ရှင်မုတ္ထီးဘုရား

Listing Description

ရှင်မုတ္ထီး ဘုရားသည် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်၊ ထားဝယ်မြို့မှ တောင်ဖက် မြိတ်မြို့သွား မော်တော်ကားလမ်းမဘေး ထားဝယ်မြို့မှ ၁၀ ကီလိုမီတာခန့်အကွာရှင်မုတ္ထီးရွာတွင် တည်ရှိပါသည်။ မြောလေးမြော၊ ရှင်ကိုးရှင်တွင် တစ်ဆူ အပါအဝင် ဖြစ်ပါသည်။ ယခု ဖူးမြင်ရသော ရှင်မုတ္ထီးဘုရားမှာ ဉာဏ်တော် တစ်တောင့်တစ်ထွာ ရှိပါသည်။ သို့သော်လည်း ထိုဆင်းတုတော်အောက်ရှိ ပလ္လင်အတွင်း၌ ထားဝယ်ဒေသသို့ ကြွရောက်လာသော ဆင်းတုတော်အစစ်ကို ဌာပနာထားသည်ဟုလည်း ဆိုကြပါသည်။ ဘုရားအနီးတွင် အင်းဝဘုရင်မင်းခေါင်၏ သားတော်မင်းတရား၏ ကုသိုလ်ကောင်းမှုဖြစ်သော 'အရူးပျောက်ဘုရား' ဘွဲ့အမည်ရ ရုပ်ပွားတော်တစ်ဆူကို ဖူးမြင်နိုင်သည်။ မင်းတရား စိတ်ဖောက်ပြန်သွားစဉ် စောပညာဆိုသူ အမျိုးသမီးက ကုသပေး၍ ရောဂါ ပျောက်ကင်းသွားသည်။ ထို့ကြောင့် ၁၄၁၈ ခုနှစ် မေလ ၁၂ ရက်နေ့တွင် ဆုတောင်းပြည့်ဘုရားကို အထိမ်းအမှတ်အဖြစ် တည်ထားခဲ့ပြီး 'အရူးပျောက်ဘုရား'ဟု ‌ခေါ်တွင်ခဲ့ပါသည်။ ရှင်မုတ္ထီးဘုရားအနီးတွင် အဝအကျယ် ၂၅ ပေ၊ အနက် ပေ ၄၀ ကျော်ရှိ ရေတွင်းကြီး တစ်တွင်းရှိရာ မြန်မာပြည်တွင် အကြီးဆုံးရေတွင်းဟု မှတ်ယူကြသည်။ ‌ယင်းရေတွင်းသည် မြန်မာမင်းများလက်ထက်ကပင်ရှိပြီး ဗြိတိသျှအစိုးရလက်ထက်တွင် အုတ်‌ကျောက်တို့ဖြင့် ပြုပြင်သည်။ ၁၉၆၇ တွင် ထပ်မံပြုပြင်ခဲ့သည်။