ဖောင်တော်ချက်မစေတီ-ဖောင်တော်ဦးစေတီ

Listing Description

ဖောင်တော်ဦးဘုရားသည် နေပြည်တော်ပြည်ထောင်စုနယ်မြေ လယ်ဝေးမြို့နယ် လယ်ဝေးမြို့၏ အနောက်တောင်ဖက် ၂ မိုင်ခန့်အကွာ၊ ပျဉ်းမနား-တောင်တွင်းကြီး မီးရထားလမ်းအနီး၊ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး၏ အရှေ့ဘက်၊ ဥယျာဉ်စုကျေးရွာအုပ်စု၊ မြို့ကုန်းကျေးရွာတွင် ပါဝင်သည်။ အလောင်းစည်သူမင်းသည် သက္ကရာဇ် ၄၇၅ ခုနှစ်မှ ၅၂၄ ခုနှစ်ထိ ပေါက္ကံပြည်ကြီးကို စိုးစံတော်မူစဉ် ဖောင်တော်ရတနာရွှေစင်္ကြာဖြင့် တိုင်းခန်းလှည့်လည်တော်မူရာ ဖောင်တော်ရတနာ ရပ်တန့်နားနေရာဌာန၊ ဖောင်တော်ဦးတွင် စေတီတော်မြတ်အား တည်ထားခဲ့သဖြင့် ဖောင်တော်ဦးစေတီတော်ဟု အမည်တွင်ကြောင်း သမိုင်းအရ သိရသည်။ သက္ကရာဇ် ၁၂၀၀ ခန့်တွင် သုံးထပ်ဇေတဝန်ကျောင်းဆရာတော် ဦးနန္ဒိယကြီးမှူးကာ စေတီဟောင်းကို ထိန်းသိမ်းပြုပြင်ခဲ့သည်။ ထီးတော်မတင်နိုင်ခဲ့ပေ။ သက္ကရာဇ် ၁၂၉၃ ခုနှစ်တွင် ပေါက်မြိုင်ကျောင်းဆရာတော် ဦးဇောတထေရ်ဦးဆောင်မှုဖြင့် စေတီတော်ဟောင်းကိုငုံ၍ မွမ်းမံခဲ့သည်။ မြို့သူမြို့သား နယ်သူနယ်သားများနှင့် ကုသိုလ်ရှင်အသီးသီး၏ စုပေါင်းပါဝင်လှူဒါန်းမှုဖြင့် ဘိနပ်တော် ၄၄ တောင်၊ ပစ္စယံ ၃ ဆင့်၊ အရံစေတီ ၂၉ ဆူပါဝင်သော စေတီတော်မြတ်ကြီးကို တည်ထားအောင်မြင်ခဲ့လေသည်။ သက္ကရာဇ် ၁၂၉၉ ခုနှစ် ကဆုန်လပြည့်နေ့ ၊ စေတီတော်မြတ်ကြီး၏ မူလထီးတင်ပွဲမှ စတင်ကျင်းပခဲ့သော ကဆုန်ညောင်ရေသွန်းပွဲတော်ကိုလည်း နှစ်စဉ်ကျင်းပသည်။ အထက်မြန်မာပြည်ဘုရားပွဲတော်များအနက် ဖောင်တော်ချက်မ ဘုရားပွဲတော်ကာလမှာ ရက်အကြာဆုံးဖြစ်ပြီး ၂၂ ရက် ကြာမြင့်သည်။ နယ်လှည့်ဈေးဆိုင်ခန်းပေါင်း ၁၀၀၀ ကျော်ပါဝင်ကာ နိုင်ငံကျော်ဇာတ်သဘင်အဖွဲ့အသီးသီး လာရောက်ကပြဖျော်ဖြေကြသဖြင့် ရပ်နီးရပ်ဝေးမှ ဘုရားဖူးလာဧည့်သည်များဖြင့် စည်ကားသည်။