ရဲတပ်ဖွဲ့ကို ကိုအောင်ကြီးက ဘာလို့ တရားစွဲတာလဲ

09-Dec-2020

နေပြည်တော် Wisdom Hill မူကြိုကျောင်းက ဗစ်တိုးရီးယား လို့ လူသိများတဲ့ အသက် ၃ နှစ် မပြည့်သေးတဲ့ ကလေးငယ်တစ်ဦး လိင် အဓမ္မပြုကျင့်ခံရတဲ့ သက်ငယ် မုဒိမ်းမှုမှာ သံသယ တရားခံ အဖြစ် ဖမ်းဆီးခံခဲ့ရပြီး တရားရုံးမှာ ပြစ်မှု မထင်ရှားလို့ ပြန်လွတ်လာခဲ့တဲ့ ကိုအောင်ကျော်မျိုး (ခေါ်) ကိုအောင်ကြီးက သူ့ရဲ့ နစ်နာမှု နဲ့ ထိခိုက်မှုတွေ အတွက် ဒီဇင်ဘာ ၈ ရက်က ပြန်လည်တရားစွဲလိုက်တယ်လို့ သိရပါတယ်။

နစ်နာကြေးနဲ့ လျော်ကြေး ကျပ်သိန်း ၅၀၀၀ ရလိုမှုနဲ့ ဒီနေ့ ဒီဇင်ဘာ ၈ ရက်နေ့မှာပဲ နေပြည်တော်မှာ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ကို တရားစွဲဆိုလိုက်တာလည်းဖြစ်ပါတယ်။

အမှုကို နေပြည်တော်ဒက္ခိဏခရိုင်တရားရုံးမှာ အဆိုလွှာတင်သွင်းခဲ့တာဖြစ်ပါတယ်။ အခုအခါ တရားရုံးက လက်ခံလိုက်ပြီး တရားမကြီးမှုအမှတ် ၃၁၂/၂၀၂၀ နဲ့ လက်ခံကြားနာသွားမယ်လို့ တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဇော်က ပြောပါ တယ်။

"မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို ကိုအောင်ကျော်မျိုး(ခ)အောင်ကြီးက စွဲပါတယ်။ အဲဒီမှာ ရဲချုပ်အနေနဲ့ အပြည့်အဝတာဝန်ယူနေတာ၊ ကြီးကြပ်ကွပ်ကဲနေတာ ဖြစ်တဲ့အတွက် သူ့ကို ရှေ့ကတပ်ပြီး စွဲပါတယ်။ ဒါပေမဲ့ သူကိုယ်တိုင်မလာလည်း အခွင့်ရကိုယ်စားလှယ်က တရားရုံးကို လာရင်ဆိုင်လို့ရပါတယ်"လို့ တရားလို ရှေ့နေအဖြစ်ဆောင်ရွက်မယ့် တရားလွှတ်တော် ရှေ့နေ ဦးခင်မောင်ဇော်က ပြောပါတယ်။။

ကိုအောင်ကြီးဟာ ဒီအမှုကြောင့် ဂုဏ်သိက္ခာအရ နစ်နာမှုတွေ၊ ငွေကြေးကုန်ကြေးမှုတွေ ရှိခဲ့ပြီး ဒီလျော်ကြေးနဲ့ နစ်နာကြေးတွေကို တွက်ချက်ပြီး အခုလို ‌ငွေကြေးပမာဏ တောင်းဆိုခဲ့တာ ဖြစ်တယ်လို့လည်း ကိုအောင်ကြီးရဲ့ရှေ့နေဖြစ်သူ ဦးခင်မောင်ဇော်က ပြောပါတယ်။

ကိုအောင်ကြီး ထောင်ကျသွားတဲ့အတွက် မိဘတွေက ‌ငွေကြေးအကုန်အကျရှိတယ်၊ ဒါတွေက စာရင်းနဲ့ တွက်လို့ရတဲ့လျော်ကြေးအဖြစ် တောင်းပါတယ်။ နောက်တစ်ခုက ကိုအောင်ကြီးဟာ သိက္ခာ အချခံလိုက်ရတယ်၊လူတောထဲမှာလည်း သိက္ခာကျတယ် နောက် ဒုရဲချုပ် ပြောဆိုရှင်းလင်းခဲ့တာတွေကလည်း သိက္ခာချခံရတယ်၊ နောက်တစ်ခုက ကလေးငယ်ကို မတော်မတရားပြုကျင့်တယ်ဆိုပြီး အပြောခံရတဲ့ အပေါ်မှာလည်း တွက်ချက်လို့မရအောင် နစ်နာပါတယ်၊ဒါတွေကိုတော့ နစ်နာကြေးအဖြစ် တောင်းတာဖြစ်ပါတယ် လို့ ဦးခင်မောင်ဇော်က ပြောပါတယ်။

ကိုအောင်ကြီးလွတ်လာတာ တစ်နှစ် နီးပါးရှိပြီဖြစ်ပေမဲ့ ဒီအမှုအတွက် နှစ်လ ကြိုတင် သတိပေးရတာ ရှိပြီး ကိုဗစ်ကာလ အသွားအလာ ကန့်သတ်ချက်တွေကြောင့် တရားစွဲဖို့ အခုလို ကြန့်ကြာ သွားရတာဖြစ်တယ်လို့ ဦးခင်မောင်ဇော်က ဘီဘီစီကိုရှင်းပြပါတယ်။

ယာဉ်မောင်း ကိုအောင်ကြီးဟာ နေပြည်တော်ရှိ Wisdom Hill မူကြိုကျောင်းမှာ ကျောင်းသူလေး ဗစ်တိုးရီးယား လိင်ပိုင်းဆိုင်ရာ စော်ကားခံခဲ့ရမှုနဲ့ ဖမ်းဆီး အမှုဖွင့်ခံခဲ့ရတာဖြစ်ပြီး ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ ၁၈ ရက်နေ့မှာ အမှုကနေ ပြန်လွတ်လာခဲ့ပါတယ်။

လာမယ့် ဒီဇင်ဘာလ ၁၈ ၇က်နေ့မှာ ဒီအမှု အဆိုလွှာကို နေပြည်တော်မှာ စိစစ်ဖို့ရှိပါတယ်။ တရားစွဲတဲ့ ကိုအောင်ကြီးဟာ အခုအခါ နေပြည်တော်ကို ရောက်ရှိနေပြီး ကွာရန်တင်း ဝင်နေတယ်လို့ သိရပါတယ်။

BBC News