ သူ့ရဲ့ ပင်ကိုယ်စရိုက်လက္ခဏာနဲ့ အရမ်းကို ကိုက်ညီနေတယ်လို့ ကျွန်တော် ထင်ပါတယ်။ သူဟာ တကယ်ပဲ ပျော်ပျော်နေတတ်သူ၊ ပြောဆိုဆက်ဆံတတ်သူ၊ သူတပါးအပေါ် အားပေးကူညီတတ်သူ တစ်ဦးပါ"လို့ သူ့သူငယ်ချင်း၊ လုပ်ဖော်ကိုင်ဖက် အာရွန် ဂျက်ကော့ဘီ ကပြောပါတယ်။

အင်တာဗျူးတွေမှာ သူ့ကိုကြည့်ရင် အေးအေးဆေးဆေးနဲ့ တကယ့် ကယ်လီဖိုးနီးယားကလူတစ်ဦးပုံ တွေ့ရမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ သူ့နဲ့ သိကျွမ်းခဲ့သူတိုင်းကတော့ သူ့ကို အံ့မခန်းစရာ လူတစ်ဦးအဖြစ် ဖော်ညွှန်းပြောလေ့ ရှိကြပါတယ်။

သူကတော့ သူ့ကိုယ်သူ သာမန်လူတစ်ဦး အဖြစ်သာ ပြောလေ့ရှိပါတယ်။

သူ့စကားအရ ဆိုရင် "ကျွန်တော်က သာမန် ငနဲတစ်ဦးပါ။ အဲဒီနောက် ကာမလာနဲ့ တွေ့ခဲ့တာပါ" တဲ့။

မစ္စတာ အမ်ဟော့ဖ် အကြောင်း ပုံဖော်ပြောပြကြဖို့ မေးကြည့်တဲ့အခါ မစ္စတာ ဂျက်ကော့ဘီကရော၊ နောက် မိတ်ဆွေ အရင်းအချာတစ်ဦးဖြစ်တဲ့ အဲလက်စ် ဝိုင်းဂါတန် ကပါ သူဟာ တကယ့် လူကောင်းတစ်ဦးပါလို့ ပြောကြပါတယ်။

"သူဟာ ဂျိုး ဘိုင်ဒန်နဲ့ ကာမလာ ဟားရစ် တို့အတွက် မဲဆွယ်မှုတွေမှာ အားသွန်ခွန်စိုက် စည်းရုံးလှုံ့ဆော်သူ တစ်ဦးလည်း ဖြစ်လာခဲ့ပြီး တရားရုံး အတွေ့အကြုံ ရင့်ကျက်သူ တစ်ဦးအတွက် သင့်တော်တဲ့ အခန်းကဏ္ဍ ဖြစ်တယ်"လို့ မစ္စတာ ဝိုင်းဂါတန် က ပြောပါတယ်။

မစ္စတာ အမ်ဟော့ဖ်နဲ့ မစ္စဟားရစ် ဟာ ဥပဒေ ဒီဂရီဘွဲ့ရတာချင်း တူကြပေမဲ့ မစ္စဟားရစ် က ပြည်နယ် အစိုးရ အမှုလိုက် ရှေ့နေအဖြစ် တန်းလုပ်ခဲ့ပြီး မစ္စတာ အမ်ဟော့ဖ် ကတော့ ဥပဒေအကျိုးဆောင် ကုမ္ပဏီလောကမှာ နှစ် ၃၀ နီးပါး ကျင်လည်ခဲ့ပါတယ်။

အဲဒီအချိန်အတွင်း မစ္စတာ အမ်ဟော့ဖ်ဟာ စီးပွားရေးနဲ့ အိမ်ခြံမြေ အကျိုးဆောင် အမှုတွေကိုလည်း ဆောင်ရွက်ခဲ့ပြီး သူ့ရဲ့ အမှုသည်တွေထဲမှာ အရိုးရောဂါ ဖြစ်စေတယ်ဆိုတဲ့ ဆေးတွေ ထုတ်ခဲ့မှုနဲ့ တရားစွဲခံခဲ့ရတဲ့ Merck ဆေးကုမ္ပဏီ၊ လက်နက်ရောင်းဝယ်တဲ့ Dolarian Capital ကုမ္ပဏီတို့ ပါခဲ့ပါတယ်။ မဲဆွယ်တဲ့အဖွဲ့ထဲမှာ မစ္စတာ အမ်ဟော့ဖ်က ကိုယ်တိုင် မှတ်ပုံတင်မထားခဲ့ပေမဲ့ သူနောက်ဆုံး လုပ်ခဲ့တဲ့ DLA Piper ဥပဒေအကျိုးဆောင် ကုမ္ပဏီက ဝါရှင်တန်မြို့မှာ မဲဆွယ်တဲ့ လုပ်ငန်းတွေကို လက်ရှိ လုပ်နေတဲ့ ကုမ္ပဏီတစ်ခု ဖြစ်ပါတယ်။

အကျိုးစီးပွား ဝိရောဓိဖြစ်မှု စွဲချက်နဲ့ တရားစွဲခံရနိုင်ဖွယ် ရှိနေတာမို့ ဘိုင်ဒန် မဲဆွယ်အဖွဲ့က မစ္စတာ အမ်ဟော့ဖ်ဟာ အုပ်ချုပ်ရေးအဖွဲ့ရဲ့ အလုပ်တွေကို အာရုံစိုက် ဆောင်ရွက်ဖို့အတွက် DLA Piper ကုမ္ပဏီကနေ ထွက်တော့မယ်လို့ အခုသီတင်းပတ်မှာ ထုတ်ဖော် ကြေညာခဲ့ပါတယ်။

မစ္စတာ အမ်ဟော့ဖ် ဟာ အမေရိကန် ရွေးကောက်ပွဲတွေမှာ ဝင်ပြိုင်ခဲ့တဲ့ သမ္မတလောင်း ဒါမှမဟုတ် ဒုတိယသမ္မတလောင်းတွေရဲ့ ခင်ပွန်းတွေထဲမှာ စတုတ္ထမြောက် ခင်ပွန်း ဖြစ်ပါတယ်။ သူ့အရှေ့မှာ ဂျယ်ရယ်လ်ဒင်း ဖာရာရို၊ ဆာရာ ပေးလင်း၊ ဟီလာရီ ကလင်တန် တို့ရဲ့ ခင်ပွန်းတွေ ရှိခဲ့ပါတယ်။

ဒါပေမဲ့ သူကတော့ အိမ်ဖြူတော်ကို အရောက်သွားနိုင်ခဲ့တဲ့ ပထမဆုံး ခင်ပွန်းသည် ဖြစ်ပြီး သူ့နေရာ အနေအထားအတွက် တရားဝင် နာမည်တောင် ပေးခဲ့ဖူးပုံ မပေါ်သေးပါဘူး။

"ဒီအကြောင်း ဘယ်သူမှ ကျွန်တော့်ကို မပြောခဲ့ဘူး။ ကျွန်တော် မသိဘူး" လို့ မစ္စတာ အမ်ဟော့ဖ် က Marie Claire မဂ္ဂဇင်းကို အောက်တိုဘာလက ပြောခဲ့ပါတယ်။ သမ္မတကတော်၊ ဒုတိယသမ္မတကတော် စသဖြင့် အမျိုးသမီးတွေပဲ ဒီနေရာမှာ ရှိခဲ့တာကို ကြည့်ခြင်းအားဖြင့် ကျားမ ခွဲခြားမှု အရမ်းကို ပေါ်လွင်နေတယ်လို့ ဗာဂျီးနီးယား တက္ကသိုလ် Miller Center က သမ္မတရေးရာ လေ့လာမှု ညွှန်ကြားရေးမှူး ဘာဘရာ ပယ်ရီက ပြောပါတယ်။

ဒါ့အပြင် အရင် သမ္မတကတော်နဲ့ ဒုတိယသမ္မတ ကတော်တွေဟာ သူတို့ ခင်ပွန်းသည်တွေရဲ့ အစိုးရအဖွဲ့အပေါ် ချီးမြှောက်တဲ့ အခြေအတင် အငြင်းပွားစရာ မဟုတ်တဲ့ ကိစ္စရပ်တွေကိုပဲ ဆောင်ရွက်လေ့ ရှိကြပါတယ်။

ဂျော့ဂျ် ဘွတ်ရှ်က ပညာရေးမူဝါဒကို တွန်းအားပေး လုပ်ခဲ့စဉ်က သူ့ဇနီး လော်ရာ ဘွတ်ရှ်က ကလေးငယ်တွေ စာတတ်မြောက်ရေးကို အားပေးလှုံ့ဆော် ဆောင်ရွက်ခဲ့ပါတယ်။ ဘားရက် အိုဘားမားက ကျန်းမာရေး ဝန်ဆောင်မှုစနစ်အတွက် စွမ်းစွမ်းတမံ လုပ်ဆောင်ခဲ့စဉ်က သူ့ဇနီး မီရှဲလ် အိုဘားမားကလည်း ကိုယ်လက်လေ့ကျင့်ခန်းနဲ့ ကျန်းမာစေတဲ့ အစားအစာတွေ စားဖို့ တိုက်တွန်း ပြောခဲ့ပါတယ်။

ဒုတိယ သမ္မတ ကတော်တွေက လူတွေရဲ့ အာရုံစိုက်ခံရမှု ပိုနည်းတဲ့အတွက် ဒုတိယ သမ္မတ ကတော် ဖြစ်ခဲ့ချိန်က ဂျေးလ် ဘိုင်ဒန်ဟာ စစ်တပ်မိသားစုနဲ့ ပညာရေးကို အဓိက ဆောင်ရွက်ခဲ့ပါတယ်။ ဒါပေမဲ့ မစ္စဟားရစ်ရဲ့ ခင်ပွန်းသည်ကတော့ သမိုင်းတွင်ပြီး လူသိများတဲ့ ပုဂ္ဂိုလ် ဖြစ်တာကြောင့် လူတွေရဲ့ အာရုံစိုက်တာကို ခံရဖို့ ရှိနေပါတယ်။ ဒုတိယသမ္မတအနေနဲ့ မစ္စ ဟားရစ်ဟာ ဆီးနိတ်လွှတ်တော်ကို ကြီးကြပ်ရဖို့ ရှိပြီး မစ္စတာ အမ်ဟော့ဖ် ကတော့ ဆီးနိတ်လွှတ်တော်အမတ်တွေရဲ့ ဇနီးခင်ပွန်းတွေအတွက် နေ့လယ်စာစားပွဲတွေ အခမ်းအနားပွဲတွေကို စီစဉ် ကြီးကြပ်ရဖို့ ရှိနေပါတယ်။

မစ္စတာ အမ်ဟော့ဖ် ဟာ အမျိုးသမီးတွေ သီးသန့် လုပ်ရလေ့ ရှိတဲ့ တာဝန်တွေကို ယူရမှာ ဖြစ်တဲ့အတွက် ဒါဟာ နိုင်ငံရေး ပုဂ္ဂိုလ်တွေရဲ့ အိမ်ထောင်ဘက်တွေအတွက် ကျား-မ တန်းတူ ညီမျှမှုကို ရှေ့ရှုတဲ့ ပထမဆုံးခြေလှမ်း တစ်ရပ် ဖြစ်လာလိမ့်မယ်လို့ မစ္စပယ်ရီ ကပြောပါတယ်။ ဇနီး၊ အိမ်ထောင်ဘက်၊ မိသားစုတွေအတွက် အမျိုးသားတွေ သူတို့ရဲ့ အလုပ်တွေကို စွန့်လွှတ်ကြတာမျိုး ကျွန်မတို့ တွေ့လေ့ သိပ်မရှိကြပါဘူး လို့ အိမ်ထောင့်တာဝန်ဟာ အမျိုးသမီးတွေအပေါ်မှာသာ ပုံကျနေဆဲ ဆိုတာကို ကမ္ဘာတဝန်း လေ့လာချက်တွေကို ကိုးကားပြီး မစ္စပယ်ရီက ပြောပါတယ်။

အခုလို ကျား-မ တာဝန်ယူမှု အခန်းကဏ္ဍ အကြောင်း ပြောဆိုနေကြတာကို မစ္စတာ အမ်ဟော့ဖ် တစ်ယောက် သတိထားမိသလားလို့ မေးကြည့်တဲ့အခါ မစ္စတာ ဂျက်ကော့ဘီက ရယ်ပြီး လူတိုင်းသိနေတာပဲဗျာ လို့ ပြန်ပြောခဲ့ပါတယ်။

"တကယ်တမ်းမှာ ဒါက ရေးကြီးခွင်ကျယ် ကိစ္စမဟုတ်ပါဘူး။ သူက လူတွေနဲ့ ထိတွေ့ဆက်ဆံပြီး ဖော်ဖော်ရွေရွေ လုပ်သွားမှာပါ။ တချိန်တည်းမှာပဲ သူလုပ်ရမယ့် ကိစ္စတွေမှာ ခိုင်မာတဲ့ ရလဒ် ရအောင် သူဆောင်ရွက်သွားပါလိမ့်မယ်"

သူ့ တကယ်တမ်း အာရုံစိုက် ဆောင်ရွက်မှာက သူတို့ဇနီးမောင်နှံရဲ့ စိတ်ဝင်စားမှုနဲ့ သူတို့အလုပ်အကိုင်တွေ ဖြစ်တဲ့ ရာဇဝတ်ကြောင်း တရားမျှတမှုပိုင်းဆိုင်ရာ ပြုပြင်ပြောင်းလဲရေးကိစ္စ ဖြစ်ပါလိမ့်မယ်။

"ဒပ်ဂ် ဟာ ကာမလာကို ထောက်ခံအားပေးဖို့ပဲ လုပ်မှာပါ။ သူက ဒုတိယသမ္မတတစ်ဦးရဲ့ ပထမဆုံးခင်ပွန်း ဖြစ်လာလိမ့်မယ် ဆိုတာ ဟုတ်ပါတယ်။ သူမတူအောင် ထူးခြားတဲ့ စံပြပုဂ္ဂိုလ်တစ်ဦးလည်း ဖြစ်လာပါလိမ့်မယ်။ ဒါပေမဲ့ တကယ့်ဇာတ်လမ်း အစစ်အမှန်က ကာမလာ က ဒုတိယသမ္မတ ဖြစ်လာတဲ့ ကိစ္စပါ" လို့ မစ္စတာ ဝိုင်းဂါတန် က ပြောသွားပါတယ်။

မစ္စတာ အမ်ဟော့ဖ် ကို လူတွေနဲ့ မီဒီယာတွေ အာရုံစိုက်နေကြတာဟာ နိုင်ငံရေးသမား အိမ်ထောင်ဘက်က အမျိုးသား ဖြစ်နေလို့ပါ။ ဒါပေမဲ့ ဒါကလည်း အမျိုးသား အမျိုးသမီး တန်းတူညီမျှမှုမှာ ကွာဟမှု ရှိနေတာကို ထောက်ပြနေလို့လည်း ဖြစ်နိုင်ပါတယ်။ ဒုတိယသမ္မတ ကတော်တွေအနေနဲ့ သူတို့တာဝန်တွေကို စမယူခင်မှာ ဒီလို အာရုံစိုက် ချီးမွမ်းခံရတာမျိုး သိပ်ကို ရှားလှပါတယ်။

သမ္မတကတော် တချို့ဆိုရင် အမေရိကန် ပြည်သူတွေရဲ့ ထွေးပွေ့ ချစ်ခင်မှုကို ရခဲ့ကြပါတယ်။ ဥပမာ မီရှဲလ် အိုဘားမား ဆိုရင် သူ့ခင်ပွန်းထက်တောင် လူအများရဲ့ ချစ်ခင်မှုကို ရခဲ့ပြီး နောက်ပိုင်းမှာ ကမ္ဘာတဝန်း သူ့စာအုပ် လှည့်လည်ရောင်းခဲ့တုန်းကဆိုရင် ခန်းမနေရာတွေ လက်မှတ်ပြတ်သွားတဲ့ အထိ ဖြစ်ခဲ့ပါတယ်။

ဒါပေမဲ့ မစ္စတာ အမ်ဟော့ဖ် လိုမျိုး ကိုယ့် အိမ်ထောင်ဘက်အတွက် အပြည့်အဝ တာဝန်ယူပေးဖို့ ကိုယ့် အလုပ်တွေကို စွန့်လွှတ်ခဲ့တဲ့ သမ္မတကတော်နဲ့ ဒုတိယသမ္မတကတော်တွေကိုတော့ အများစုက သိပ်ပြီး သတိမူ အလေးထားတာမျိုး မရှိခဲ့ပါဘူး။

"အမျိုးသမီးတွေ ဆယ်စုနှစ်ပေါင်းများစွာ လုပ်လာခဲ့တာကို မီးမောင်းထိုးပြနိုင်တဲ့အတွက် သူ့ကို အပိုထပ်ဆောင်း ကျေးဇူးတင်ပါတယ်" လို့ မစ္စပယ်ရီ က ပြောပါတယ်။

မစ္စတာ အမ်ဟော့ဖ်နဲ့ ပတ်သက်လို့ သူက အပြုသဘော မြင်နေဆဲ ဖြစ်ပါတယ်။ ဒါပေမဲ့ မစ္စတာ အမ်ဟော့ဖ် အနေနဲ့ ကျား-မ ထုံးစံအစဉ်အလာတွေကို စိန်ခေါ်တွန်းလှန်မယ့် ပုံ ရှိနေပါတယ်။

"ကိုယ့်အိမ်ထောင်ဘက်အပေါ် ဒီလိုအားပေးကူညီတာမျိုး မလုပ်ချင်တဲ့ ရှေးရိုးစဉ်လာ ယောက်ျားရင့်မကြီးတွေ ရှိကောင်းရှိနိုင်ပါတယ်။ ဒါဟာလည်း သူတို့ဇနီးသည်တွေက မစ္စ ဟားရစ်လို ခေတ်မီ ရှေ့ထွက်သူတာမျိုး မဟုတ်ကြလို့ ဖြစ်နိုင်ပါတယ်။ ဒါကလည်း ကိုယ့်ခင်ပွန်းသည်တွေဆီက အလားတူ အားပေးကူညီတာမျိုး မခံကြရလို့ပါ"လို့ မစ္စပယ်ရီက ပြောသွားပါတယ်။

"ဒေါက်ဂလပ်စ် အမ်ဟော့ဖ် ကို ဂုဏ်ထူးဆောင် အမျိုးသမီး တစ်ဦး အဖြစ် ဂုဏ်ပြုချင်ပါတယ်။ ဒီလို ဂုဏ်ပြုတာဟာ လုပ်သင့်လုပ်ထိုက်တဲ့ ချီးမြှောက်မှုတစ်ခုအဖြစ် သူယူဆမယ်လို့ ကျွန်မ မျှော်လင့်ပါတယ်။"

Crd BBC News