မန္တလေးမှာ အပြင်ထွက်သူကို စစ်ဆေးရာမှ ရိုက်နှက်မှုဖြစ်

10-Dec-2020

ဒီဇင်ဘာလ ၅ ရက်နေ့ကနေ ၁၈ ရက်နေ့အထိ နေအိမ်နေထိုင်ရေး သတ်မှတ်ထားတဲ့ကာလမှာ မန္တလေးခရိုင်အတွင်းက အဝင်အထွက်လမ်းတွေမှာ အရန်မီးသတ်၊ အုပ်ချုပ်ရေးအဖွဲ့တွေနဲ့ ရပ်ကွက်အတွင်း နေထိုင်တဲ့သူတွေက အပြင်ထွက်လာသူတွေ အပြင်ထွက်ခွင့် အထောက်အထားကတ် မပါရင် ဒဏ်ရိုက်အရေးယူနေတာပါ။

ဒီဇင်ဘာလ ၈ ရက်နေ့ ညနေ ၃ နာရီလောက်မှာ ပုသိမ်ကြီးမြို့နယ်၊ သလဲကုန်းကျေးရွာက အဝင်အထွက် စစ်ဆေးရေးဂိတ်မှာ အသက် ၄၂ နှစ်အရွယ် အမျိုးသားတစ်ယောက်က တာဝန်ရှိသူတွေရဲ့ စစ်ဆေးတာ လက်မခံဘဲ စစ်ဆေးနေသူတွေကို အနီးနားမှာရှိတဲ့ သံထိုင်ခုံနဲ့ ရိုက်နှက်ခဲ့တယ်လို့ သိရပါတယ်။

စေတနာ့ဝန်ထမ်း ရွာသား နှစ်ယောက် ဒဏ်ရာရရှိခဲ့ပြီး ရဲတပ်ဖွဲ့ကို တိုင်ကြားခဲ့ရာမှာ ရိုက်နှက်မှု ကျူးလွန်ခဲ့တယ်လို့ စွပ်စွဲခံရတဲ့ အမျိုးသားကို နေအိမ်မှာ ရဲတပ်ဖွဲ့က သွားရောက်ဖမ်းဆီးခဲ့ပါတယ်။

ကျူးလွန်သူ အမျိုးသားက လာရောက်ဖမ်းဆီးသူတွေကို ဓားနဲ့ပြန်ခုတ်ခဲ့လို့ ရဲတပ်ဖွဲ့က သေနတ်သုံးချက် ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။

ရဲဝန်ထမ်းတွေ ရရှိခဲ့တဲ့ဒဏ်ရာကတော့ စိုးရိမ်စရာမရှိခဲ့ပေမဲ့ ဓားနဲ့ခုတ်ခဲ့သူက ဝဲဘက်ရင်အုံ၊ ဝဲဘက်ဝမ်းဗိုက်နဲ့ ဝဲဘက်နောက်ကျောတို့မှာ ဒဏ်ရာရပြီး မန္တလေးမြို့ ပြည်သူ့ဆေးရုံကြီးမှာ ခွဲစိတ်ကုသမှုခံယူနေတယ်လို့ သိရပါတယ်။

ပုသိမ်ကြီးမြို့နယ် အုန်းချောနယ်မြေရဲစခန်းက ရဲအုပ်စိုးမင်းမြတ်ကို RFA က ဆက်သွယ်မေးမြန်းရာမှာတော့ ရဲတွေ ကျန်းမာရေး စိုးရိမ်ရတဲ့ အနေအထားမရှိဘူးလို့ ပြောပါတယ်။

ဝင်ရောက်ရိုက်နှက်ခဲ့တယ်လို့ဆိုတဲ့ သလဲကုန်းရွာသားကို ကျေးရွာအုပ်ချုပ်ရေးမှုးက သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေပုဒ်မ ၂၅၊ ၃၀ (က) နဲ့ အမှုဖွင့်ထားပါတယ်။

ပုဒ်မ ၂၅ ကျူးလွန်သူကို သုံးနှစ်ထက် မပိုသောထောင်ဒဏ်အပြင် ငွေဒဏ်ချမှတ်နိုင်ကြောင်း၊ ပုဒ်မ ၃၀ အတွက်တော့ တစ်နှစ်ထက် မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ကျခံရနိုင်တယ်လို့ ပြဋ္ဌာန်းထားပါတယ်။

ရွာကောင်းစားရေးအတွက်လုပ်တာဖြစ်ပြီး ကုန်ကျစရိတ်ကလည်း ကိုယ့်စရိတ်နဲ့ကိုယ်ပါပဲလို့ သလဲကုန်းကျေးရွာက အဝင်အထွက် စစ်ဆေးရးဂိတ်မှာ အရိုက်ခံလိုက်ရလို့ လက်မှာဒဏ်ရာရရှိခဲ့တဲ့ ဦးအောင်ဝင်းက ပြောပါတယ်။

“လူတွေ့ တွေ့ကြုံရတာတော့ အမျိုးမျိုးပေါ့၊ မိုက်ရိုင်းတဲ့သူလည်း ရှိတယ်။ သည်းခံရတာပဲ၊ အခုလို အကျိုးမသိ အကြောင်းမသိ လုပ်တာတော့ မတတ်နိုင်ဘူး၊ ကလေးတွေဖြစ်မှာစိုးလို့ တားတာ တားတဲ့သူကို ရိုက်တာပဲ၊ ရွာက စာရေးက အချိန်လွန်တဲ့သူ ဒဏ်ရိုက်ဖို့လုပ်နေတာ သူရှိတယ်။ သူက ဥက္ကဋ္ဌကို လှမ်းခေါ်လို့ ခေါ်ရမလားဆိုပြီး ရိုက်တာ လက်ကို ကွဲသွားတယ်”

သလဲကုန်းရွာ ဂိတ်မှာ ဝင်ရောက်ကူညီနေတဲ့ အရန်မီးသတ်အဖွဲ့ဝင် ဦးမြင့်ဝင်းကလည်း လူမှုကူညီရေးလုပ်ငန်းတွေလုပ်နေရတာ တော်တော်လေး သည်းခံကြရတယ်လို့ ပြောပါတယ်။

“အရန်မီးသတ်တွေဆိုတာ့ အုပ်ချုပ်ရေးမှူးက အကူညီတောင်းလို့ ကူညီတာပေါ့၊ ကိုယ်ကတော့ ရန်ကိုရန်ခြင်း မတုံ့နှင်းပါဘူး။ အချိန်လွန်လည်း လွှတ်ပေးနေတာပါ။ လွှတ်ပေးနေတဲ့ကြားက ဆိုးနေကြတာ။ ၁၂ နာရီ သတ်မှတ်ပေမဲ့ ငါးမိနစ် ဆယ်မိနစ်စွန်းလည်း လွှတ်ပေးနေတာပါ”

မန္တလေးခရိုင်မှာ နေအိမ်နေထိုင်ရေး သတ်မှတ်ထားတဲ့ရက်တွေအတွင်း အပြင်သွားမယ်ဆိုရင် အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပေးထားတဲ့ ဈေးဝယ်ထွက်ခွင့်ကတ်၊ ဆေးခန်းပြခွင့်ကတ်တွေနဲ့သာ နေထိုင်တဲ့ မြို့နယ်အတွင်း သွားလာရတာပါ။

မြို့နယ်ကျော်သွားမယ်ဆိုရင်တော့ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးက ထုတ်ပေးထားတဲ့ကတ်ပါမှသာ သွားလာကြရတာဖြစ်ပြီး နေ့ခင်း ၁၂ နာရီကျော်ပြီဆိုရင် အသွားအလာလုပ်တဲ့ ဘယ်သူကိုမဆို စစ်ဆေးနေတာဖြစ်ပြီး အထောက်အထား မခိုင်လုံရင်တော့ ဒဏ်ကြေးပေးဆောင်နေကြရတာပါ။

အစိုးရက ကိုဗစ်ကလအတွင်း သွားလာခွင့်ချထားပေးတဲ့ ကတ်ပြားမဟုတ်ဘဲ တခြားအဖွဲ့အစည်းကတ်တွေပြပြီး သွားလာကြတာတွေလည်းရှိတယ်လို့ စစ်ဆေးရေးအဖွဲ့မှာ ကူညီလုပ်ဆောင်ပေးနေတဲ့ ကိုဇော်လင်းက ပြောပါတယ်။

“လက်ရှိထုတ်တားတဲ့ကတ်တွေ မပါဘူး။ အဖွဲ့အစည်းကတ်တွေနဲ့ လာတယ်။ နိုင်ငံတော်က ထုတ်ပေးတဲ့ကတ်တော့ ပါရမယ်လေ။ နိုင်ငံတော်က ဒီကတ်တွေ အလကားထုတ်ပေးထားတာမှ မဟုတ်တာ"

မန္တလေးခရိုင်အတွင်းမှာ ဘဏ်နဲ့ ငွေကြေးဝန်ဆောင်မှုလုပ်ငန်းတွေ၊ စက်သုံးဆီအရောင်းဆိုင်တွေ၊ စားသောက်ကုန်နဲ့ သား၊ ငါး၊ အအေးခန်းလုပ်ငန်းတွေ၊ ဆေးဝါးတွေ၊ ရေသန့်လုပ်ငန်းတွေ၊ နေ့စဉ်တစ်ကိုယ်ရည်သုံးပစ္စည်း ထုတ်လုပ်တဲ့စက်ရုံတွေ၊ ကုန်တင်မော်တော်ယာဉ်တွေ၊ ရေယာဉ်လုပ်ငန်းတွေ၊ စာတိုက်ဝန်ဆောင်မှုလုပ်ငန်းတွေနဲ့ အင်တာနက်ဝန်ဆောင်မှုလုပ်ငန်းတွေကို လုပ်ကိုင်ခွင့် ပြုသွားမှာဖြစ်ပြီး ကျန်တဲ့လုပ်ငန်းတွေကို လုပ်ကိုင်ခွင့်ပြုမှာ မဟုတ်ဘူးလို့ မန္တလေးတိုင်းအစိုးရအဖွဲ့က ထုတ်ပြန်ထားပါတယ်။

နေအိမ်နေထိုင်ရေး သတ်မှတ်ထားတဲ့ကာလမှာ ငါးရက်အတွင်း လူဦးရေ ၅၀၀၀ ကျော်ကို တစ်ယောက်ကို ဒဏ်ငွေ ၅၀၀၀ ကျပ် ဒဏ်ရိုက်ထားတယ်လို့ မန္တလေးခရိုင် အုပ်ချုပ်ရေးမှူးရုံးရဲ့ စာရင်းတွေအရ သိရပါတယ်။

RFA Burmese