ကန်ဘဏ္ဍာရေးနဲ့ စီးပွားရေးဌာန အင်တာနက်အွန်လိုင်းထဲ ခိုးဝင်တိုက်ခိုက်မှုဖြစ်ခဲ့

14-Dec-2020

ပြည်ပအစိုးရ ကိုယ်စားလုပ်ကိုင်ပေးတဲ့ ဟက်ကာတွေက အမေရိကန်အဖွဲ့အစည်း အတော်များများရဲ့ ကွန်ပျူတာတွေကို ထိုးဖောက်ဝင်ရောက်ခဲ့ကြတယ်လို့ သမ္မတ Donald Trump အစိုးရအဖွဲ့က တနင်္ဂနွေနေ့မှာ အသိအမှတ်ပြုပြောကြားခဲ့ပါတယ်။

အမေရိကန်ဘဏ္ဍာရေးနဲ့ စီးပါွးရေးဌာနကို ဆိုင်ဘာတိုက်ခိုက်ခံရတဲ့ ဖြစ်ရပ်နောက်ကွယ်မှာ ရုရှားနိုင်ငံရှိနေတယ်လို့ ကျွမ်းကျင်သူတွေက ယုံကြည်နေကြပါတယ်။ ဒီတိုက်ခိုက်မှုဟာ နှစ်ပိုင်းအတွင်း အမေရိကန်အစိုးရစနစ်ကို အဆင့်မြင့်မြင့် တိုက်ခိုက်လိုက်တဲ့ကိစ္စ တခုဖြစ်တယ်လို့ သတင်းဌာနတွေက ပြောပါတယ်။ ဒီကိစ္စကို ပြည်ထောင်စု စုံစမ်းစစ်ဆေးရေးဗျူရို FBI က စုံစမ်းစစ်ဆေးဖု့ိ ပန်ကြားထားပြီး လက်ရှိအချိန်မှာ မှတ်ချက်ပေးဖို့ မရှိကြောင်း စီးပွါရေးဌာနရဲ့ ထုတ်ပြန်ချက်ထဲမှာ ဖာ်ပြပါတယ်။

အမိမြေလုံခြုံရေးဝန်ကြီးဌာနအောက်က ဆိုင်ဘာလုံခြုံရေးဌာနဲ့ FBI တို့က ဒီတိုက်ခိုက်မှုကို စုံစမ်းစစ်ဆေး နေပါတယ်။ ဘယ်လောက်ထိခိုက်မှု ရှိခဲ့သလဲ၊ တိုက်ခိုက်ရတဲ့အကြောင်းရင်းနဲ့ အခြားအေဂျင်စီတွေပါ တိုက်ခိုက်ခံရသလားဆိုတာတော့ ရှင်းရှင်းလင်းလင်း မရှိပါဘူး။ အင်တာနက်အပြင် telecommunication ဆက်သွယ်မှုတွေနဲ့ ပတ်သက်တဲ့ အမေရိကန်မူဝါဒနဲ့ ဆိုင်တဲ့သတင်းအချက်အလက်တွေကို ခိုးယူသွားတဲ့ အဲဒီ ဆိုင်ဘာတိုက်ခိုက်မှုနဲ့ပတ်သက်လို့ အမေရိကန်အမျိုးသား လုံခြုံရေးကောင်စီတာဝန်ရှိသူတွေ အိမ်ဖြူတော်မှာ စနေနေ့က တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ ရိုက်တာသတင်းက ဖော်ပြခဲ့ပါတယ်။

VOA News