ဂွ-ကျောက်ချွန်လမ်းပေါ်၌ တည်ဆောက်နေသည့် ဂွချောင်းတံတား ၄၂ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်

Listing Description

သံတွဲ ဇန်နဝါရီ ၂၄ ရခိုင်ပြည်နယ် ဂွ-ကျောက်ချွန်လမ်းပေါ်ရှိ ဂွချောင်းတံတားအား ပြည်ထောင်စုအစိုးရအဖွဲ့နှင့် ပြည်နယ်အစိုးရအဖွဲ့တို့၏ ခွင့်ပြု ရန်ပုံငွေ ခန့်မှန်းတန်ဖိုးငွေကျပ်သန်း ၈၉၈၀ ဖြင့် ဆောက်လုပ်ရေး ဝန်ကြီးဌာန တံတားအထူးအဖွဲ့(၈)က တာဝန်ယူတည်ဆောက် လျက်ရှိရာ ယခုအခါ ၄၂ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။ ဂွချောင်းတံတား၏ အပေါ်ထည်အမျိုးအစားမှာ PC Girder ၊ သံကူကွန်ကရစ်ရက်မ၊ သံကူကွန်ကရစ်ကြမ်းခင်းဖြစ်ပြီး တံတား အောက်ထည်မှာ သံကူကွန်ကရစ်အမျိုးအစားဖြစ်ကာ တံတား အောက်ခံအုတ်မြစ်မှာ သံကူကွန်ကရစ်ဘိုးပိုင်အမျိုးအစားဖြစ် ကြောင်း၊ တံတားခန်းဖွင့်အတွက် အရှည် ၂၆ ပေ သုံးလက်မစီရှိ သော တံတားခန်းဖွင့် သုံးခန်း၊ အရှည်ပေ ၁၀၀ စီရှိသောတံတားခန်းဖွင့် ၁၂ ခန်းနှင့် အရှည်ပေ ၆၀ စီရှိသော တံတားခန်းဖွင့် နှစ်ခန်းတို့ဖြင့် ပါဝင်တည်ဆောက်နေကြောင်းလည်း သိရသည်။ တံတားအရှည်ပေ စုစုပေါင်း ၁၃၉၈ ပေ ကိုးလက်မရှိမည် ဖြစ်ပြီး ယာဉ်သွားလမ်း အသွားတစ်လမ်း၊ အပြန်တစ်လမ်းပါဝင်သော အကျယ် ၂၄ ပေရှိသည့် နှစ်လမ်းသွားတံတားဖြစ်ကာ လူသွားလမ်း အကျယ်တစ်ဖက်လျှင် သုံးပေ ခြောက်လက်မစီပါဝင်ကြောင်း၊ ရေလမ်းကင်းလွတ်အမြင့်ပေ ၂၀ နှင့် အကျယ် ၈၅ ပေရှိ၍ တံတား ခံနိုင်ဝန်မှာ ခွင့်ပြုယာဉ် အလေးချိန်(ယာဉ်+ကုန်) ၇၅ တန်ဖြစ်ကြောင်း သိရသည်။ ပြီးခဲ့သည့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ရရှိရန်ပုံငွေကျပ်သန်းပေါင်း ၂၅၀၀ ဖြင့် ဂွမြို့ဘက်ကမ်းရှိ P0 ၊ P1 ၊P2 နှင့်P3 တို့ကိုလည်းကောင်း၊ မကျေးငူရွာ ဘက်ကမ်းရှိ A2 နှင့် P13 ကိုလည်းကောင်း ဖောင်ဒေးရှင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း၊ လုပ်ငန်းများဆက်လက်ဆောင်ရွက်ရန်အတွက် ၂၀၂၀-၂၁ ဘဏ္ဍာနှစ် ရရှိရန်ပုံငွေကျပ်သန်းပေါင်း ၅၄၀၀ ရရှိထားရာ ယခုလအတွင်း ရေလယ်တိုင်ဘိုးပိုင်တူးဖော်ခြင်းလုပ်ငန်းများနှင့် ဂွမြို့ဘက်ကမ်းရှိဖောင်ဒေးရှင်းလုပ်ငန်းများအား ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တံတားအထူး အဖွဲ့(၈) ဒုတိယညွှန်ကြားရေးမှူး (မြို့ပြ) စီမံကိန်းတာဝန်ခံအင်ဂျင်နီယာ ဦးကျော်သူရထံမှ သိရသည်။ အဆိုပါ ဂွချောင်းတံတားတည်ဆောက်ပြီးစီးပါက ဧရာဝတီတိုင်းဒေသကြီး နှင့် ရခိုင်ပြည်နယ်တို့မှ ဒေသခံပြည်သူများအတွက် လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေးနှင့် ပညာရေးကဏ္ဍများ ဖွံ့ဖြိုးတိုးတက်လာစေမည်ဖြစ်သောကြောင့် ဒေသတွင်းခရီးသွားလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်သည်။ ဂွချောင်းတံတားတည်ဆောက်ရေးစီမံကိန်းအား ၂၀၁၉ ခုနှစ် နိုဝင်ဘာ ၁၈ ရက်က စီမံကိန်းလုပ်ငန်းများ စတင်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ယခု ၂၀၂၁ ခုနှစ် ဒီဇင်ဘာလကုန်ပိုင်း၌ တံတားတည်ဆောက်ပြီးစီးရန် လျာထားကြောင်း ဆောက်လုပ်ရေး၀န်ကြီးဌာနမှ သိရသည်။ ပွင့်သစ္