ရှေးဟောင်းမော်တိတ်တံခွန်တိုင်

Listing Description

ကဒူးတိုင်းရင်းသားများ၏ သမိုင်းဝင်မော်တိတ်တံခွန်တိုင်သည် စစ်ကိုင်းတိုင်းဒေသကြီး၊ ပင်လည်ဘူးမြို့နယ်၊ ကဒူးဒေသ၊ မြောက်မော်ကျေးရွာတွင် တည်ရှိသည့် နှစ်ပေါင်း ၁၀၀ ကျော်သက်တမ်းရှိ တံခွန်တိုင်ဖြစ်ပါသည်။ ကတူးတိုင်းရင်းသားတို့သည် "မော်တိတ်ဂိုဏ်း" နှင့် “စက်တောဂိုဏ်း”ဟူ၍ဂိုဏ်းကြီး နှစ်ဂိုဏ်းရှိသည်ဟု သိရပြီး ပင်လည်ဘူးမြို့နယ် ကတူးဒေသမြောက်မော်ကျေးရွာတွင် (ရိုးရာမော်တိတ်တံခွန်တိုင်)နှင့် ဗန်းမောက်မြို့နယ် ကတူးဒေသ စက်တောကျေးရွာတွင်(စက်တောတံခွန်တိုင်)ဟု ရှေးနှစ်ပေါင်းများစွာက စိုက်ထူထားခဲ့ကြသည်။ ရိုးရာတံခွန်တိုင်သည် ဂိုဏ်းအမည်အခေါ်ကွဲသော်လည်း တံခွန်တိုင်ရှိ “ဆင်စီးမြင်းရံ”အစရှိသည့် ပန်းပုရုပ်ထုများမှာ တစ်မျိုးတည်းဖြစ်သည်ဟု သိရသည်။ ယခု ပင်လည်ဘူးမြို့နယ်ရှိ ကတူးရိုးရာမော်တိတ်တံခွန်တိုင်သည် ယခင်က လုံးပတ် ငါးပေ၊ အရှည် ၃၂ တောင်ရှိ အလယ်တိုင်မကြီး တစ်လုံးနှင့် လုံးပတ် ၇ ပေ၊ အရှည် ၁၅ ပေရှိ အရံလက်ခံတိုင် လေးလုံး ဖြင့် စိုက်ထူထားရှိပြီး အရံတိုင်လေးလုံးတွင် "ဆင်စီးမြင်းရံ" အစရှိသည့်ရုပ်ပေါင်းစုံ ပန်းပုလက်ရာများပါရှိကာ ယခုအခါ သက်တမ်းကြာမြင့်လာသဖြင့် ပန်းပုလက်ရာများမှာလည်း ပျောက်ကွယ်ပြီး တံခွန်တိုင်မှာလည်း လေးလုံးသာ ကျန်ရှိတော့သည်။ ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလတွင် ကဒူးရိုးရာ မော်တိတ်တံခွန်တိုင်အား ပြန်လည်ထိန်းသိမ်းသည့်အနေဖြင့် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ထောက်ပံ့ အလှူငွေကျပ် ၃၃ သိန်းနှင့် ပင်လည်ဘူးမြို့နယ် ကျွန်တော်များ ကမ်းလက်အလှူရှင်များ အဖွဲ့နှင့် ဌာနဆိုင်ရာများ၏ စုပေါင်းအလှူငွေကျပ် ၄၈ သိန်းတို့ဖြင့် ကဒူးရိုးရာ မော်တိတ်တံခွန်တိုင်သို့  သွားရာလမ်းနှင့် တိုင်ပတ်လမ်း ကွန်ကရစ်ခင်းခြင်း၊ ကြွေပြားကပ်ခြင်း၊ ခြံစည်းရိုးကာရံခြင်း၊ အဝင်တံတား ဆောက်လုပ်ခြင်း၊  ဇရပ် တည်ဆောက်ခြင်းလုပ်ငန်းများပြီးစီးခဲ့ပါသည်။