ကမ္ဘာကျော်ဘောလုံးသမား မာရာဒိုနာ ကွယ်လွန်ပြီ

26-Nov-2020

အာဂျင်တီးနားနိုင်ငံက ကမ္ဘာကျော်ဘောလုံးသမားကြီး မာရာဒိုနာ ဒီနေ့ နိုဝင်ဘာ ၂၅ ရက်နေ့မှာ ကွယ်လွန်သွားခဲ့ပါပြီ။

မာရာဒိုနာဟာ နေအိမ်မှာ နှလုံးရပ်ပြီး ကွယ်လွန်သွားခဲ့တာဖြစ်တယ်လို့ ပြောပါတယ်။ သူဟာပြီးခဲ့တဲ့ သီတင်းပတ်တွေကပဲ ဦးနှောက်သွေးခဲလို့ ဆေးရုံတက်ခွဲစိတ်ကုသခဲ့ရပါတယ်။ သူရဲ့ ဦးနှောက် ခွဲစိတ်မှုအောင်မြင်တာကြောင့် ဆေးရုံက ဆင်းခွင့်ပြုလိုက်ပြီး နေအိမ်မှာ အနားယူနေတာဖြစ်ပါတယ်။ မကြာသေးခင်ကပဲ အသက် ၆၀ ပြည့်ခဲ့တဲ့ မာရာဒိုနာဟာ အရက်စွဲတဲ့ ဝေဒနာခံစားနေရတာဖြစ်ပါတယ်။

မာရာဒိုနာဟာ ၁၉၈၆ ကမ္ဘာ့ဖလားကို ဗိုလ်စွဲအောင်လုပ်ပေးခဲ့ပြီး ၁၉၉၀ ကမ္ဘာ့ဖလားမှာ ဖိုင်နယ်အထိရောက်အောင်စွမ်းဆောင်ခဲ့သူပါ။ သူဟာ ဘာစီလိုနာ၊ နာပိုလီ၊ ဆဗီးလ်နဲ့ ဘိုကာဂျူနီယာအသင်းတွေအတွက် ကစားပေးခဲ့ပြီး သက်တမ်းတလျှောက် ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားတွေထဲက တစ်ယောက်လည်းဖြစ်ပါတယ်။

VOA News