၀န်းရံကူညီသူတွေရဲ့မျှော်လင့်ချက်ရရှိအောင် မဆောင်ရွက်ပေးတဲ့အတွက် စိတ်မကောင်းဖြစ်ရကြောင်း ဒေါက်တာနန္ဒာလှမြင့် ပြော

10-Nov-2020

ရွေးကောက်ပွဲမှာ ဝန်းရံကူညီအားပေးကြသူတွေအားလုံးရဲ့ မျှော်လင့်ချက်ကို ရရှိအောင်မဆောင်ရွက်ပေးနိုင်တဲ့အတွက် စိတ်မကောင်းဖြစ်ရကြောင်း နဲ့ တောင်းပန်ကြောင်း ကြံ့ခိုင်ရေးပါတီက ကလောမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်တဲ့ ဒေါက်တာနန္ဒာလှမြင့်က ပြောပါတယ်။

ရွေးကောက်ပွဲရလဒ်အရ ထောက်ခံမဲ သုံးသောင်းကျော်ရရှိတာကြောင့် အနိုင်မရပေမယ့် ကျေနပ်ဝမ်းသာကြောင်းနဲ့ သူ့ကိုထောက်ခံမဲပေးကြသူအားလုံးကိုကျေးဇူးတင်ကြောင်း ဒေါက်တာနန္ဒာလှမြင့်က နိုဝင်ဘာ ၁၀ ရက်မနက်ပိုင်းက သူ့ဖေ့စ်ဘွတ်မှာရေးသားထားတာပါ။

အနိုင်ရရှိသွားတဲ့ ကိုယ်စားလှယ်တွေကိုလည်း ဝမ်းမြောက်ဂုဏ်ယူကြောင်းနဲ့ ကလော မြို့နယ်နဲ့ ကြံ့ခိုင်ရေးပါတီနဲ့အတူ ကျရာအခန်းကဏ္ဍကနေ ဆက်လက်ဆောင်ရွက်သွားမယ်လို့လည်း ရေးသားထားပါတယ်။

ဒေါက်တာနန္ဒာလှမြင့်ဟာ NLD ပါတီက ဒေါ်ပြုံးကေသီနိုင်ကို ရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။ ဒေါ်ပြုံးကေသီနိုင်ဟာ ၂၀၁၅ တုန်းကလည်း ကြံ့ခိုင်ရေးပါတီက ဝန်ကြီးဟောင်း ဦးတင်နိုင်သိန်းကို မဲ ၈၀၀၀ ကျော်အသာနဲ့ အနိုင်ရခဲ့သူဖြစ်ပါတယ်။

ဒီတစ်ခေါက်မှာလည်း ဒေါက်တာနန္ဒာလှမြင့်ကို မဲရလဒ်လေးသောင်းကျော်အသာနဲ့ အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။

ဘီဘီစီမြန်မာပိုင်း

ဓာတ်ပုံ-နန္ဒာလှမြင့်ဖေ့စ်ဘွတ်

ယခုကဲ့သို့ နောက်ဆုံးရသတင်းများနှင့် သိရှိလိုသော ဒေသဆိုင်ရာအချက်အလက်များကို www.winnetmyanmar.com နှင့် winnetmyanmar Facebook Page တို့တွင် ဝင်ရောက်ဖတ်ရှု ရေးသား ဆွေးနွေးနိုင်ပါသည်။