မြန်မာ ယူ - ၁၆ အမျိုးသားအသင်းကို လူရွေးပွဲကျင်းပကာ ပြန်လည်ဖွဲ့စည်းမည်

10-Nov-2020

ရန်ကုန်   နိုဝင်ဘာ  ၉

လာမည့်နှစ်တွင် နိုင်ငံတကာပြိုင်ပွဲများ ဝင်ရောက်ယှဉ်ပြိုင်ရမည့် မြန်မာ ယူ-၁၆ အမျိုးသားအသင်းကို လူရွေးပွဲကျင်းပကာ ကစားသမားများ ပြန်လည်ရွေးချယ် မည်ဖြစ်သည်။

မြန်မာ ယူ-၁၆ အမျိုးသားအသင်းကို မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ စတင်ဖြစ်ပွားသည့်  မတ်လကတည်းက  လေ့ကျင့်မှုရပ်နားထားခြင်းဖြစ်ပြီး လက်ရှိအနေအထားအရ လာမည့်နှစ်ဆန်းပိုင်း မှသာ အစောဆုံးလေ့ကျင့်နိုင်ဖွယ် ရှိနေသည်။ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်သည် ယခုနှစ်လယ်ပိုင်းတွင် မြန်မာ ယူ-၁၆ အသင်းကို နည်းပြချုပ်အပြောင်းအလဲပြုလုပ်ထားပြီး နည်းပြချုပ်အဖြစ် ဦးချစ်နိုင်ကို ပြောင်းလဲတာဝန်ပေးထားသည်။ မြန်မာ ယူ-၁၆ အသင်းသည် နည်းပြပြောင်းလဲထားသော်လည်း လက်ရှိအချိန်အထိ စခန်းဝင်လေ့ကျင့်နိုင်ခြင်း မရှိသေးဘဲ ကပ်ရောဂါအခြေအနေအပေါ် မူတည်၍ လေ့ကျင့်နိုင်မည်ဖြစ်သည်။ မြန်မာ ယူ-၁၆ အသင်းနည်းပြချုပ် ဦးချစ်နိုင်သည် ပဏာမကစားသမားများကို ပြန်လည်ရွေးချယ်မည်ဖြစ်ပြီး နှစ်ဆန်းပိုင်းက နောက်ဆုံးဖွဲ့စည်းခဲ့သည့်အသင်းကို အခြေခံကာ အကယ်ဒမီနှင့် ကလပ်အသင်းများမှ အသက်မီသည့် ကစားသမားများကို ပြန်လည်ရွေးချယ်ကာ လူရွေးပွဲကျင်းပပြီး အသင်းနှင့် သင့်လျော်သူများဖြင့် ပြန်လည်ဖွဲ့စည်းသွားမည်ဖြစ်သည်။

မြန်မာ ယူ-၁၆ အသင်းသည် ကစားသမားများ အတွေ့အကြုံရစေရန် MFF Youth အသင်းအမည်ဖြင့် ၂၀၂၀ ရာသီ MNL ယူ-၁၉ လူငယ်လိဂ်ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော်လည်း ကပ်ရောဂါအခြေအနေကြောင့် ပထမအကျော့ ယှဉ်ပြိုင်နေသည့်ကာလမှာပင် ပြိုင်ပွဲကို ဖျက်သိမ်းခဲ့ရသည်။

ညီမြတ်သော်တာ